နေပြည်တော်နဲ့ နီးကပ်တဲ့ ကရင်နီဒေသမှာ စစ်ရေးတင်းမာနေ

RFA Burmese
2023.04.04
နေပြည်တော်နဲ့ နီးကပ်တဲ့ ကရင်နီဒေသမှာ စစ်ရေးတင်းမာနေ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
KNDF

နေပြည်တော်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ကယားပြည်နယ်ကို စစ်ကောင်စီတပ်က မတ်လဆန်းကစပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲအထိ တိုးလာနေတယ်လို့ ကရင်နီ ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ဟာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့ ၁၃၉ မိုင်သာ ဝေးတာမို့ နေပြည်တော်ကို ကာကွယ်ထားတဲ့ လုံခြုံရေးစည်း မကျိုးပေါက်အောင် စစ်ကောင်စီဘက်က သတိထား ကာကွယ်နေတာလို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတွေနဲ့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

လက်ရှိမှာ ကရင်နီဒေသတစ်ခုလုံးကို တပ်ရင်း ၁၀ ရင်းလောက်နဲ့ စစ်ကြောင်းတွေခွဲပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီ ကာကွယ်ရေးတပ်များအားလုံးရဲ့ စစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က RFA ကို ပြောပါတယ်။

"ဒီးမော့ဆိုဘက်မှာ သုံးရင်း ရှိတယ်။ ရှမ်း-ကယားနယ်စပ် မိုးဗြဲ အရှေ့ဘက်မှာက သုံးရင်း လုပ်နေတယ်။ ဒီးမော့ဆို အနောက်ခြမ်း မိုးဗြဲတောင်ဘက်ပေါ့ အဲဒီမှာလည်း အင်အား ဖြည့်လာတယ် ပြောတယ်။ နောက် သံလွင်အရှေ့ဘက်ခြမ်း ထိုင်းနိုင်ငံ နယ်စပ်ဘက်မှာလည်း လေးရင်းလောက် ဝင်လာတယ်ဗျ။ ဆိုလိုတာက သူတို့က အထူးလုပ်နေတာကတော့ ဒီးမော့ဆို ဒေါတမကြီးအုပ်စုမှာ ရွာတွေကို မီးရှို့၊ သူတို့လည်း ကျ၊ လက်နက်တွေလည်း သူတို့ဆုံးတယ်ဆိုတော့ အဲဒီကယားက လူထုတွေက အခုက ပြေးကုန်ပြီ မရှိတော့ဘူး"

တိုက်ပွဲအပြင်းထန်ဆုံးက ဒီးမော့ဆိုအရှေ့ခြမ်းနဲ့ အရှေ့တောင်ခြမ်းဖြစ်ပြီး စစ်တပ်က ဖရူဆိုနဲ့ ဘောလခဲ အခြေစိုက် ဗျူဟာတွေကနေလည်း ဒီးမော့ဆိုဘက်ကို လက်နက်ကြီး တွေနဲ့ နေ့စဉ် ပစ်ခတ်နေတယ်လို့ ခူညေးရယ် က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီဒေသကို မြေပြင်ကနေ ဘက်လေးဘက်ညှပ်ပြီး ထိုးစစ် ဆင်နေသလို လေကြောင်းကနေလည်း အင်အားသုံး တိုက်ခိုက်နေတယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"မတ်လကနေစပြီးတော့ စစ်ကောင်စီက ကျနော်တို့ ကရင်နီပြည်နယ်ထဲကို စစ်ဆင်ရေး ကြီးကြီးမားမား လုပ်နေတယ်ပေါ့။ ဒီဟာက ဒုတိယ စစ်ဆင်ရေး ကြီးကြီးမားမားလို့ ပြောလို့ရတယ်။ တော်တော်လေးကို စစ်ကြောင်းကလည်း အများကြီးနဲ့ လေးဘက် လေးလံကနေ ထိုးနေတဲ့ ပုံစံမျိုးပေါ့။ ၂၀၂၂ ခုနှစ်ထဲမှာ သူတို့ရဲ့ လက်နက်အင်အား ဖြည့်တင်းတာပဲဖြစ်ဖြစ်၊ ခဲယမ်း ဖြည့်တင်းတာပဲဖြစ်ဖြစ်၊ ရိက္ခာနဲ့ လူအင်အား ဖြည့်တာပဲဖြစ်ဖြစ် ရှမ်းပြည်ဘက်ကနေ အဓိက လာတယ်၊ ကားတွေနဲ့ပေါ့။ နောက်ပိုင်းမှာ လာသမျှလမ်းကို ဖြတ်တိုက်တော့ အခွင့်မသာတော့ လေကြောင်းကို အသုံးပြုနေတယ်"

လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆို၊ ဘောလခဲ စတဲ့ မြို့နယ်လေးခုကို စစ်ကောင်စီဘက်က လက်နက်ခဲယမ်းနဲ့ ရိက္ခာ ဖြည့်တင်းမယ်ဆိုရင် ရဟတ်ယာဉ်နဲ့ပဲ ပို့နေရတာကြောင့် ရိက္ခာလမ်းကြောင်း ပြန်ရလိုတဲ့အတွက် အင်အာသုံး တိုက်ခိုက်နေတာလို့လည်း သူက ဆိုပါတယ်။

လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး ထိုးစစ်ဆင်နေပေမယ့် ကရင်နီဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်နီတပ်မတော် (KA) နဲ့ အာဏာသိမ်းပြီးမှ အသစ်ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတာကြောင့် စစ်ကောင်စီတပ်က မြို့တော် လွိုင်ကော်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်မြို့တွေကို ထိန်းချုပ်နိုင်ဖို့ အတော်ကြိုးစားနေရတယ်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကယားပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရ လူမှုရေး ဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ ကယားပြည်နယ်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဗိုက်ဘာကတစ်ဆင့် စာရေးမေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။

တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစု (PKPF) ရဲ့ ဧပြီ ၁ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာ စသိမ်း ချိန်ကနေ ၂၀၂၃ မတ်လ ၃၁ ရက်နေ့အထိ အသတ်ခံရတဲ့ အပြစ်မဲ့ အရပ်သား ၃၁၃ ဦး ရှိပြီး စစ်ဘေးရှောင်ရင်း သေဆုံးသူ ၁၃၄ ဦး ရှိပါတယ်။ KNDF ၊ PDF ၊ KA စတဲ့ ကရင်နီ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၅၂ ဦး သေဆုံးခဲ့ပြီး နှစ်နှစ်ကျော်အတွင်း ကရင်နီဒေသမှာ တိုက်ပွဲပေါင်း အကြိမ် ၆၅၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်း တိုက်ခိုက်ခံရမှု အကြိမ် ၃၁၀၊ ဘာသာရေး အဆောက်အုံ ပျက်စီးမှု ၃၃ လုံးနဲ့ မတရား ဖမ်းဆီးခံရသူ ၂၇၉ ဦး ရှိတယ်လို့ PKPF ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

"အဓိက ကြုံနေရတဲ့ အခက်အခဲဆိုရင် စားနပ်ရိက္ခာနဲ့ ရေပေါ့နော်။ ရေရှားလာပြီဆိုရင် ရေရှားတဲ့အလျောက် ဝမ်းရောဂါတွေ၊ ကလေးတွေ ယားနာတွေ ဖြစ်လာမှာ"

ပထဝီအနေအထားအရ တောတောင်ထူထပ်ပြီး ရေရှားတဲ့ ကရင်နီဒေသမှာ အစား အသောက်အပြင် သောက်သုံးရေ ပြတ်လပ်တဲ့ဒဏ်ကို ခံစားနေရတယ်လို့ ဒီမော့ဆိုမြို့နယ်က ကရင်နီ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"အခက်အခဲတွေကတော့ အများကြီးပဲ။ ကျမတို့ နေတဲ့နေရာမှာ အများကြီးတော့ ရေခမ်းခြောက်နေပြီ။ အစကတည်းက ရေသိပ်အဆင်ပြေတဲ့အထဲမှာ မပါဘူးပေါ့နော်။ အခုကျတော့ ပိုဆိုးတယ်။ ရေအခက်အခဲရှိတယ်။ အစားအသောက်လည်း ရှားပါး လာတယ်။ အခုနောက်ပိုင်းမှာ ကျန်းမာရေးက ဝမ်းပျက်ဝမ်းလျှောလည်း ဖြစ်တယ်။ ချောင်းဆိုးတယ်ပေါ့။ အဲဒီလိုလည်း ဖြစ်တယ်"

ကရင်နီပြည် စစ်ဘေးရှောင် ကူညီရေးကွန်ရက် တာဝန်ခံကတော့ စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါး အဓိကလိုအပ်နေတယ်လို့ ပြောပါတယ်။

"အဓိက ကြုံနေရတဲ့ အခက်အခဲဆိုရင် စားနပ်ရိက္ခာနဲ့ ရေပေါ့နော်။ ရေရှားလာပြီဆိုရင် ရေရှားတဲ့အလျောက် ဝမ်းရောဂါတွေ၊ ကလေးတွေ ယားနာတွေ ဖြစ်လာမှာ။ အဲဒါတွေ ကုဖို့ ဆေးအခက်အခဲကလည်း ရှိပြန်တယ်ပေါ့နော်။ တိုက်ပွဲတောက်လျှောက် အစနဲ့ အဆုံးဖြစ်တော့ ကုန်သွယ်ရေးလမ်းလည်းပျက်တော့ အခက်အခဲတော့ အများကြီး ရှိတယ်။ အကုန်လုံး ခက်ခဲနေတယ်လို့ ပြောရမယ်ပေါ့နော်"

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မီးလောင်ကျွမ်းနေသည်ကို အဝေးမှ တွေ့ရစဉ်။ (Screenshot: KNDF Video)
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မီးလောင်ကျွမ်းနေသည်ကို အဝေးမှ တွေ့ရစဉ်။ (Screenshot: KNDF Video)

နေပြည်တော်ခံစစ် ကျိုးပေါက်မှာကို စိုးရိမ်တဲ့အတွက် စစ်ကောင်စီတပ်က ရှမ်း-ကယား နယ်စပ်နဲ့ ကရင်နီဒေသကို အင်အားသုံးနှိမ်နင်းနေတာလို့ စစ်ရေး၊ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

"နေပြည်တော်ခံစစ် စည်းကြောင်းကို ဖျက်မယ်ဆိုရင် ရှမ်း-ကယား နယ်စပ်က ကယန်းတွေ နေတဲ့ တောင်တန်းပေါ့။ အထူးသဖြင့် ပင်လောင်းမြို့ အနောက်ဘက်ခြမ်းကို သူတို့ အခိုင်အမာ ခံစစ်ပြင်ဖို့ အရေးကြီးနေတယ်။ ဒါကြောင့်မိုလို့ ရှမ်း-ကယားနယ်စပ်နဲ့ ပင်လောင်းအထိ ဒေသတစ်ကြောလုံးကို သူတို့အနေနဲ့ NUG ဦးဆောင်တဲ့အဖွဲ့တွေ KNDP ကရင်နီ ကာကွယ်ရေးအဖွဲ့တွေ ပြည်သူ့ ခုခံရေး စစ်ပွဲ ဆင်နွှဲနေတဲ့ အင်အားစုတွေကို အပြတ်ချေမှုန်းဖို့အတွက် သူတို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်”

NUG အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲဖော်မယ်ဆိုရင် ကရင်နီဒေသဟာ အထူးအရေးပါတဲ့ ဒေသဖြစ်တယ်ဆိုတာကို စစ်ကောင်စီဘက်လည်း ကြိုတွက်ထားပြီးသား လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ကရင်နီဒေသမှာ ကာကွယ်ရေးတပ်တွေရဲ့ တွန်းလှန်တိုက်ခိုက်မှု အားကောင်းတဲ့အတွက် စစ်ကောင်စီရဲ့ တပ်မ ၆၆ နဲ့ တပ်မ ၄၄ တို့ ဖွဲ့စည်းပုံ ပျက်သွားတဲ့အထိ အခြေအနေ ဆိုးခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ရေးလေ့လာ စောင့်ကြည့်သူတွေ က ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ကရင်နီဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်ပြီး သေဆုံးထိခိုက်မှုနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ ပိုများလာလိမ့်မယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။