ချင်းလွှတ်တော် ကိုယ်စားလှယ်ကို ပြန်လွှတ်ပေးဖို့တောင်းဆို
2019.11.08

ရက္ခိုင့်တပ်တော် AA က ချင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထားတာဟာ ဒီနေ့နဲ့ဆိုရင် တစ်ပတ်ခန့်ရှိနေပြီ ဖြစ်ပါတယ်။ ချင်းအရပ်ဖက်အဖွဲ့တွေနဲ့ လွှတ်တော်က ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် ( AA ) တို့ရဲ့ တိုက်ပွဲကာလအတွင်း အရပ်သားနဲ့ အစိုးရ ဝန်ထမ်းတွေကို အေအေအဖွဲ့က ခေါ်ယူစစ်ဆေးနေတာတွေရှိပြီး လွှတ်တော်အမတ်ကို ဖမ်းဆီးခေါ်ဆောင်သွားမှုကတော့ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ချင်းလူမျိုးတစ်ယောက်ဖြစ်တဲ့ ဦးဝှေ့တင်းဟာ ချင်းပြည်နယ်ထဲက အကြီးဆုံးမြို့ဖြစ်တဲ့ ပလက်ဝမြို့ထဲက ရွာပေါင်း ၅၀ ကျော်ရဲ့ လူဦးရေ သုံးသောင်းခန့်က မဲပေးရွေးချယ်တင်မြှောက်ခဲ့တဲ့ ကိုယ်စားလှယ် တစ်ယောက်ဖြစ်ပါတယ်။
ဦးဝှေ့တင်းကို ဖမ်းဆီးထားမှုမှာ ပလက်ဝမြို့အတွင်းနေထိုင်တဲ့ ချင်းနဲ့ ရခိုင်တိုင်းရင်းသားတွေကြား မယုံကြည်မှုနဲ့ နားလည်မှုလွဲမှားမှုတွေ ပိုဖြစ်လာစေနိုင်တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဗဟိုချင်းလူငယ်အဖွဲ့ချုပ်က အောက်တိုဘာ ၇ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
ချင်းနဲ့ ရခိုင်ဆိုတာ အဖိနှိပ်ခံတိုင်းရင်းသားတွေ ဖြစ်တာကြောင့် ဒီလူမျိုးနှစ်ခုကြားမှာ ယုံကြည်မှု နားလည်မှုတွေ လွဲမှားခြင်းတွေကြောင့် လူမျိုးရေးပြဿာနာ မဖြစ်စေချင်တဲ့အတွက်ကြောင့် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်လို့ ဗဟိုချင်းလူငယ်အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဆလိုင်းထန်းလွန်းက ပြောပါတယ်။
“ဒီကိစ္စတွေကြောင့် ချင်းနဲ့ ရခိုင် အမုန်းပွားဖို့ ပြဿနာဖြစ်ဖို့ ယုံကြည်မှု နားလည်မှု ကွဲလွဲဖို့တွေကိုလည်း ကျွန်တော်တို့ကတော့ မလိုချင်ဘူး။ ကျွန်တော်တို့ ပြဿနာဖြစ်လာဖို့ကိုလည်း ချင်းနဲ့ ရခိုင်ကြားမှာ မဖြစ်စေချင်ဘူး။ ချင်းနဲ့ ရခိုင်တိုင်းရင်သားနှစ်ခုလုံးသည် အဖိနှိပ်ခံတိုင်းရင်းသား အချင်းချင်းတွေ ဖြစ်ကြတယ်။ အဲဒီအပေါ်မှာ လူမျိုးရေးပြဿနာလည်း မဖြစ်စေချင်ဘူး။ ဖြစ်နိုင်ရင် အခု အေအေဘက်က တာဝန်ရှိသူတွေရော သူတို့ အသေချာစဉ်းစားပြီးတော့ ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးပြီးတော့ တောင်းပန်သင့်တာရှိရင် ကျွန်တော် ချင်းလူမျိုးကို တောင်းပန်သင့်တယ်”
ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကာလအတွင်းမှာလည်း နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ဆက်ဆံဖို့ မျှော်လင့်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချိန်ကြာလာတာနဲ့အမျှ ရက္ခိုင့်တပ်တော်ဟာ နိုင်ငံတကာမှာ မြန်မာနိုင်ငံအတွင်း လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အနေနဲ့ ပုံရိပ်အသိအမှတ်ပြု ကျဆင်းလာနိုင်တာကို သတိပြုသင့်တယ်လို့ ထုတ်ပြန်ပါရှိပါတယ်။
ဦးဝှေ့တင်းဟာ ခူမီးလူငယ်တွေနဲ့ ပူးပေါင်းပြီး ဘာသာရေး၊ ပဋိပက္ခတွေဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာကြောင့် မသကာၤလို့ ဖမ်းဆီးစစ်ဆေးနေရတာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခက စွပ်စွဲပြောဆိုထားပါတယ်။
“ဦးဝှေ့တင်းကို ဖမ်းဆီးတာက သူ့ကိုချင်းလူမျိုးမို့လို့ ဖမ်းဆီးတာ မဟုတ်ဘူး။ သူ့နေရာမှာ ရခိုင်တစ်ယောက်ဆိုရင်လည်း ဘာသာရေး လူမျိုးရေး ပြဿနာတွေဖြစ်အောင် ဖန်တီးနေရင်၊ ဒါမှမဟုတ် ရန်သူနဲ့ပေါင်းပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ပျက်ဆီးအောင် နှောင့်ယှက်နေရင် ဖမ်းသင့်ရင် ဖမ်းရမှာပဲ။ စစ်ဆေးလို့ တကယ်အပြစ်ရှိရင် အပြစ်ပေးရမှာပဲ။ ကျွန်တော်တို့ ULA / AA ရဲ့ မူဝါဒကတော့ ဘာသာရေး လူမျိုးရေးအပေါ်မှာ အခြေခံပြီးခွဲခြားဆက်ဆံတာ ပဋိပက္ခဖြစ်အောင် ဖန်တီးတာမျိုးတွေကိုတော့ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ လုံးဝလက်မခံဘူး”
ဒီပြောဆိုမှုနဲ့ ပတ်သက်ပြီး ပလက်၀ ခရစ်ယာန် အသင်းတော်များကောင်စီ ( PCC ) နဲ့ ပလက်ဝဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်တို့ကလည်း ဦးဝှေ့တင်းဟာ လူမျိးရေး၊ ဘာသာရေးနဲ့ အခြားမလိုလားအပ်တဲ့ ပဋိပက္ခတွေကို ဖန်တီးတတ်တဲ့သူ မဟုတ်တဲ့အတွက်ကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
ဦးဝှေ့တင်းကို AA က ဖမ်းဆီးစစ်ဆေးနေတဲ့အပေါ် အလွန်စိတ်ပူနေဖို့ မလိုဘဲ မေးမြန်းစရာရှိတာကို မေးမြန်းပြီး ပြန်လွှတ်လိမ့်မယ်လို့ ယူဆရကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ရှုမြင်ပါတယ်။
“သူတို့နှစ်ယောက်ကြားထဲမှာ ဘာအရှုပ်အရှင်းတွေရှိလဲ ကျွန်တော်တို့မှ မသိတာ။ ဒါကတော့ မေးမြန်းစရာရှိရင် မေးမြန်းပြီးတော့ အေးဆေးပြန်ဖြစ်မယ်လို့တော့ ထင်တာပဲ။ သိပ်လဲ အလွန်တစ်ရာ စိုးရိမ်ကြောင့်ကြစရာကြီးလည်း မဟုတ်ပါဘူး”
တပ်မတော်နဲ့ အေအေဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အေအေဘက်က ချင်းပြည်နယ် ပလက်ဝနယ်ထဲမှာ လှုှုပ်ရှားမှုတွေလုပ်နေတဲ့အတွက် ချင်းက ကြားညှပ်နေတဲ့ သဘောဖြစ်နေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုင်ဇက်ခင်က သုံးသပ်ပါတယ်။
“အေအေအနေနဲ့ ဦးဝှေ့တင်းက သူတို့အတွက် အနှောင့်အယှက်ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ချင်းဘက်ကတော့ ဦးဝှေ့တင်းဟာ သူတို့အကျိုးစီးပွားအတွက် ကာကွယ်စောင့်ရှောက်တဲ့သူပဲ။ ချင်းဘက်က အဓိပ္ပါယ်ဖွင့်တာနဲ့ အေအေဘက်က အဓိပ္ပါယ်ဖွင့်တာက မတူဘူး။ ဒီလိုအဓိပ္ပါယ်ဖွင့်တာချင်း မတူတဲ့အခါ ချင်းနဲ့ ရခိုင်ကြားမှာ နားလည်မှုတွေ ရှုပ်ထွေးသွားစေနိုင်တယ်”
ဦးဝှေ့တင်းကို အေအေက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှာ ချင်းနဲ့ ရခိုင်လူမျိုးတွေဟာ လူမျိုးရေးပြဿနာအဆင့်ထိ မဟုတ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အွန်လိုင်းပေါ်မှာ အမုန်းစကားတွေ ပြောဆိုတိုက်ခိုက် အငြင်းပွားတဲ့ အနေအထားတချို့ကိုလည်း တွေ့လာရပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ AA လက်နက်ကိုင်တပ်ဖွဲ့ တပ်စွဲထားတာဟာ ငါးနှစ်နီးပါးကြာနေပြီဖြစ်ပြီး ပလက်ဝမြို့နယ်ထဲက ချင်းတိုင်းရင်းသား ဒေသခံတွေကိုလည်း ဖမ်းဆီးထားတာရှိတယ်လို့ ဗဟိုချင်းလူငယ်အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဆလိုင်းထန်းလွန်းက ပြောပါတယ်။
“အရင်ကတည်းက ချင်းလူမျိုးတွေအများကြီး ဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ဆိုရင်လည်း အေအေကဖမ်းသွားလို့ သူတိုရဲ့ စခန်းချတဲ့နေရာတွေမှာ အသက်ဆုံးရှုံးသွားတာတွေလည်း အများကြီးှရှိပြီ။ နောက်ဆက်တွဲ အခုအချိန်ထိ အေအေကဖမ်းပြီးတော့ ပြန်မလွှတ်သေးတာတွေလည်း အများကြီးရှိတယ်”
ချင်းလူ့အခွင့်အရေးအဖွဲ့တွေနဲ့ ချင်းပြည်နယ်အစိုးရက စွပ်စွဲနေသလိုမျိုး ပလက်ဝဘက်မှာနေပြီး အရပ်သားတွေ ထိန်းသိမ်းထားတာမျိုးမရှိဖူးဘဲ အေအေက ဖမ်းဆီးထားတဲ့အထဲမှာ အရပ်သား ဦးဝှေ့တင်း တစ်ယောက်ပဲရှိပြီး အရပ်သားအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီလို့ အေအေပြောခွင့်ရသူ ခိုင်သုခက ငြင်းဆိုပါတယ်။
“ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့အထဲမှာ ဦးဝှေ့တင်း တစ်ယောက်ပဲ အရပ်ဘက်ရှိတယ်။ နောက်ထပ် အရပ်ဘက်ကနေပြီး ဘယ်သူမှ မရှိတော့ဘူး။ ကျွန်တော်တို့ အကုန်လွှတ်ပေးလိုက်ပြီးပြီ။ ချင်းလူ့အခွင့်အရေးအဖွဲ့တွေ ချင်းပြည်နယ်အစိုးရ သူတို့ စွပ်စွဲနေသလိုမျိုး ကျွန်တော်တို့ဘက်က ပလက်ဝဘက်မှနေပြီး အရပ်သားတွေကို ထိန်းသိမ်းထားတာတို့ ဘာတို့ အဲလိုမျိုး လုံးဝမရှိဘူူး။ တစ်ယောက်မှ ထိန်းသိမ်းထားတာမရှိဘူး”
ဦးဝှေ့တင်းကို AA က ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုချိန်ထိ ပြန်မလွှတ်သေးတဲ့အပေါ် လွှတ်တော်အနေနဲ့ သတိထားစောင့်ကြည့်နေတယ်လို့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယနာယက ဦးထွန်းထွန်းဟိန်က သတင်းထောက်တွေက မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် လွှတ်တော်မှာ တာဝန်ရှိသလို ဦးဝှေ့တင်းရဲ့ လုံခြုံရေးကိုလည်း ထည့်စဉ်းစားရကြောင်း လွှတ်တော်ဘက်က တစ်ခုခုဆောင်ရွက်တာ အမှားအယွင်းဖြစ်သွားရင် ဦးဝှေ့တင်း အန္တရာယ်ဖြစ်သွားမှာကိုလည်း စိုးရိမ်တဲ့အတွက် အခြေအနေကို သတိထားပြီး အချိန်နဲ့အမျှ စောင့်ကြည့်နေကြောင်း၊ ဒီကိစ္စကို အလေးထားဆောင်ရွက်နေကြောင်း ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ နိုဝင်ဘာ ၁ ရက်မနက်ပိုင်းက ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့အလာ ကျောက်တန်းရွာအနီးမှာ အေအေအဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပါ။ အေအေက ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ သူတွေအထဲမှာ အိန္ဒိယနိုင်ငံသား တစ်ယောက်နဲ့ မီးသတ်ဒုဦးစီးမှူး တစ်ယောက် သေဆုံးခဲ့ပါတယ်။ ဒီလိုသေဆုံးမှုတွေအတွက် အေအေဟာ အိန္ဒိယနိုင်ငံနဲ့လည်း နားလည်မှုပြန်ရဖို့ ခက်ခဲနေမှာဖြစ်ပြီး အကျပ်အတည်းဖြစ်သွားနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။