ပြည်ပပို့ကုန်ရ နိုင်ငံခြားငွေရရှိဖို့ စစ်ကောင်စီ ကြိုးပမ်း
2023.11.17

ပြည်ပကို ပို့ကုန်ခွင့်ပြုချက် ရရှိထားတဲ့ လုပ်ငန်းရှင်တွေ ရရှိလာတဲ့ နိုင်ငံခြားငွေကို နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးထားပြီး ဘဏ်ငွေစာရင်းထဲမထည့်ရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
အာရှနိုင်ငံတွေကို တင်ပို့တဲ့နေသူတွေအနေနဲ့ ၄၅ ရက်အတွင်းနဲ့ တခြားနိုင်ငံတွေကို ပို့ကုန်တင်ပို့သူတွေ ရက်ပေါင်းကိုးဆယ်အတွင်း သူတို့ဘဏ်စာရင်းထဲကို နိုင်ငံခြားငွေနဲ့ မပျက်မကွက် ထည့်သွင်းရမယ်လို့ နိုဝင်ဘာ ၁၁ ရက်နေ့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
"တရားမဝင် လမ်းကြောင်းနဲ့ လုပ်တဲ့သူတွေကျတော့ သူတို့ထုတ်တဲ့ သတ်မှတ်ချက်တွေထဲမှာ ဘာမှလည်း လုပ်ပေးစရာမလိုဘူး"
မန္တလေးမြို့က ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကတော့ ပို့ကုန်လုပ်ငန်းမှာ တရားဝင်လုပ်ကိုင် သူတွေသာ ကြပ်မတ်ခံနေရပြီး တရားမဝင်လုပ်ကိုင်သူတွေက အဆင်ပြေနေတယ်လို့ ပြောပါတယ်။
“အဲတော့ တရားဝင်တင်ပို့နေတဲ့သူတွေက အဲလူတွေပဲကြပ်၊ အဲလူတွေကပဲခံရ အဲလိုဖြစ်နေတာပေါ့။ အဲတော့ ခိုးပြီးပို့တယ်၊ တရားဝင်လမ်းကြောင်းနဲ့ မလုပ်ဘူးပေါ့၊ တရားမဝင် လမ်းကြောင်းနဲ့ လုပ်တဲ့သူတွေကျတော့ သူတို့ထုတ်တဲ့ သတ်မှတ်ချက်တွေ ထဲမှာ ဘာမှလည်း လုပ်ပေးစရာမလိုဘူး။ သူတို့ အရည်ယူမယ်တို့၊ အဖတ်စားမယ်တို့ ကြိုက်တာလုပ်ပေါ့နော်။ အဲဒါတွေလည်း မကြားဘူး။ မကြားဘူးဆိုတဲ့အခါကျတော့ အဲဒီ့လူတွေက သွားပြီအဆင်ပြေနေတဲ့သဘော ဖြစ်နေတယ်ပေါ့နော်”
တရားဝင်လုပ်ကိုင်နေသူတွေကို အခုလို မမျှမတ တင်းကျပ်လာတာတွေက တရားမဝင် လမ်းကြောင်းက လုပ်ကိုင်သူတွေ ပိုများလာအောင် တွန်းပို့သလိုဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
ရန်ကုန်မြို့က ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကလည်း ပို့ကုန်လုပ်ငန်းလုပ်ကိုင်ကြသူတွေရဲ့ အခက်အခဲ အမျိုးမျိုးရှိကြပေမယ့် ဗဟိုဘဏ်ကို နိုင်ငံခြားငွေ မသွင်းနိုင်တာကအားလုံး တူညီတဲ့ ပြသာနာဖြစ်တယ်လို့ ပြောပါတယ်။
“ဘယ်လိုအခက်အခဲ အကျပ်အတည်းဖြစ်မလဲဆိုတော့ ငွေရှာရမှာပေါ့။ အဓိကက ငွေပေးချေမှုဗျ။ တချို့ကျတော့ဗျာ ရောင်းထားတယ်။ ဟိုဘက်နိုင်ငံခြားဘဏ်တွေမှာ ပြဿနာတက်နေတာမျိုး အဲလိုမျိုးတွေလည်းရှိတယ်။ ပြဿနာတွေကတော့ မတူကြဘူးဗျ၊ ကုမ္ပဏီ တစ်ခုနဲ့တစ်ခုကလေ။ ဒါပေမဲ့ တူညီတဲ့ဟာက ဘာလဲဆိုတော့ ဗဟိုဘဏ်ကို ပိုက်ဆံမသွင်းနိုင်တာပေါ့ဗျာ။ အဲဒီပြဿနာပဲ အဲလိုပဲ ပြောရမှာပေါ့”
ဥပဒေအရအရေးယူမယ်ဆိုရင်တော့ သွားရောက်ရင်ဆိုင်ဖို့ပဲရှိတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI က တာဝန်ရှိသူတစ်ဦးကတော့ အခုလို ပို့ကုန်ရငွေ ပြန်သွင်းဖို့ကျန်နေတဲ့ ကုမ္ပဏီအများစုဟာ ပြည်တွင်းလုပ်ငန်းရှင်တွေထက် အမည်ခံပေးတဲ့ ကိုယ်စားလှယ် ကုမ္ပဏီတွေဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနနဲ့ ကုန်သွယ်ရေးဦးစီး ဌာနတွေကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဗဟိုဘဏ်၊ ငွေကြေးစီမံဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းကတော့ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ကျင့်တရားကောင်းဖို့လိုတယ်လို့ ပြောပါတယ်။
“အဓိကကတော့ စီးပွားရေးလုပ်တယ်ဆိုတာ ကျင့်ဝတ်ရှိဖို့ လိုတာပေါ့ကွာ။ ကျင့်ဝတ်ရှိမှ အဆင်ပြေကြမှာပေါ့ နှစ်ဦးနှစ်ဖက်က။ နောက် ကျင့်ဝတ်ရှိဖို့ပဲ အဓိကကတော့။ လုပ်နည်း၊ လုပ်ဟန်လည်း မှန်ကန်ဖို့လိုတာပေါ့။ ပေးစရာရှိရင်ပေးမယ်။ ယူစရာရှိရင်ယူမယ်။ စီးပွားရေးဆိုတာ အဲဒါမှလည်နေမှာလေ။ ကိုယ်ပို့ရင် ပို့တဲ့ဟာကို ပြန်သွင်းမယ်ဆိုရင် ငါတို့ဆိုမှာလည်း ငွေကလည်နေမှာ။ ကျင့်ဝတ်မရှိတဲ့အခါကျတော့ မမှန်ကန်တဲ့အခါ ကျတော့ မဖြစ်သင့်တာတွေ အတင်းအကျပ်လုပ်ရတယ်ဆိုတာ မကောင်းဘူးပေါ့ကွာ။ တစ်ယောက်နဲ့ တစ်ယောက်က စီးပွားရေးလုပ်တာ ကိုယ့်ကျင့်တရားကောင်းဖို့လိုတယ်”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ တိုင်းပြည်ဟာ ပို့ကုန်ရငွေအပေါ်မှာ ရပ်တည်နေရတဲ့ အခြေအနေရှိနေတာကြောင့် စစ်ကောင်စီဗဟိုဘဏ်က အခုလို ဆောင်ရွက်နေတာလို့ သုံးသပ်ပါတယ်။
“တိုင်းပြည်က ရှင်းရှင်းပြောရင်တော့ ပို့ကုန်ရတဲ့ဝင်ငွေနဲ့ နိုင်ငံကရပ်နေရတဲ့ အနေအထားမှာရှိနေတယ်။ ရှိတယ်ဆိုတာက အခုစက်သုံးဆီ လိုအပ်ချက်တွေ၊ စားအုန်းဆီ လိုအပ်ချက်တွေကို အဲဒီကနေပဲ ဖြည့်ဆည်းနေရတယ်လို့ ဆရာတို့ ယူဆတယ်။ ယူဆတဲ့အတွက်ကြောင့်မို့လို့ ဒါက အဲလိုဆောင်ရွက်ခြင်းကတော့ သူ့စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်နေတယ်လို့ပဲ ဆရာတို့ သုံးသပ်ပါတယ်”
လုပ်ငန်းရှင်တွေ ပို့ကုန်ရငွေ ပြန်မသွင်းနိုင်တဲ့ကိစ္စဟာ အခုမှမဟုတ်ဘဲ အရင်အစိုးရ အဆက်အဆက်ကတည်းက ရှိနေတဲ့ ပြသာနာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ထုတ်ပြန်ထားတာတွေကို မလိုက်နာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပို့ကုန်လုပ်ငန်းကုမ္ပဏီ ၃၃၅ ခု ရုပ်သိမ်းခံခဲ့ရ ပါတယ်။