မြန်မာကို တရုတ်နဲ့ ရုရှား သြဇာလွှမ်းမိုးနိုင်ကြောင်း အစီရင်ခံစာတွေ ထောက်ပြ

2021.10.26
မြန်မာကို တရုတ်နဲ့ ရုရှား သြဇာလွှမ်းမိုးနိုင်ကြောင်း အစီရင်ခံစာတွေ ထောက်ပြ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်သာမြစ်ရေ မြင့်တက်လာတာကြောင့် ‌ရေကြီးနေတာကို ၂၀၂၁၊ အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: RFA

အပူချိန်မြင့်တက်တာနဲ့ ရာသီဥတုပြင်းထန်တဲ့ ဒဏ်ကြုံတွေ့နေရတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဟာ ကာလရှည်ကြာ ခြိမ်းခြောက်ခံရတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ပိုဆိုးဝါးစေမှာဖြစ်ပြီး လုံခြုံရေးအတွက် အန္တရာယ်အရှိဆုံး ၁၁ နိုင်ငံမှာ မြန်မာနိုင်ငံ ပါဝင်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက သတိပေးလိုက် ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်၊ ထောက်လှမ်းရေးအဖွဲ့အစည်းတွေနဲ့ ပင်တဂွန် စစ်ဌာနချုပ်တို့က ထုတ်ပြန်တဲ့ အကဲခတ်ချက်တွေမှာ မိုးခေါင်တာနဲ့ တခြားရာသီဥတု ပြင်းထန်တာတွေကြောင့် ပဋ္ဋိပက္ခတွေ ဖြစ်ပြီး ကိုယ့်ဒေသ၊ ကိုယ့်နေရာမှာ ဘယ်လိုနည်းနဲ့မှ နေထိုင်လို့ မဖြစ်နိုင်တော့တဲ့အတွက် လူတွေ နေရပ်က ရွှေ့ပြောင်းရမယ့်အကြောင်း ရေးသားထားတယ်လို့ Washington Post သတင်းစာ က ဒီလ ၂၁ ရက်က ဖော်ပြပါတယ်။

ဒီလို ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ် ကျရောက်လို့ ဖြစ်ဖြစ် အလွှာစုံကလူတွေ အကြီးအကျယ်ထိခိုက်မှာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ အစဉ်တစိုက် ဆောင်ရွက် နေတဲ့ စိမ်းရောင်စို သဘာဝအစိမ်းအဖွဲ့ ဦးဆောင်သူ ဦးမောင်မောင်ဦးက စိုးရိမ်နေတာပါ။

မြစ်ဝှမ်းဒေသမှာ နေထိုင်နေသူတွေ၊ တောတောင်ကို ဖက်တွယ်နေသူတွေနဲ့ မြို့ပြက အောက်ခြေ လူတန်းစား အလွှာတွေဟာ အများဆုံး ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။ ရာသီဥတု ပြောင်းလဲတာဟာ လူ့အဖွဲ့အစည်း ကမောက်ကမဖြစ်ပြီး အစိုးရတွေအခြေမခိုင် ဖြစ်ရမယ်လို့ ရာသီဥတုဆိုင်ရာ NIE National Intelligence Estimate အမျိုးသားထောက်လှမ်းရေး ခန့်မှန်းချက်က သတိပေးပါတယ်။

အထူးအန္တရာယ်ကြီးမားတဲ့ ၁၁ နိုင်ငံကို NIE က ဖော်ပြတဲ့ထဲ မြန်မာနိုင်ငံ ပါဝင်ပြီး အာဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ အီရတ်၊ မြောက်ကိုရီးယား၊ Nicaragua နဲ့ ပါကစ္စတန်တို့လည်း အန္တရာယ်ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပက ဒီကိစ္စအတွက် မဟာဗျူဟာ မချမှတ်ရင် လူတွေ အစုလိုက် ပြောင်းရွှေ့ ရတာနဲ့ ဆက်စပ်ပေါ်ပေါက်တဲ့ နိုင်ငံရေး မငြိမ်မသက်မှုဖြစ်ပွားတဲ့ နိုင်ငံတွေကို တရုတ်၊ ရုရှားနဲ့ တခြား နိုင်ငံတွေက တိုက်ရိုက်အထောက်အပံ့ပေးပြီး သြဇာလွှမ်းမိုးဖို့ ကြိုးစားနိုင်တယ်လို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လူသုံးကုန်ပစ္စည်းကစလို့ တရုတ်နဲ့ မလွတ်တာကို  ဦးမောင်မောင်ဦးက ထောက်ပြပါတယ်။

ရုရှားနိုင်ငံက မြန်မာနိုင်ငံနဲ့ အလှမ်းဝေးလို့ အဆက်အစပ်ရှိတာ အရင်က သိပ်သတိမထားမိဘဲ ၂၀၁၅ ကစလို့ စစ်တပ်နဲ့ ဆက်စပ်လာတာကို သိရပေမယ့် အသေးစိတ်မသိရဘူးလို့ ပြောပါတယ်။

စီးပွားရေးလုပ်တယ်လို့ပဲ သိထားရပြီး ခုဆို ရုရှား ရုရှားနဲ့ ကျယ်ကျယ် လောင်လောင်ကြားရတယ်လို့ ဆိုပါတယ်။ သမိုင်းမှာ ရုရှားနဲ့ ပတ်သက်တဲ့ နိုင်ငံတိုးတက်သွားတယ်ဆိုတာ မကြားဖူးသလောက်ပဲလို့လည်း ပြောပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ငါးဖမ်းလုပ်ငန်းတွေ ပျက်ပြားတာဟာ စားနပ်ရိက္ခာ ဖူလုံရေးအတွက် ပဋ္ဋိပက္ခ ဖြစ်ပွားနိုင်တယ်လို့ သတိပေးပါတယ်။ ကြိုတင်ခန့်မှန်းလို့မရတဲ့ မိုးရွာသွန်းမှုကြောင့် နိုင်းမြစ်လို မဲခေါင်မြစ်လို နိုင်ငံနယ်နိမိတ်တွေ ဖြတ်သန်းတဲ့ မြစ်ရေရရှိဖို့ တင်းမာမှု တွေများလာနိုင်တယ်လို့ ပြောပါတယ်။

မဲခေါင်မြစ်ဟာ ခြောက်နိုင်ငံကို ဖြတ်စီးလို့ ခြောက်နိုင်ငံက နယ်နိမိတ် အပိုင်းအခြားလိုက်ပိုင်ပြီး မြန်မာ တစ်နိုင်ငံတည်းပိုင်တဲ့ ဧရာဝတီမြစ်မှာတော့ ငါး ရှားနေပါပြီ။

ဟင်းစားငါးတောင် မရဘူးလို့ ဦးမောင်မောင်ဦးကို ဒေသခံတွေကရော၊ တံငါသည်တွေက ပြောပါတယ်။ အသက် ၇၃ နှစ်အရွယ်အဖိုးကလည်း သူ့တစ်သက်မှာ ဒါမျိုး တစ်ခါမှမကြုံဖူးဘူးလို့ ပြောတယ်လို့ ဆိုပါတယ်။ မြစ်အထက်မှာ ဥပဒေမဲ့ ရွှေတူးဖော်နေတာတွေကြောင့်လည်း မြစ်သဘာဝပျက်ရတယ်လို့ ထောက်ပြပါတယ်။

သတ္တုတွေနဲ့ ဆက်စပ်လို့လည်း ပင်တဂွန်စစ်ဌာနချုပ် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ကြိုးပမ်းတာတောင် လျှပ်စီးပတ်လမ်းနဲ့ ရေ၊ ရေနွေးငွေ့၊ လေ စီးအားကို စွမ်းအင်ပြောင်းဖို့ စီမံတဲ့ တာဘိုင်တွေ၊ ရဟတ်ဘီးတွေလုပ်ဖို့ လိုအပ်တဲ့ မြေရှားဒြဗ်စင် ရရှိဖို့လည်း မရည်ရွယ်ဘဲ ပဋ္ဋိပက္ခ ဖြစ်ပွားနိုင်တယ်လို့ သတိပေးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။