တရုတ်က ဖိအားပေးနေပေမယ့် တိုက်ပွဲဆက်ဖြစ်နေ


2019.08.27
bullet-yaypu-gate-622.jpg သိန္နီ-လားရှိုးလမ်းပိုင်း ရေပူစစ်ဆေးရေးဂိတ်မှာ မကွဲဘဲ ကျန်ခဲ့တဲ့ လက်နက်ကြီးတစ်လုံးကို ၂၀၁၉၊ သြဂုတ် ၂၄ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

တရုတ်နိုင်ငံ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှမ်းက ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ AA၊ TNLA၊ MNDAA တိုင်းရင်းသားမဟာမိတ် သုံးဖွဲ့ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ခေါ်ယူတွေ့ဆုံပြီး တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ဖို့ ဖိအားပေးပြောဆိုခဲ့ကြောင်း မဟာမိတ်အဖွဲ့တွေက အတည်ပြု ပြောပါတယ်။

တရုတ်နိုင်ငံက ခေါ်ယူတွေ့ဆုံရာမှာ တိုက်ပွဲတွေရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ အဓိကထား ပြောဆိုခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောပါတယ်။

"ပစ်တာခတ်တာတွေ ရပ်တန့်ပြီးတော့ တွေ့ဆုံဆွေးနွေးကြဖို့ နှစ်ဘက်လုံးကို ဖိအားပေးတာတော့ရှိတာပေါ၊့ တွေ့ဆုံဆွေးနွေးကြဖို့ ပြောတာအဓိက ပါတာပေါ့၊ တရုတ်နယ်စပ်တည်ငြိမ်ရေးကို အဓိကထားပြီး ပြောတာရှိတယ်၊ နောက်တစ်ခုက တရုတ်ပြည်တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားက အောက်တိုဘာ ၁ ရက်နေ့မှာ ရှိနေတာဆိုတော့ ဒီကြားထဲမှာ နယ်စပ်ဒေသ တည်ငြိမ်ရေးကို အဖွဲ့အစည်းအားလုံးက ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ပြောတာတွေရှိတာပေါ့"

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ Bi-Lateral လက်မှတ်ရေးထိုးရေး ဆွေးနွေးပွဲဟာလည်း ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာ ကျင်းပခဲ့ပြီး နောက်ပိုင်း ဒီနေ့အထိ ပြန်လည်တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးတာကိုတွေ့ရပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အမြန်ဆုံးပြန်စနိုင်ဖို့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေက မစ္စတာ ဆွန်းကော့ရှမ်းကို တင်ပြခဲ့တာလည်း ရှိပါတယ်။

TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပဏာမအပစ်ရပ်ရေးမှာ တပ်မတော်က သဘောထားတင်းမာနေတာကို လျော့ချပေးဖို့ တရုတ်အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲမှာ တင်ပြခဲ့ကြောင်း RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ကတော့ လက်ရှိတိုက်ပွဲဖြစ်နေတာကိုရှင်းပြတာပေါ့နော်၊ ဒီတိုက်ပွဲက ကျွန်တော်တို့က ခုခံကာကွယ်စစ်လုပ်တာဖြစ်တယ်၊ အဓိက တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းကလည်း ရခိုင်ဒေသမှာ တိုက်ပွဲတွေ ထိုးစစ်တွေ ရပ်တန့်ပေးဖို့ပေါ့နော်၊ တအာင်းဒေသမှာလည်း စစ်အင်အားတိုးချဲ့တာတွေ ရပ်ပေးဖို့ပေါ့နော်၊ တပ်စခန်းသစ် တည်ဆောက်တာတွေ ရပ်ပေးဖို့၊ ပဏာမ အပစ်ရပ်စဲရေးမှာ တပ်မတော်က တင်းမာနေတဲ့ ရပ်တည်ချက်တွေကို လျှော့ချပြီးမှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကို ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့က တင်ပြထားတာပေါ့"

အခုဆိုရင် တရုတ်နိုင်ငံက တိုက်ပွဲတွေ ရပ်တန့်ဖို့ ဖိအားပေးပြောဆိုခဲ့တာ တစ်ပတ်ကျော်ရှိလာပြီဖြစ်ပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ နေ့စဉ်ရက်စက်ဆိုသလို ဆက်ဖြစ်နေပါတယ်။

တိုက်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ကိစ္စက လက်ရှိအချိန်ထိ တိုးတက်မှုမရှိသေးကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

"ဗမာစစ်တပ်က ထိုးစစ်တွေ ဆက်ပြီးတော့ လုပ်နေမယ်ဆိုရင်တော့ တိုက်ပွဲက ဆက်ပြီးတော့ ဖြစ်နိုင်တဲ့ အနေအထားရှိတာပေါ့၊ ထိုးစစ်တွေ မလုပ်ပဲ ရပ်တန့်လိုက်မယ်ဆိုရင် တိုက်ပွဲက ရပ်တန့်သွားနိုင်တဲ့ အနေအထားရှိတယ်၊ ထူးခြားတဲ့ ဖြစ်ပေါ်တိုးတက်မှုမရှိသေးဘူးလို့ ပြောရမှာပေ့ါ၊ ဘာဖြစ်လို့လည်းဆိုရင် တွေ့ဆုံဆွေးနွေးဖို့အတွက် နေရာကို ညှိနေကြတာတော့ ရှိတယ်လို့ သိရတယ်၊ ဒါပေမယ့် အခုချိန်အထိ နေရာသတ်သတ်မှတ်မှတ်တော့ မဖြစ်သေးဘူး"

တိုက်ပွဲတွေရပ်တန့်ဖို့ တပ်မတော်ကိုလည်း တရုတ်နိုင်ငံက ဖိအားပေးပြောဆိုထားကြောင်း တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေက ပြောပေမယ့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်ကို ဖိအားပေးပြောဆိုတာမရှိကြောင်း ပြောပါတယ်။

"ကျနော်သိသလောက်တော့ ခေါ်ယူပြောဆိုတာ မရှိပါဘူး၊ အခုဖြစ်နေတဲ့နေရာကို ကြည့်လိုက်ပါဗျ၊ တခြား ကျွန်တော်မပြောလိုပါဘူး၊ အခုဖြစ်နေတဲ့နေရာက ပြည်ထောင်စုလမ်းမကြီးမှာ ဖြစ်နေတာ၊ အဲ့မှာဘယ်သူက လုပ်တယ်ဆိုတာ သိပါလိမ့်မယ်၊ ကျွန်တော်တို့ကတော့ ပြည်သူ့အသက် အိုး၊ အိမ်၊ စည်းစိမ်နဲ့ လမ်းပန်းဆက်သွယ်ရေး လုံခြုံရေးကို နှောက်ယှက်ဖျက်စီးနေသမျှတော့ ကျွန်တော်တို့က ကာကွယ်ပေးနေရအုံးမှာပဲ"

တပ်မတော်နဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ သိန်းနီနဲ့ နမ့်ဖတ်ကာမြို့တွေမှာ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်းခဲ့ပါတယ်။

ရှမ်းမြောက်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး တရုတ်-မြန်မာအရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက သူ့အမြင်ကို အခုလို ပြောပါတယ်။

"ချက်ချင်းကြီးတော့ တိုက်ပွဲအရှိန် တိုးလာစရာမရှိပါဘူး၊ ဒါပေမဲ့ တိုက်ပွဲအရှိန် ကျသွားစရာမရှိဘူးလို့လည်း ထင်ပါတယ်၊ နှစ်ဘက်စလုံးကတော့ ထိန်းထိန်းသိမ်းသိမ်း ရှိကြမှာပေါ့နော်၊ တရုတ်ပြောတာအပြင် နောက်တစ်ခုက သတင်းမီဒီယာတွေကလည်း ပွင့်လင်းလာတဲ့အခါကျတော့ ခါတိုင်းလို အစိုးရဘက်ကလည်း အပြင်းအထန်ပြန်တိုက်ဖို့ဆိုတာ သိပ်မလွယ်ဘူးလေ၊ ဒါကြောင့် သိပ်ပြင်းထန်လာစရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်"

သြဂုတ်လ ၁၅ ရက်နေ့ စတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေ တိုက်ပွဲကြောင့် အရပ်သား သေဆုံးသူ ရှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၇ ဦးရှိကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က သြဂုတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။