ဗဟိုဘဏ် ထိပ်တန်းနေရာအများစု စစ်တပ်အရာရှိတွေ လွှမ်းမိုးလာ

ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းနဲ့ ဒုဥက္ကဋ္ဌဦးဝင်းသော်တို့ကို ရာထူးကဖယ်ရှားပြီး စစ်ကောင်စီ အလိုကျ ပြုမူဆောင်ရွက်လေ့ရှိတယ်လို့ သတင်းကြီးတဲ့ ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌအဖြစ် ဩဂုတ်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီက ရာထူးတိုးပေး လိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ဇော်မြင့်နိုင်က ဗဟိုဘဏ် ဒုဥက္ကဋ္ဌသစ် ဖြစ်လာပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်ထဲမှာလည်း ဒုတိယ ဗိုလ်မှူးကြီး ခြောက်ဦးကို ဒုတိယ ညွန်ကြားရေးမှူးတွေအဖြစ် ဗဟိုဘဏ်ကို ပြောင်းရွှေ့ ထားပါတယ်။ ဒါကြောင့် တိုင်းပြည်စီးပွားရေးအတွက် အလွန်အရေးပါတဲ့ နိုင်ငံတော် ဗဟိုဘဏ်ကြီးမှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ကနေ ဒုတိယညွန်ကြားရေးမှူးတွေထိ အားလုံးဟာ စစ်တပ်နဲ့ နီးစပ်သူတွေ၊ စစ်ဗိုလ်ချုပ်တွေသာ နေရာယူထားပါတယ်။
ဒါဟာ စစ်ကောင်စီဘက်က တိုင်းပြည်စီးပွားရေးအတွက်သာမက နိုင်ငံရေးရည်ရွယ်ချက် အရပါ လက်ဦးမှုယူတဲ့သဘောလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင် တစ်ဦးက ပြောပါတယ်။
“ပြောရရင်တော့ အရင်လူတွေ မထူးလို့ နောက်လူ ထူးမလားဆိုပြီးတော့ စမ်းတဲ့ သဘောတော့ ရှိတယ်။ ကျနော်တို့လည်း စောင့်ကြည့်ရဦးမှာ။ အခုလက်ရှိ ဥက္ကဋ္ဌ ဖြစ်သွားတဲ့ ဒုဥက္ကဋ္ဌ (ဒေါ်သန်းသန်းဆွေ) က Technically အရတော့ Strong ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို Support လုပ်ပေးမယ့်သူတော့ ကျနော်တို့သိသလောက် သိပ်မမြင်ဘူး။ ဗဟိုဘဏ်ဆိုတာ တကယ့်ကို အရေးကြီးတဲ့ ဌာနကြီးလေ။ Personal အမြင်ပြောရရင် ဒါကြီးက စီးပွားရေးပြဿနာ လုံးလုံးကြီး မဟုတ်ဘူး။ စီးပွားရေး ပြဿနာက ငါးဆယ်ရာခိုင်နှုန်း၊ ကျန်တဲ့ ငါးဆယ်ရာခိုင်နှုန်းက နိုင်ငံရေးပြဿနာ”
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းက စစ်တ ပ်ထဲမှာ တာဝန်ထမ်းဆောင်ဆဲ ဒုတိယဗိုလ်မှူးကြီး ခြောက်ဦးကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လက်အောက်ခံ စစ်ရာထူးခန့်ချုပ်ရုံးရဲ့ လွှဲပြောင်းချက်နဲ့ ဗဟိုဘဏ်မှာ ခန့်အပ်ခဲ့တာကတော့ ဝန်ထမ်းလိုအပ်ချက်အရ လုပ်ခဲ့တာလို့ ပြည်တွင်းမီဒီယာတချို့ကို ဖြေဆိုထားပါတယ်။ ဗဟိုဘဏ်ကို ပြောင်းရွှေ့ခဲ့တဲ့ အဲဒီစစ်တပ်အရာရှိတွေဟာ ငွေကြေးနဲ့ စီးပွားရေး လုပ်ငန်းပိုင်းဆိုင်ရာမှာ ကျွမ်းကျင်သူတွေလို့ သူက ဆိုပါတယ်။
အခုလို ရာထူးနေရာတွေ ပြောင်းလဲခန့်အပ်နေတာက စစ်ကောင်စီဘက်က ဗဟိုဘဏ်ကို ထိန်းချုပ်ဖို့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာ ထင်ရှားတယ်လို့ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခုမှာ တာဝန်ထမ်းဆောင်နေဆဲ ဘဏ်အရာရှိတစ်ဦးက မှတ်ချက်ပေးပါတယ်။
“ကိုယ့်ရဲ့ အာဏာ တစ်ရက်ပဲဖြစ်ဖြစ်၊ နှစ်ရက်ပဲဖြစ်ဖြစ်၊ တစ်လပဲဖြစ်ဖြစ်၊ တစ်နှစ်ပဲ ဖြစ်ဖြစ် မြဲဖို့အတွက်ကို ကိုယ့်လူတွေကို အစားထိုးတဲ့သဘောပဲ။ ဘာလို့ဆိုတော့ နိုင်ငံတစ်နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ ကမ္ဘာမှာပဲဖြစ်ဖြစ် ငွေကြေးစီးဆင်းမှုက အရေးကြီးဆုံးပဲ။ ကောင်းတဲ့နေရာမှာပဲဖြစ်ဖြစ်၊ မကောင်းတဲ့နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်။ ငွေကြေး စီးဆင်းမှုကို အဓိကလုပ်တဲ့ ဗဟိုဘဏ်လို နေရာမျိုးကို Control လုပ်ခြင်းအားဖြင့် လူတွေအကုန်လုံးကို ဥပမာ - ပြည်တွင်းက စီးပွားရေးသမားတွေ၊ ဘယ်တွေပို့နေလဲ၊ ငွေတွေဘယ်ကနေ အကောင့်ဘယ်နှခုကနေ စီးဆင်းနေလဲဆိုတာ သူတို့က ပိုပြီးတော့ သိနိုင်မယ်။ သူတို့အတွင်းသတင်း ပိုရမှာပေါ့။ ဒါမျိုးပေါ့”
အခုလို စစ်တပ်အရာရှိတွေကို ဗဟိုဘဏ်မှာ ပြောင်းရွှေ့ခန့်အပ်လိုက်တာကြောင့် အနာဂတ်မှာ တိုင်းပြည်စီးပွားရေး တိုးတက်မှု ရှိ မရှိ မသိရသေးပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း ဗဟိုဘဏ်ရဲ့ အမိန့်အမျိုးမျိုးကြောင့် အခုချိန်မှာ ဒေါ်လာဈေး အဆမတန် မြင့်တက်လာတာ၊ စီးပွားရေးလုပ်ငန်းတွေ ပိုခက်ခဲလာတာ၊ ပြည်ပရင်းနှီး မြှုပ်နှံမှုတွေ ပြန်ထွက်သွားတာ တွေ့ရတယ်၊ ဒါတွေကိုကြည့်ရင် ဗဟိုဘဏ်ရဲ့ အမိန့်ညွှန်ကြားချက်နဲ့ လုပ်ဆောင်ချက်တွေ အလုပ်မဖြစ်ဘူးဆိုတာ သိသာတယ်လို့ အဲဒီဘဏ်အရာရှိက ပြောပါတယ်။
" ဗဟိုဘဏ်လို နေရာမျိုးကို Control လုပ်ခြင်းအားဖြင့် ငွေတွေဘယ်ကနေ အကောင့်ဘယ်နှခုကနေ စီးဆင်းနေလဲဆိုတာ သူတို့က ပိုပြီးတော့ သိနိုင်မယ်။"
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဘဏ်တွေအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု အကြီးအကျယ် ကျဆင်းခဲ့ပြီး အပ်ထားတဲ့ငွေတွေ ပြန်ထုတ်တာ၊ ဗဟိုဘဏ်ရဲ့ ဒေါ်လာ ကန့်သတ်ချက် အမိန့်အမျိုးမျိုးကြောင့် စီးပွားရေးလုပ်ငန်းတွေ အခက်အခဲဖြစ်တာ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေ ထိခိုက်နစ်နာတာတွေ ဖြစ်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင် တွေက ပြောပါတယ်။
မန္တလေးမြို့က ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦး ကလည်း ဗဟိုဘဏ်ရဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေက အချိန်တိုအတွင်း အမျိုးမျိုးပြောင်းလဲနေတာကြောင့် လက်တွေ့ အလုပ်လုပ်ရတာ ခက်ခဲတယ်လို့ RFA ကို ပြောပါတယ်။
“မူဝါဒတွေ ခဏတိုင်းပြောင်းတယ်။ သတ်မှတ်ချက်တွေက တစ်မျိုးပြီးတစ်မျိုး ပြောင်းနေတဲ့ အချိန်မှာ လိုက်အကောင်အထည်ဖော်ရတာကတော့ မောတာပေါ့နော်။ မလွယ်ဘူး။ အကောင်အထည်ဖော်ရတာ သူတို့ညွှန်ကြားချက်အတိုင်း လိုက်ပြီး ဆောင်ရွက်ရတာမှာတော့ အဆင်မပြေတာလေးတွေတော့ ရှိတယ်။ လည်ပတ်နေတဲ့ လုပ်ငန်းတွေက ငွေကြေးမူဝါဒတွေ ပြောင်းလဲလိုက်တဲ့အခါမှာ ငွေဈေးအတက်အကျ တွေနဲ့ ဆိုရင်တော့ ဆုံးရှုံးမှုလေးတွေ၊ နစ်နာမှုလေးတွေ တော့ရှိတယ်”
ဒေါ်လာငွေသုံးပြီး လုပ်ကိုင်တဲ့ လုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေအားလုံး ရရှိနိုင်ငံခြားငွေ အမေရိကန် တစ်ဒေါ်လာကို ကျပ် (၁၈၅၀) နဲ့ တစ်ရက်အတွင်း လဲလှယ်ဖို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့မှာ အမိန့်ထုတ်ခဲ့ပြီး လေးလအကြာ ဩဂုတ်လဆန်းပိုင်းမှာ တစ်ဒေါ်လာကို ကျပ် (၂၁၀၀) နဲ့ အနည်းငယ် တိုးမြှင့်သတ်မှတ် ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ပြင်ပဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၀၀၀ နီးပါးအထိ ပေါက်ဈေး ရှိနေပါတယ်။
ဗဟိုဘဏ်ဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေအရ ပြည်တွင်း သုံးငွေစက္ကူနဲ့ ဒင်္ဂါး တွေကို ရိုက်နှိပ်ထုတ်ငွေခွင့်ရှိတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ အဖွဲ့အစည်းကြီးရဲ့ ဥက္ကဋ္ဌအဖြစ် NLD အစိုးရခန့်ထားတဲ့ ဦးကျော်ကျော်မောင်ကို စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ရာထူးကနေ ချက်ချင်း ဖယ်ရှားပြီး NLD အစိုးရနဲ့ ပိုနီးကပ်တဲ့ ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ် ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် စစ်အစိုးရအဆက်ဆက်နဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးသန်းညိမ်း ကို စစ်ကောင်စီက ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ပြန်ခန့်အပ် ခဲ့ပြီး ဗဟိုဘဏ်မှာ ညွှန်ကြားရေးမှူးချုပ်တွေအဖြစ် တာဝန်ထမ်းနေတဲ့ ဦးဝင်းသော်နဲ့ ဒေါ်သန်းသန်းဆွေ တို့ကို ဒုဥက္ကဋ္ဌတွေ အဖြစ် ရာထူးတိုးပေးခဲ့တာပါ။ အခု အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာ ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်တွေ ကမောက်ကမ ဖြစ်လာတဲ့ နောက်မှာတော့ ဦးသန်းညိမ်းနဲ့ ဦးဝင်းသော်တို့ကို ဖယ်ရှားပြီး ဒေါ်သန်းသန်းဆွေက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ် ဇော်မြင့်နိုင်က ဒုဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။
ဗဟိုဘဏ်ရဲ့ စာရင်းဇယားတွေအရ ၂၀၁၂ ခုနှစ်ကစလို့ နိုင်ငံတော် ဗဟိုဘဏ်ကြီးမှာ အရာထမ်း ၄၉၄ ဦး၊ အမှုထမ်း ၂၀၃၁ ဦး စုစုပေါင်း ဝန်ထမ်း ၂၅၂၅ ဦး ရှိပါတယ်။ ဌာနကြီး ခုနစ်ခုနဲ့ ဗဟိုဘဏ်ရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်နေတာပါ။ ခေတ်အဆက်ဆက် ကတည်းက ဗဟိုဘဏ်မှာ စစ်တပ်ကနေ ပြောင်းရွှေ့လာတဲ့ မိုးကျရွှေကိုယ်လို့ အများက ခေါ်ကြတဲ့ အရာရှိ၊ ကြီးငယ်၊ ဝန်ထမ်း အများအပြား ရှိတယ်လို့ ဗဟိုဘဏ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဗဟိုဘဏ်ဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ငွေကြေးမူဝါဒတွေကို ချမှတ် အကောင်အထည် ဖော်တာ၊ နိုင်ငံခြားငွေလဲနှုန်းကို သတ်မှတ်တာ၊ အစိုးရရဲ့ နိုင်ငံခြားသုံး သီးသန့်ငွေကို စီမံခန့်ခွဲတာနဲ့ ပြည်တွင်းသုံးစွဲတဲ့ ကျပ်ငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် စီမံခန့်ခွဲတာ စတဲ့ တိုင်းပြည်ငွေရေးကြေးရေးကဏ္ဍအတွက် အရေးအကြီးဆုံး လုပ်ငန်းတွေကို လုပ်ဆောင်ရပါတယ်။