နယ်ခြားစောင့်တပ်တွေ စစ်တပ်ကို စွန့်ခွာလာကြမလား
2023.06.29

သုံးသပ်ချက် - ဇက်ခါရီ အဘူဇာ (Zachary Abuza)
စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် မြန်မာစစ်တပ်က စစ်သည်အရာရှိတွေ ဘက်ပြောင်းပြီး၊ အာဏာသိမ်းဆန့်ကျင်ရေး အင်အားစုတွေဘက်ကို လာရောက်ပူးပေါင်းခဲ့ကြပေမဲ့ ၂၀၂၃ ခုနှစ်မှာ မြန်မာစစ်တပ်က တပ်သားတွေ စွန့်ခွာမှု လျော့ကျလာနေတယ်လို့ RFA ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဝါရှင်တန် စစ်တက္ကသိုလ် ပါမောက္ခ ဇက်ခါရီ အဘူဇာက ဇွန်လ ၂၇ ရက်နေ့က ရေးသားလိုက်ပါတယ်။
ဒါပေမဲ့ မကြာခင်ကတော့ မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်တစ်ခုအဖြစ် ဆယ်စုနှစ် တစ်စုထက်မနည်း ရှိခဲ့တဲ့ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (KNPLF) ရဲ့ တပ်ရင်းနှစ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ လာရောက်ပူးပေါင်းခဲ့တာ တွေ့ရပါတယ်။
ဒီ KNPLF ရဲ့ တပ်ရင်းတွေမှာ တပ်သားရာဂဏန်းလောက်ပဲရှိပေမဲ့ ဒါက မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေ ပထမဆုံး အမြောက်အများ စွန့်ခွာမှု ဖြစ်ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံအနှံ့က စစ်ရေး ပဋိပက္ခတွေဆီ တပ်တွေ ထိထိရောက်ရောက် မလွှတ်နိုင်တော့ဘဲ BGF တွေကိုလည်း စစ်ရေးအရ အကူအညီနဲ့ အကာအကွယ်တွေ မပေးနိုင်တော့တာ တွေ့ရပါတယ်။
တိုင်းရင်းသား လူမျိုးပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံမှာ BGF တပ်ဖွဲ့တွေ တစ်ဒါဇင်ထက်မနည်း ရှိနေတာကြောင့် အခြားအဖွဲ့တွေရော ဒီလမ်းကြောင်းပေါ် ရောက်လာမလားဆိုတာ မျှော်လင့်စရာရှိပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ သူတို့နဲ့ အပစ်ရပ် သဘောတူညီချက်ယူလိုက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို သက်ဆိုင်ရာတိုင်းရင်းသားနယ်မြေတွေမှာ ဒေသအုပ်ချုပ်ခွင့်နဲ့ နယ်မြေစိုးမိုးခွင့်တွေ ပေးထားပြီး နယ်စပ်ကုန်သွယ်ရေးက အကျိုးအမြတ်နဲ့ အထူးစီးပွားရေးဇုန်တွေ တည်ထောင်လုပ်ကိုင်ခွင့်တွေ ပေးထားတာ ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်မှာ KNU/KNLA ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် အဖွဲ့ကနေ ခွဲထွက်လာတဲ့ DKBA အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ တည်ထောင်ထားတဲ့ ချစ်လင်းမြိုင် ကုမ္ပဏီဟာ တရုတ်လူမျိုး လုပ်ငန်းရှင် ရှီဇီကျန်းပိုင်ဆိုင်တဲ့ Yatai ကုမ္ပဏီနဲ့ ပူးပေါင်းပြီး၊ ဒီကနေ့ လူကုန်ကူးမှုနဲ့ အင်တာနက်ပေါ်က လိမ်လည်မှုတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ရွှေကုက္ကို အထူးစီးပွားရေးဇုန်ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် NCA ငြိမ်းချမ်းရေးသဘောတူညီချက်အရ ကရင်နီ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းခဲ့တဲ့ KNPLF ဟာဆိုရင်လည်း စစ်ကောင်စီဘက်က လက်နက်ကိုင်အဖွဲ့ဖြစ်ပေမဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှု ခံခဲ့ရတဲ့နောက် NUG နဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ က ဖရူဆိုမြို့နယ်မှာ Save the Children ဝန်ထမ်း နှစ်ဦးအပါအဝင် အရပ်သား ၄၀ ကို စစ်ကောင်စီ ခြေမြန်တပ်မ ၆၆ က သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်မှာ KNPLF တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တားဆီးဖို့ ကြိုးစားတဲ့အခါ တပ်ဖွဲ့ဝင်လေးဦးပါ သတ်ဖြတ်ခံခဲ့ရပါတယ်။
အဲဒီနောက် ၂၀၂၃မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ အပစ်ရပ်ဆွေးနွေးပွဲကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့တာလို့ ဇက်ခါရီ အဘူဇာရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
KNPLF အဖွဲ့က စွန့်ခွာတဲ့အတွက် ကရင်နဲ့ ရှမ်းပြည်နယ်တွေအကြား၊ နေပြည်တော်နဲ့လည်း နီးကပ်ပြီး ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နဲ့ ကပ်နေတဲ့ ကယားဒေသမှာ စစ်ကောင်စီ ထိန်းချုပ်မှုမရှိတဲ့ နယ်မြေတစ်ခု တိုးလာပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်အတွက် နောက်ဆက်တွဲ ဆုံးရှုံးမှုတွေလည်း ရှိလာနေပါတယ်။
KNPLF အဖွဲ့ချုပ် တည်ရှိတဲ့ မယ်စဲ့မြို့နယ်အနီးမှာရှိတဲ့ မြန်မာစစ်တပ်ရဲ့တပ်စခန်းတွေ လက်နက်ချခဲ့ကြပါတယ်။ နောက်ဆုံးရ သတင်းတွေအရ တပ်သား ၁၀၀ လောက် အထိရှိတဲ့ ခြေမြန်တပ်ရင်း ၄၃၀ လက်နက်ချပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းခဲ့တာသာ အမှန်ဆိုရင် အရေအတွက်အများဆုံး လက်နက်ချထားမှု ဖြစ်လာမှာပါလို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။
အခုလို ပထမဆုံး BGF တပ်ဖွဲ့တစ်ဖွဲ့ စွန့်ခွာလာတာဟာ အက်ကြောင်းထလာတာကို ပြသနေပါတယ်။ စစ်ကောင်စီအနေနဲ့ အခြား BGF အဖွဲ့တွေကို ငွေညှစ်တာနဲ့ လိုသလိုအသုံးချနေပေမဲ့ စစ်လက်နက်ပစ္စည်းနဲ့ဖြစ်စေ၊ လေကြောင်းကနေ အကာအကွယ်ပေးတာဖြစ်စေ မလုပ်နိုင်ရင်၊ အခြားအဖွဲ့တွေလည်း အလားတူ လိုက်လုပ်လာနိုင်တယ်လို့ RFA ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ်ထားပါတယ်။
အလားတူပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း ကွဲထွက်လာတဲ့ ကရင်နီ BGF တပ်ဖွဲ့တွေကို နေရာပေး ကူညီပြီး၊ သူတို့ရဲ့ခေါင်းဆောင်မှုကို ထိထိရောက်ရောက် အသုံးချဖို့ လိုပါတယ်။ အဆုံးမှာတော့ စစ်ကောင်စီကို အနိုင်ရဖို့အတွက် မြန်မာစစ်တပ်ရဲ့တပ်သားတွေ တစ်ဦးချင်းအနေနဲ့ရော၊ တပ်စုတစ်ခုချင်း အနေနဲ့ပါ ခွဲထွက်လာတဲ့ အတိုင်းအတာအပေါ် မူတည်နေပါတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။