စစ်တပ်ပိတ်ဆို့မှုကြောင့် ချင်းဒေသခံနှစ်သိန်းနီးပါး စားနပ်ရိက္ခာ အခက်ကြုံ

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်း လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ ဒေသတွေဆီ ဆေးဝါး၊ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တင်သွင်းမှုကို ကန့်သတ် ထားလို့ ပလက်ဝ၊ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေက ဒေသခံတွေ စားနပ်ရိက္ခာရှားပါးမှုနဲ့ ကြုံတွေ့နေပါတယ်။
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို စစ်တပ်က အင်အား သုံးဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့နောက် ၂၀၂၁ ခုနှစ်ဧပြီလကစလို့ ချင်းပြည်နယ်မှာ အရပ်သား လက်နက်ကိုင်ခုခံမှုတွေ ပေါ်ပေါက်ခဲ့တာပါ။
ဒီခုခံမှုတွေကို အင်အားချိနဲ့စေဖို့ စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက်လမ်းတွေကို ပိတ်ဆို့ပြီး ဆေးဝါး၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း တင်သွင်းတာတွေကို ၂၀၂၁ ခုနှစ် ဇူလိုင်လနောက်ပိုင်းထဲက ချင်းပြည်နယ်က မြို့နယ်တစ်ခုပြီးတစ်ခုကို ကန့်သတ်လာတယ် လို့ ဒေသခံတွေက ပြောပါတယ်။
"ငါးပိ၊ ငါးခြောက်တွေ သယ်လို့မရတော့ဘူး။ သယ်တဲ့သူတွေ တွေ့ရင်ဖမ်းဆီး အရေးယူတာတွေရှိနေတယ်ဗျ”
ပလက်ဝ၊ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေက ဒေသခံတွေ အဓိက စားနပ် ရိက္ခာရှားပါးမှုနဲ့ ကြုံတွေ့လာတာပါ။ ၂၀၁၄ ခုနှစ် လူဦးရေနဲ့ သန်းခေါင်စာရင်းအရ ဒီမြို့နယ်လေးခုမှာ ဒေသခံ ၁၉၁,၁၆၈ ဦးနေထိုင်ပါတယ်။
ချင်းပြည်နယ်တောင်ဘက်စွန်းဒေသ ပလက်ဝမှာ ဒီနှစ် ဇူလိုင်လကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်က အောက်တိုဘာလ ၁ ရက်ကစလို့ ပလက်ဝဒေသကို ကုန်စည်စီးဆင်းမှု လုံးဝပိတ်ပင်လိုက်တာလို့ ပလက်ဝ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပလက်ဝမှာ ကုန်စည်စီးဆင်းမှုကို လုံးဝပိတ်ထားတာပေါ့။ လုံးဝပိတ်ထားတယ် အဝင်အထွက် မရဘူး။ ဒီလ အောက်တိုဘာလ ၁ ရက်နေ့ကနေ စပိတ်တာဖြစ်တယ်။ အရင်ကဆို ပိတ်ထားတယ်ဆိုပေမယ့် တစ်ပတ်မှာ တစ်ကြိမ်လောက် နှစ်ကြိမ် လောက်တော့ သင်္ဘောတွေလာတယ်။ အခုက လာလည်းမလာတော့ဘူး ကုန်စည် စီးဆင်းမှုတွေလည်း မရှိတော့ဘူး”
ပလက်ဝဒေသကိုသွားဖို့ ရခိုင်ပြည်နယ်ကနေလာတဲ့ ကုလားတန်မြစ်ရေကြောင်းလမ်းနဲ့ ပွင့်လင်းရာသီမှ သွားလာလို့ရတဲ့ ပလက်ဝ - မတူပီကုန်ကားလမ်း နှစ်ခုပဲရှိပါတယ်။ စစ်ကောင်စီတပ်က ဒီလမ်းနှစ်ခုစလုံးကို ပိတ်ဆို့ထားပါတယ်။
လက်ရှိပလက်ဝမှာ စက်သုံးဆီတစ်လီတာ ခုနစ်ထောင်ကျပ်၊ ကြက်ဥနှစ်လုံး တစ်ထောင် ကျပ်၊ ဆန်ကြမ်းတစ်အိတ် ခုနစ်သောင်းကျပ်နဲ့ ဝယ်ယူနေရပါတယ်။
ပလက်ဝ -ကျောက်တော် ရေကြောင်းလမ်းကို ပြန်ဖွင့်ပေးဖို့ ပလက်ဝမြို့က စစ်ကောင်စီ ခလရ ၂၈၉ တပ်ရင်းကို ဘာသာရေး အသင်းအဖွဲ့တွေနဲ့ မြို့မိမြို့ဖတွေက အောက်တိုဘာ ၂၄ ရက်မှာ စာရေးသားတောင်းဆိုခဲ့ပေမယ့် အကြောင်းမထူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်မြို့ကိုလည်း စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ဇွန်လနောက်ပိုင်း ကုန်ပစ္စည်း သယ်ယူခွင့်တွေ ကန့်သတ်ပိတ်ဆို့ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလမှာ မင်းတပ်မြို့နယ် အတွင်း အရပ်သား လက်နက်ကိုင်ခုခံမှုတွေ ပေါ်ပေါက်လာပြီးနောက် အခုလို ကန့်သတ်ခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့အတွင်း စားနပ်ရိက္ခာသယ်ယူသူတွေကို ဖမ်းဆီးစစ်ဆေး တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိက ကျနော်တို့မှာ အခုချိန်ထိကတော့ လွတ်လွတ်လပ်လပ် ကုန်ပစ္စည်းသယ်လို့ မရသေးဘူးပေါ့နော်။ မနှစ်ဇွန်လတုန်းက စပြီးပိတ်ဆို့တာပေါ့နော်။ အခုက ပိတ်ဆို့ ကန့်သတ်တာ ပိုများလာတယ်။ အခုက ဆန်နဲ့ ဆားထုတ်တွေ သယ်လို့မရတော့ဘူး။ ငါးပိ၊ ငါးခြောက်တွေ သယ်လို့မရတော့ဘူး။ သယ်တဲ့သူတွေ တွေ့ရင်ဖမ်းဆီး အရေးယူတာတွေရှိနေတယ်ဗျ”
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မင်းတပ်မြို့မှာ လူဦးရေ ၄၆,၀၀၀ ကျော်နေထိုင်ပြီး တိုက်ပွဲတွေကြောင့် အရပ်သားတစ်သောင်း (၁၀၀၀၀) နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေး နေပါတယ်။
အလားတူပဲ မတူပီမြို့ရဲ့ ဝင်ထွက်ဂိတ်အားလုံးကနေ ကုန်ပစ္စည်းသယ်ယူခွင့်ကို ဒီနှစ် စက်တင်ဘာလကစလို့ စစ်ကောင်စီတပ်က ပိတ်ဆို့ကန့်သတ်ခဲ့ပါတယ်။
ဒီလိုပိတ်ဆို့ထားတဲ့အတွက် မတူပီမြို့မှာ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ရှားပါးနေပြီး ကုန်ဈေးနှုန်း အဆမတန်ကြီး မြင့်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပတူပီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပေါက်မြို့နယ် သရက်တောဂိတ်မှာ စစ်ကောင်စီဘက်က ပစ္စည်းတွေ အတင်းအဓ္ဓမ ချခိုင်းတာ များတယ်။ ရိုင်းတာပေါ့။ ဒီလိုဟာမျိုး ပစ္စည်းတွေလုတဲ့အတွက် ကုန်ကားတွေ မလာရဲတော့ဘူး။ အရင်တုန်းက တစ်လလောက်ကိုပိတ်တာ။ ပိတ်တဲ့အချိန်မှာ လုံးလုံး ကို ကုန်ပစ္စည်းတွေစီးဆင်းတာ မရှိဘူး။ ကုန်ဈေးနှုန်းတွေ တက်လာတယ်။ အဆမတန် ဈေးတွေလည်းမြင့်လာတယ်။ ဥပမာ ဓာတ်ဆီဆိုရင် ငါးဂါလံကို တစ်သိန်းနှစ်သောင်း ထိရောက်တယ်။ အဲလိုမျိုးတွေ ဖြစ်ကုန်တာ”

မတူပီမြို့နယ်အတွင်း လူဦးရေ ခြောက်သောင်းနီးပါးရှိပြီး တိုက်ပွဲတွေကြောင့် ဒေသခံ ကိုးထောင်နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
လူဦးရေ နှစ်သောင်းကျော်ရှိပြီး အဲဒီထဲက တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေး နေရတဲ့ ကန်ပက်လက်မြို့နယ်ကိုလည်း စစ်ကောင်စီတပ်က ကန့်သတ်ထိန်းချုပ်ထားလို့ ရိက္ခာပြတ်လပ်မှုတွေ ရှိနေတယ်လို့ ကန်ပက်လက်ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ချင်းပြည်နယ်က မြို့နယ်လေးခုကို အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်သယ်ယူခွင့် ပိတ်ပင်ထားတာနဲ့ပတ်သက်လို့ ချင်းပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ချင်းလူ့အခွင့်အရေးအဖွဲ့ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး ဆလိုင်းဇအုပ်လိန်းကတော့ စစ်ကောင်စီဟာ ချင်းပြည်နယ်က အရပ်သားတွေကို စားနပ်ရိက္ခာဖြတ်တောက်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာလို့ ဝေဖန်ပါတယ်။ စစ်ကောင်စီတပ်ကို နိုင်ငံတကာ စစ်ခုံရုံးမှာ အရေးယူနိုင်ဖို့ ချင်းလူ့အခွင့်ရေးအဖွဲ့က ဒီလိုအချက်အလက်တွေကို မှတ်တမ်း တင်ထားတယ်လို့လည်း သူက ပြောပါတယ်။