မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်ဆက်ဆံရေး
2023.03.18
အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျန်းဟာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တဲ့အတွက် စစ်အာဏာသိမ်း ဆန့်ကျင်သူတွေနဲ့ ပြည်သူတွေအကြား မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။
လူနည်းစု တိုင်းရင်းသားတွေ အနေနဲ့ ဗမာပြည်မနဲ့ အလုံးစုံ ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် လူနည်းစု တိုင်းရင်းသားတွေရဲ့ အင်အားနဲ့ အစွမ်းအစကိုသာ အားကိုးရမှာ ဖြစ်တယ်ဆိုတဲ့ အချက်လည်း ပါဝင်လာပါတယ်။
FPNCC အဖွဲ့မှာ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ခေါ် မိုင်းလား တို့ဟာ တရုတ်နိုင်ငံရဲ့ ဖိအားတွေရှိနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက “မြောက်ပိုင်းညီနောင် ခုနစ်ဖွဲ့က တရုတ်နဲ့တကယ်ကို ရင်းနှီးတဲ့ဆက်ဆံရေး နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေတယ်ဆိုတဲ့ဟာက ထင်ရှားတယ် တရုတ်နဲ့ အဲခုနစ်ဖွဲ့က နိုင်ငံရေးအရကော နယ်မြေလုခြုံရေးအရကော စီးပွားရေးတခြားလူမှုရေး ကဏ္ဍပေါင်းစုံမှာ သူတို့က အကျိုးတူပူးပေါင်းတဲ့ ကိစ္စကိုတိုးမြှင့် ဆောင်ရွက်သွားဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ဟာကို ဝန်ခံလိုက်သလိုဖြစ်တယ် နောက်တစ်ခုက ငြိမ်းချမ်းရေးနဲ့ ကိစ္စမှာ တရုတ်ရဲ့ ဦးဆောင်မှုကို တောင်းဆိုထားတဲ့သဘောမျိုးဖြစ်နေတယ် တရုတ်ရဲ့ လွှမ်းမိုးမှုနဲ့ တရုတ်ရဲ့ ဩဇာကို လိုက်နာလိုမှု သဘောဆောင်တဲ့ ဖြစ်နေတော့ သတိထားပြီး ကြည့်ရမယ့် ကိစ္စပဲ ဖြစ်တယ်။”
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နီးစပ်သွားမှာကို တရုတ်နိုင်ငံက မလိုလားဘူးလို့လည်း သူက သုံးသပ်ပါတယ်။
“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ လားရှိုးမြို့အခြေစိုက် ၀ ဆက်ဆံရေးရုံးတာဝန်ရှိသူ ဦးညီရမ်းကလည်း မြောက်ပိုင်းအဖွဲ့တွေဟာ တရုတ်ပြည်နဲ့ နီးစပ်တဲ့ နယ်စပ်ဒေသမှာ နေထိုင်နေရတာ ဖြစ်တဲ့အတွက် အပြန်အလှန်လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။
“သိတဲ့အတိုင်းပဲလေ ကျနော်တို့နယ်စပ်ဒေသမှာ နေတယ်ဆိုတော့ ကျွန်တော်တို့ ကင်းကွာလို့မှ မရဘူးရော အပြန်အလှန်လိုအပ်မှု ရှိနေတာပဲလေ နိုင်ငံရေး အခြေအနေပြည်တွင်းရေး အခြေအနေက ထိလွယ်ရှလွယ်တဲ့ အချိန်ဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့ အနေနဲ့ ထွေထွေထူးထူးတော့ မှတ်ချက် မပေးလိုဘူးနော်။”
တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက မတ်လ ၁၅ နဲ့ ၁၆ ရက် နှစ်ရက်ကြာ တွေ့ဆုံပြီး အချက် ခုနစ်ချက်ပါတဲ့ ကြေညာချက်တစ်စောင်ထုတ်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ မြန်မာပြည်တွင်း ပဋိပက္ခတွေပြေလည်ဖို့ တရုတ်နိုင်ငံကြားဝင် ဆောင်ရွက်တာကို ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြည်မနဲ့ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လူနည်းစုတိုင်းရင်းသားတွေရဲ့ အင်အားနဲ့ အစွမ်းအစတွေကိုသာ အားကိုးကြရမှာဖြစ်တယ်ဆိုတဲ့ အချက်ပါဝင်သလို နယ်စပ်ဒေသတည်ငြိမ်ဖို့ တရုတ်အစိုးရနဲ့ ဆက်လက် လက်တွဲလုပ်ကိုင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
FPNCC ရဲ့ လမ်းကြောင်းဟာ တရုတ်ချပေးလိုက်တဲ့ လမ်းကြောင်း တစ်ခုဖြစ်တယ်လို့ တရုတ်အရေး လေ့လာသူ ဦးအေးမောင်ကျော်က ပြောပါတယ်။

“သူတို့ကတော့ တရုတ်ရဲ့ကျေးဇူးတွေ အများကြီးရှိတယ် တရုတ်သဘောထားကို သူတို့အနေနဲ့ အလေးထားဖို့ လိုတယ်ဆိုတာမျိုး ပြောတာတွေ ရှိတယ်။ ဒီ FPNCC ရဲ့ လမ်းကြောင်းက တရုတ်ချပေးတဲ့ လမ်းကြောင်း ဖြစ်နေတယ်လို့ ကျနော်တို့က ထင်နေခဲ့တယ် အခုလည်း အဲတိုင်းဖြစ်တာပဲ ဖက်ဒရယ်ဒီမိုကရေစီ သွားတဲ့ နေရာမှာ လူနည်းစု တိုင်းရင်းသားတွေရဲ့ အစွမ်းအစ အားကိုးပြီးတော့ လုပ်ရမယ်ဆိုတဲ့တစ်ကြောင်းပါတယ် အဲဒီ အဓိပ္ပါယ်ကို နည်းနည်းထပ်ပြီး စဉ်းစားကြဖို့ လိုတယ်အဲဒါက လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာပြည်တွင်း အခြအနေနဲ့ မတည့်တော့ဘူး ဘယ်လောက်အတိုင်းအတာထိ လှုပ်ရှားလို့ ရလဲဆိုတာတွေက စဉ်းစားစရာတွေ ဖြစ်လာတယ်။”
မြန်မာ့အရေးနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးတစ်ခုတည်းမဟုတ်ဘဲ ကိစ္စတော်တော်များများမှာ အရေးပါနေတယ်လို့ ပြောပါတယ်။
တရုတ်ပြည်အနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေမယ့် နောက်ဆုံးမှာတော့ တိုက်ပွဲတွေက ပြန်ဖြစ်တတ်ကြတယ်လို့ ဦးနေဝင်းလက်ထက် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးပွဲ ရလဒ်တွေနဲ့ နှိုင်းယှဉ်ပြီး နိုင်ငံရေးလေ့လာသုံးသပ် ဦးရဲထွန်းက မှတ်ချက်ပြုပါတယ်။
“တရုတ်ပြည်ကွန်မြူနစ်ပါတီက တိန်းရှောင်ဖိန် တက်လာပြီးတဲ့အခါမှာ စီးပွားရေးတွေ လုပ်ချင်တယ် သူ့တိုင်းပြည်ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်စေချင်တယ် အဲလိုဆိုတဲ့အခါကျတော့ သူကနယ်စပ်တွေမှာ တံခါးပြန်ဖွင့်ချင်တယ်ဆိုတဲ့ အခါကျတော့စီးပွားရေး လုပ်ငန်းတွေ လုပ်ချင်တဲ့အခါ ကျတော့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်စေချင်လို့ သူကဒါကို နိုင်ငံရေးအရ ရှင်းပြပြီးတဲ့ အခါမှာ ကျတော့ ဆွေးနွေးခိုင်းတာပေါ့ သို့သော် အသေးစိတ်တွေမှာတော့ ဝင်မပါဘူး အဲဒီအခါ ဘာဖြစ်လာလဲဆိုတော့ ကာယကံရှင်တွေက တစ်ဖက်နဲ့တစ်ဖက် မယုံကြည်ဘူး သူပြောဟာကို ငြင်းလို့လည်း မကောင်းတဲ့အခါကျတော့ တွေ့ပါမယ် ဆွေးနွေးပါမယ် ဆိုပြီးတော့ လက်ခံလိုက်တယ် ဒါပေမယ့် တကယ်တမ်းဆွေးနွေးတဲ့ အခါကျတော့ သူတို့နှစ်ဖက်က ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ ဦးနေဝင်းအစိုးရဘက်နဲ့ နှစ်ဖက်စလုံးက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုမရှိတဲ့ အခါကျတော့ ဒီအစည်းအဝေးက ရက်တိုတိုနဲ့ပျက်သွားရော နောက်ပြီးတော့ တိုက်ပွဲတွေ ပြန်ကြတာပေါ့နော်။”
သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က တရုတ်အနေနဲ့ နယ်စပ်ဒေသမှာ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ် ဩဇာလွှမ်းမိုးမှု ရှိတာမှန်ပေမယ့် အကိုင်အတွယ်မတတ်ရင် ဒုက္ခရောက်သွားနိုင်တယ်လို့ ထောက်ပြပါတယ်။

“တရုတ်နဲ့ ဆက်စပ်နေတဲ့ EAO တော်တော်များများက တရုတ်ရဲ့လွှမ်းမိုးမှု မကင်းဘူးဆိုတာ သာမာန်အားဖြင့်တော့ ကောက်ချက်ချလို့ ရတာပေါ့ ဒါပေမဲံ တကယ်တမ်း ပြောရပြန်ရင်လည်း အဲဒီကိစ္စဟာ တရုတ် ကသူတို့အပေါ်မှာလွှမ်းမိုးပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံရေးကို ထိန်းချုပ်နိုင်မလားဆိုတဲ့ မေးခွန်းမျိုးကျတော့ အဲလိုမျိုးကျတော့လည်း ပြောလို့မရဘူး ဘာ့ကြောင့်လဲဆိုတော့ နှစ်နိုင်ငံရဲ့ နယ်စပ်ကြားထဲမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ရှိနေတယ်ဆိုတာက တစ်နိုင်ငံလုံးအတွက် ပြဿနာ ရှိတယ် အဲဒါကဘာနဲ့တူလဲဆိုတော့ နှစ်ဖက်သွားဓါးလိုပဲ အကိုင်အတွယ်မတတ်လို့ရှိရင် ကိုယ်တိုင် ပြရှနိုင်တဲ့ အနေအထားရှိတယ်ပေါ့ တရုတ်က EAO တွေကို Buffer (ကြားခံ) ခံပြီးတော့ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဖိအားပေးဖို့၊ စစ်ရေးအရဖိအားပေးဖို့ စဉ်းစားခဲ့မယ်ဆိုရင်တောင် ဒါသည်တစ်ချိန်ချိန်မှာသူ့အတွက် အန္တရာယ်ပြန် ဖြစ်လာနိုင်တဲ့ အနေအထားအများရှိလာမယ်။ ”
FPNCC ကြေညာချက်နဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေရှိနေတဲ့အပေါ် အဖွဲ့ဝင်ဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ သဘောထားမှတ်ချက် ပေးဖို့မရှိဘူးလို့ တုံ့ပြန်ပါ တယ်။
“အဲဒီ FPNCC အစည်းအဝေးနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ အင်တာဗျူး မလုပ်ဘူးခင်ဗျ ဘာ့ကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ လိုင်ဇာဌာနက သူတို့လည်း ကျွန်တော်တို့ဆီမှာ အထူးအကြောင်းကြားတာတွေ ရှင်းပြတာတွေ မရှိသေးဘူး ထုတ်ပြန်ကြေညာချက်လောက်ပဲ ကျွန်တော်တို့ သိပါတယ်။ ဒါ့ကြောင့် အဲဒါနဲ့ ပတ်သက်လို့ ပိုပြီးရှင်းရှင်းလင်းလင်း ဖြစ်အောင်ကတော့ အစည်းအဝေး အဖွဲ့ပါတဲ့အဖွဲ့တွေကို မေးမှ အဆင်ပြေမယ် ကျွန်တော်တို့ကတော့ သဘောထားမှတ်ချက်တွေကို လောလောဆယ် ဘာမှလုပ်ထားတာ မရှိဘူးခင်ဗျ။”
တရုတ်ပြည်နယ်စပ်မှာ တိုက်ပွဲတွေမရှိဘဲ ဖားကန့်မှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေတာဟာ တရုတ် ကိုယ်စားလှယ်နဲ့ သက်ဆိုင်မှု မရှိဘူးလို့ KIA ပြန်ကြားတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အခုလိုတွေ့ဆုံ တာဟာ ကောင်းမွန်တဲ့ အခြေအနေဖြစ်သလို တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဟာ စစ်ကောင်စီနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်တယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇော်က သုံးသပ်ပါတယ်။
“အခုတိုင်းရင်းသားတွေက စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ထောင်ဖို့ တိုက်ပွဲဝင်နေတယ် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရဖို့အတွက် ကြိုးစားနေကြတယ် ဒါကတိုင်းရင်းသားတွေရဲ့ ဘုံရည်မှန်းချက် စစ်ကောင်စီက အဲဒီရည်မှန်းချက်နဲ့ ပြောင်းပြန် တိုင်းရင်းသားပြည်သူလူထုတွေကို သတ်ဖြတ်နှိပ်စက်ပြီးတော့ သူတို့ရဲ့ အိုးအိမ်တွေကို ဖျက်ဆီးပြီးတော့ မီးရှို့နေကြတယ် အဲတော့ အာဏာရှင်စနစ်နဲ့ သွေးခွဲပြီး အုပ်ချုပ်ဖို့အတွက် လုပ်ကိုင်နေကြတယ် ကျွန်တော်တို့တတွေက တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်ကောင်စီနဲ့က ပြဒါးတစ်လမ်း သံတစ်လမ်း ရည်မှန်းတွေက ကွာနေတယ် ကျွန်တော်တို့ရဲ့ ဘုံရည်မှန်းချက်ကို အတူတကွ လက်တွဲပြီးတော့ ဆောင်ရွက်ခြင်းအားဖြင့် အားလုံးလိုချင်တဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။”
တရုတ်အထူးကိုယ်စားလှယ်ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ တရုတ်နယ်စပ်က မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တစ်ဖွဲ့ချင်း တွေ့ဆုံခဲ့ကြပြီး မတ်လ ၆ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။
FPNCC အဖွဲ့တွေဖြစ်တဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ရက္ခိုင့်တပ်တော် (AA) ၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ခေါ် မိုင်းလားတို့ရဲ့ အစည်းအဝေးအပြီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့တွေနဲ့ သဘောတူချင်း တိုက်ဆိုင်မှု ဘယ်လောက်ရှိမယ်ဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။