ရခိုင်မှာ အပစ်ရပ် တစ်လပြည့်ပေမယ့် ဒေသခံတွေ ခက်ခဲနေဆဲ
2022.12.27

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပြီးနောက် နှစ်ဖက်အပစ်ရပ်တာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တစ်လ ပြည့်ခဲ့ပါပြီ။
ဒီလိုရပ်လိုက်တာကြောင့် ဒေသခံတွေ နေ့စဉ် သေဆုံး၊ ဒဏ်ရာရတာနဲ့ ဖမ်းဆီးခံရတာတွေ ရပ်တန့်သွားခဲ့သလို ရခိုင်မြောက်ပိုင်းမှာ ပိတ်ဆို့ထားတဲ့ ကုန်းလမ်း၊ ရေလမ်းကိုလည်း စစ်ကောင်စီတပ်က ပြန်ဖွင့်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဆေးဝါးသယ်ယူခွင့်၊ လောင်စာဆီနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေး ပစ္စည်း သယ်ယူခွင့်ကိုတော့ ပိတ်ထားဆဲဖြစ်သလို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ ဒေသခံတွေလည်း ဒီနေ့အထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
“ထူးခြားချက်ကတော့ အရင်စစ်ကောင်စီက ပိတ်ထားတဲ့ အငူမော်-မောင်တောလမ်းကို ဖွင့်ပေးတယ်"
လမ်းတွေဖွင့်ပေးလိုက်ပေမယ့် ဆေးဝါးရော စားသောက်ကုန်တွေရော သယ်ယူရ ခက်ခဲနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထူးခြားချက်ကတော့ အရင်စစ်ကောင်စီက ပိတ်ထားတဲ့ အငူမော်-မောင်တောလမ်းကို ဖွင့်ပေးတယ်။ စစ်တွေ- ရန်ကုန်လမ်းကို ဖွင့်ပေးတယ်။ ရေလမ်းတော်တော်များများကို လည်း ဖွင့်ပေးတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းတွေကိုတော့ အခုထိ ကန့်သတ်ထားဆဲ ဖြစ်တယ်။ အဓိကတော့ ဆေးဝါးပစ္စည်းတွေ၊ ရေနံ၊ ဒီဇယ်ဆီ နောက်ပြီး သံချောင်း၊ ဘိလပ်မြေ ဆောက်လုပ်ရေးပစ္စည်းတွေပေါ့။ နောက်ပြီး စားကုန်ကအစ သယ်ရတာ တော်တော်ခက်တာပေါ့”
လက်ရှိ ကုန်းလမ်း၊ ရေလမ်းတွေမှာ စစ်ဆေးရေးဂိတ်တွေ ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လက်မှတ်နဲ့မှ ကုန်ပစ္စည်းတွေ သယ်ယူခွင့်ပေးတယ် လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ဝန်ကြီးလက်မှတ်ရဖို့က မလွယ်ကူတာကြောင့် အခက်အခဲကြုံနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
အပစ်ရပ်တာ တစ်လပြည့်သွားပေမယ့် တစ်ကျော့ပြန်တိုက်ပွဲအတွင်း AA နဲ့ ဆက်စပ်တယ် ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၀၀ ကျော်ကတော့ ဒီနေ့အထိ ပြန်မလွှတ် သေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။။
အဖမ်းခံရသူတွေထဲမှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (က)၊ ပုဒ်မ - စစ်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၁ စတဲ့ပုဒ်မတွေနဲ့ တရားစွဲခံထားရသူတွေရှိသလို ဒီနေ့အထိ သတင်းမရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။
ပုဒ်မ - ၁၃၁ နဲ့ တရားစွဲခံထားရတဲ့ ကျောက်တော်မြို့နယ်၊ သဇင်ရွာက ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းရဲ့ ဇနီးဖြစ်သူ ဒေါ်လှအေးဆန်းကတော့ အခုလို အပစ်ရပ်ကာလမှာ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးစေချင်တယ်လို့ RFA ကို ပြောပါတယ်။
“၁၉ ရက်နေ့ ရုံးချိန်းကတော့ ကျမ တစ်ခေါက်သွားလိုက်တယ်။ အဲဒီတုန်းကတော့ ၁၃၁ ပုဒ်မနဲ့ တရားစွဲတယ်လို့ ပြောတယ်။ အခုတော့ ၁၉ ရက်နေ့ကတည်းက ထောင်အချုပ် ကိုပြောင်းလိုက်ပြီတဲ့။ အဲဒီကတည်း အခုအထိ ဘာမှဆက်ပြီးမသိရသေးဘူး။ ကျမတို့ ကတော့ နှစ်ဖက်အပစ်အခတ်တွေ ရပ်စဲထားတဲ့ကြားထဲမှာ နှစ်ဦးနှစ်ဖက် သဘောတူပြီး AA နဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးအချုပ်ချထားတဲ့သူတွေကို ပြန်လွှတ်ပေးစေချင် ပါတယ်။ လွှတ်ပေးမှာကိုလည်း မျှော်လင့်ချက်တွေရှိပါတယ်”
ဦးလှမောင်သန်းနဲ့ အပေါက်ဝရွာက ဦးမောင်ချေတို့ဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့က ကျောက်တော်၊ ကန်စောက်အခြေစိုက် ခမရ (၅၃၉) တပ်ရင်းမှူး ဆွေးနွေးစရာရှိလို့ဆိုပြီး ခေါ်တာကြောင့် သွားရောက်ချိန် အဖမ်းခံရပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်တွေခရိုင်တရားရုံးကနေ ဦးလှမောင်သန်းကို ပုဒ်မ-၁၃၁၊ ဦးမောင်ချေကို ၁၇(၁)နဲ့ တရားစွဲခဲ့တာပါ။
တစ်ဖက်မှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ချိန်နဲ့ အခုအပစ်ရပ်တဲ့ တစ်လအတွင်း ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေမှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀ ကျော် နုတ်ထွက်စာ တင်ထားပါတယ်။
ရွာတွေကို မကာကွယ်ပေးနိုင်သလို လက်နက်ကိုင်နှစ်ဖွဲ့ကြားမှာ ကြားညှပ်နေလို့ နုတ်ထွက်စာတင်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက RFA ကို ပြောပါတယ်။
“ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ နိုင်ငံတော်ကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေပါ။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူးတွေက ကျေးရွာကို ကာကွယ်မပေးနိုင်တာက တစ်ပိုင်းပါ။ စစ်တပ်ကဝင်လာရင် ကျနော်တို့ ထွက်ပြေးကြရတယ်။ တစ်ဖက်မှာလည်း ကျနော်တို့ကို ULA/AA ကလည်း စစ်ကောင်စီမှာလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးဆိုပြီး သူတို့ကလည်း ကျနော်တို့ကို စောင့်ကြည့်နေတယ်။ သူတို့နှစ်ဖက် အဆင်မပြေတဲ့အခါဆိုရင်ရော အဲဒီလိုစိုးရိမ်ပြီး နုတ်ထွက်စာ တင်လိုက်တာပါ”
စစ်ကောင်စီတပ်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ရခိုင်မြောက်ပိုင်း ၈ မြို့နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေကိုတော့ ဆက်ပြီးပိတ်ပင်ထားဆဲလို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
ဒါကြောင့် ဒုက္ခသည်တွေဟာ စားဝတ်နေရေးအပြင်၊ ကျန်းမာရေးကိစ္စတွေပါ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အပစ်ရပ်ပြီးနောက်ပိုင်း ဒေသခံတွေအခက်အခဲနဲ့ ဆက်ရင်ဆိုင်နေရတဲ့အပေါ် စစ်ကောင်စီ ရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဦးလှသိန်းကိုနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန် ဖြေဆိုတာ မရှိပါဘူး။

ရခိုင်ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းကတော့ ပြည်သူတွေ ဖမ်းဆီးခံရတာ၊ ကုန်းပစ္စည်းသယ် ယူခွင့်ရေး ပိတ်ပင်ခံထားရတာတွေကို ဖြေရှင်းဖို့ နှစ်ဖက်လုံးမှာ တာဝန်ရှိတယ်လို့ ထောက်ပြပါတယ်။
“တိုက်ပွဲရပ်တာက လူသားချင်းစာနာမှုဆိုင်ရာလို့ သုံးထားတော့ ပြည်သူတွေ ဖမ်းဆီးခံ ထားရတာတွေ၊ ပြည်သူတွေ အပိတ်အပင်ခံထားရတာတွေ ဒါတွေအတွက် ဖြေရှင်းပေးဖို့ နှစ်ဖက်လုံးမှာ တာဝန်ရှိပါတယ်။ ဒါက နိုင်ငံရေးအားဖြင့်ဆိုရင်လည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှု တည်ဆောက်ရာကနေပြီးတော့ ရေရှည်အပစ်အခတ် ရပ်စဲရေးတစ်ခုကို ဖြစ်သွားနိုင်တယ်လို့ ယူဆထားတဲ့အတွက် ဒါတွေကို လွှတ်ပေးသင့်တယ်။ ဆက်ပြီး တော့လည်း မဖမ်းဆီးသင့်ဘူး။ အဲဒီလိုဖြစ်စေချင်ပါတယ်”
လက်ရှိ တိုက်ပွဲရပ်စဲနေတာဟာ နားလည်မှုနဲ့သာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ဒါတွေကို ဖြေလျှော့မပေးဘူးဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
RFA ကပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ လေးလကျော်ကြာတဲ့ တစ်ကျော့ပြန် တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ကြောင့် ဒေသခံ ၄၅ ဦး သေဆုံးပြီး ၁၀၆ ဦး ဒဏ်ရာခဲ့သလို နေအိမ်ကိုးလုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
နှစ်ဖက်တိုက်ပွဲကြား နစ်နာခဲ့ရတဲ့ ပြည်သူတွေကိုတော့ ဒီကနေ့အထိ ဘယ်အဖွဲ့ကမှ တာဝန်ယူတာမရှိဘူးလို့ နစ်နာခဲ့ရတဲ့ ကာယကံရှင်တွေက RFA ကို ပြောပါတယ်။
ရခိုင်မှာရှိတဲ့ ဒေသခံတွေကတော့ တိုက်ပွဲတွေပြန်ဖြစ်လာပြီး အခုလိုနစ်နာမှုတွေ ထပ်မံကြုံတွေ့ရမှာကို စိုးရိမ်နေကြပါတယ်။