တရုတ်အစိုးရရဲ့ ဒေါ်လာ ခြောက်သန်းကျော် ကူညီမှု စစ်ကောင်စီ သက်ဆိုးရှည်ဖို့အတွက်ဖြစ်
2021.08.20
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ မြန်မာနိုင်ငံက စီမံကိန်း ၂၁ ခုကို တရုတ်အစိုးရက အမေ ရိကန် ဒေါ်လာ ၆ ဒသမ ၁ သန်းကျော် လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့သြဂုတ်လ ၁၀ ရက်နေ့က တရားဝင် သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒါဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အခုချိန်ထိ ခုနစ်လနီးပါးကာလအတွင်း တရုတ်အစိုးရဘက်က ပထမဆုံး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပြန်စလာတဲ့သဘောဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
တရုတ်ဟာ တစ်ဘက်က နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီကို ကာကွယ်ပေးနေတာဖြစ်သလို တစ်ဘက် မှာလည်း ပြည်တွင်းအခြေအနေတွေ ဘယ်လိုပဲရှိရှိ တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် လုပ်စရာရှိတာကို ဆက်လုပ်မှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။
"စစ်ကောင်စီ အာဏာတည်မြဲရေးအတွက် တရုတ်က နိုင်ငံရေးအရ နိုင်ငံတကာမှာ ကာကွယ်ပေးနေတယ် ဆိုတဲ့ အတွင်းသဘောကတော့ မြန်မာပြည်မှာ တရုတ်ရဲ့လမ်းကြောင်းတစ်ခုက သူ့ရဲ့လုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်ဖို့၊ မဲခေါင်စီမံကိန်း အကောင်အထည်ပေါ်ဖို့ စစ်ကောင်စီနဲ့ဆက်ပြီးတော့ လုပ်ချင် တဲ့စိတ် သူကပြင်းပြတယ်။ အဲတော့ မြန်မာပြည်သူလူထု ဘယ်လောက်ပဲ အုံကြွဆန့်ကျင်မှုတွေရှိနေနေ သူတို့အနေနဲ့ကတော့ မြန်မာပြည်က စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိုတော့ ရတဲ့အခြေ အနေအောက်မှာ တစ်ဆင့်တိုးလုပ်ဖို့၊ အခြေအနေ မတည်ငြိမ်သေးရင်လည်း တည်ငြိမ်တဲ့အချိန်ထိစောင့် ပြီး လုပ်ပိုင်ခွင့်တွေ ရယူထားဖို့အတွက် သူကကြိုးစားနေတာဖြစ်ပါတယ်။"
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဥ်အရ တရုတ်အစိုးရက မြန်မာနိုင်ငံအတွင်းက စုစုပေါင်း စီမံကိန်း ၂၂ ခုကို ထောက်ပံ့ပေးဖို့လျာထားခဲ့ပြီး၊ အခု ၂၀၂၁ ခုနှစ်ထဲမှာ စီမံကိန်း ၂၁ ခုအတွက် အမေရိကန် ဒေါ်လာ ၆ ဒသမ ၁ သန်းကျော်ကို အရင်ဆုံး လွှဲပြောင်းပေးခဲ့တာဖြစ်တယ်။ ကျန်တဲ့စီမံကိန်းတစ်ခုဖြစ်တဲ့ “Bio safety level-3 Lab” တည်ဆောက်ရေး စီမံကိန်းအတွက်ကိုတော့ ပြည်တွင်းလုပ်ငန်းစဉ်တွေ ပြီးသွား တဲ့အချိန်မှာ ထောက်ပံ့ပေးမယ့်အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဩဂုတ်လ ၁၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"သူက ဆက်လုပ်စရာရှိတာလုပ်မှာပဲ။ တရုတ်က စီးပွားရေးအမြင်အရပဲ ကြည့်တာ"
တရုတ်အစိုးရထောက်ပံ့ပေးတဲ့ စီမံကိန်း ၂၁ ခုမှာ လုံခြုံရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်မှု၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ သိပ္ပံနဲ့နည်းပညာ၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေး စတာတွေ ပါဝင်ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းအခြေအနေတွေ မငြိမ်မသက်ဖြစ်နေချိန်မှာ ဒီစီမံကိန်းတွေကို ဘယ်လို လက်တွေ့အကောင်အထည်ဖော်မလဲဆိုတာ အသေးစိတ်သိနိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင် တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့သလို အီးမေးလ်နဲ့ပါ စာရေးသားမေးမြန်းထားပေမယ့် အခုချိန်ထိ တုံ့ပြန်ချက် မရသေးပါဘူး။
လက်ရှိ မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေရှိတာ မှန်ပေမဲ့ ပြည်သူလူထု လက်တွေ့အကျိုးရှိအောင် ဘယ်လောက်ပံ့ပိုးပေးနိုင်မလဲဆိုတာကို စောင့်ကြည့်ဖို့ လိုတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်း က ပြောပါတယ်။
"လက်ရှိတိုင်းပြည်မှာက လိုအပ်ချက်တော့ရှိနေတယ်။ ဒါက တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီ ရောက်နိုင်ရင်တော့ ပြည်သူတွေအတွက် အထောက်အကူရနိုင်တာပေါ့။ ဒါပေမဲ့ တကယ်လိုအပ်ချက်ကို ရောက်နိုင် မရောက်နိုင်ဆိုတာကတော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး။ အသေးစိတ် ဘယ်လိုပုံစံနဲ့ ကူညီမယ်ဆိုတာ မသိတော့ ပြောရခက်တယ်။ ပြည်သူတွေအတွက် အကျိုးရှိတယ် မရှိဘူး ဆိုတာကတော့ ဘယ်လောက်အထိ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မလဲ ဆိုတဲ့အပေါ် မူတည်တယ်။ အခုက ခုမှလက်မှတ်ထိုးတဲ့အဆင့်ပဲရှိသေးတော့ ပြောရတာစောဦးမယ်။"
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် အနောက်နိုင်ငံတွေက စစ်ကောင်စီကို စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်နေချိန်မှာ အိမ်နီးချင်း တရုတ်အစိုးရက မဲခေါင်-လန်ချန်း အစီအစဥ်အရဆိုပြီး စစ်ကောင်စီနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ပြန်စတင်လာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်နေတဲ့ မြန်မာ့နိုင်ငံရေး စစ်ရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော ကတော့ တရုတ်အစိုးရရဲ့ မူဝါဒတွေ ဘယ်လိုပဲရှိရှိ မြန်မာပြည်သူတွေအနေနဲ့ စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်နေဖို့ လိုအပ်တယ်လို့ မှတ်ချက်ပေးပါတယ်။
“တရုတ်က မြန်မာပြည်ငြိမ်းချမ်းဖို့ သူ့အတွက် တော်တော်အရေးကြီးတယ်။ သူ့အကျိုးပါပါတယ်လေ။ သူ့ရဲ့စီမံကိန်းတွေအကုန်က မြန်မာပြည်ကြီး တည်ငြိမ်မှ လုပ်လို့ရမှာကိုး။ ဒါကို သူက ဆက်လုပ်စရာရှိတာ လုပ်မှာပဲ။ တရုတ်က စီးပွားရေးအမြင်အရပဲကြည့်တာ။ အစိုးရတစ်ရပ်ဟာ ပြည်သူလူထုက ထောက်ခံ လား၊ မထောက်ခံလားဆိုတာ ကိုယ့်ပြည်သူတွေရဲ့ တာဝန်ပဲ။ အစိုးရချင်းဆက်ဆံရေးကိုပဲ အဲဒီအစိုးရနဲ့ စီးပွားရေးအရ ဆက်ဆံတာကိုပဲ သူဆက်လုပ်မှာပဲ။ ဒါကို ကျမတို့ နိုင်ငံရေးအရ လက်မခံဘူး။ နည်းနာ ပေါင်းစုံနဲ့ ဆန့်ကျင်ဖို့ ပြုတ်ကျအောင်လုပ်ဖို့က ကျွန်မတို့ပြည်သူတွေတာဝန်ပဲ။”
တရုတ်အစိုးရက စစ်ကောင်စီကို ကူညီထောက်ပံ့ပေးနေတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် Mr. Li keqiang က အဆိုပြုခဲ့တာဖြစ်ပါတယ်။
အဲဒီအဆိုပြုချက်အရ မဲခေါင်ဒေသတွင်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုကွာဟချက်ကို လျော့ချဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ မဲခေါင်းမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ မြန်မာ၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် စတဲ့ ခြောက်နိုင်ငံ ပါဝင်ပြီး ၂၀၁၆ မှာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။