ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ရုံနဲ့ နိုင်ငံတကာအမြင် ပြောင်းလဲစရာမရှိ
2023.08.01

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ပြစ်ဒဏ်တချို့ လျှော့ပေါ့ပေးရုံနဲ့ စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ သဘောထားအမြင်က အကောင်းဘက်ကို ပြောင်းလဲ နိုင်စရာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက မတရားစွဲဆိုထားတဲ့ အမှုတွေထဲက တချို့အမှုတွေအတွက် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၁၉ မှုထဲက ရာဇဝတ်အမှု ငါးမှုအတွက် ထောင်ဒဏ်ခြောက်နှစ်လျှော့ပေါ့လိုက်တာကြောင့် သူ့အနေနဲ့ ကျန်အမှုတွေအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရဖို့ရှိနေပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုတော့ အမှုရှစ်မှုအနက် စစ်ကောင်စီက နှစ်မှုလွတ်ငြိမ်းသက်သာခွင့် ကြေညာခဲ့တာကြောင့် ကျန်ခြောက်မှုအတွက် ထောင်ရှစ်နှစ် ဆက်လက်ကျခံရဖို့ ရှိပါတယ်။
နိုင်ငံတကာက ခြွင်းချက်မရှိ လွှတ်ဖို့တောင်းဆိုနေတာဖြစ်ပြီး လှည့်စားဖို့လုပ်ဆောင်တဲ့ ဒီလွတ်ငြိမ်းသက်သာခွင့်ကို နိုင်ငံတကာက လက်ခံနိုင်ဖို့မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကပြောပါတယ်။
“ တချို့ပြစ်ဒဏ်ကနေ လျှော့ပေါ့ပေးတယ်ဆိုတဲ့ဟာမျိုးက အဓိပ္ပါယ်မရှိဘူး။ သူတို့ခြွင်းချက်မရှိလုံးဝ လွှတ်ပေးရမှာပေါ့။ခုနစ်ထောင်ကျော်လွှတ်တယ်ဆိုတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါ သလဲတော့ မသိသေးဘူး။ သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံးလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့လိုတယ်။ အကြမ်းဖက် စကစ လုပ်တာဟာ နိုင်ငံရေးလှည့်ကွက်ပဲ။ နိုင်ငံတကာကတောင်းနေတာက ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းနေကြတယ်။ သူတို့ မတရားစွဲထားတဲ့ ပြစ်ဒဏ်တွေထဲက တချို့တဝက်ပဲ လွှတ်တယ်ဆိုတဲ့ဟာ နိုင်ငံတကာကလည်း လက်ခံစရာ အကြောင်းလုံးဝမရှိပါဘူး။ နိုင်ငံတကာကို လှည့်လို့ရမယ်ဆိုပြီး ကြိုးစားတဲ့ ကြိုးစားချက် တစ်ခုပါပဲ။”
ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားလွှတ်တော်ကို အယူခံတက်ထားတဲ့ အမှုကြီးတွေကိုချန်ပြီး အမှုသေးတွေကိုသာ လွတ်ငြိမ်းခွင့်ပေးလိုက်တာကိုကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ စေတနာမှန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ကပြောပါတယ်။
“တရားလွှတ်တော်ချုပ်ကို အယူခံတက်ထားတဲ့ အမှုတွေအားလုံးချန်ထားတယ်။ အဲ့ဒါက အမှုကြီးတွေ။ စွဲထားတဲ့ ၁၉ မှုထဲက ငါးမှုလျှော့ပေးလိုက်တာဆိုတော့ ၁၄ မှုလောက်ကျန်နေတာပေါ့။ အဲ့ဒီအမှုကြီးတွေက ရဟတ်ယာဉ်အမှုကြီးတွေပါတယ်။ အသေးလေးတွေပဲ လွတ်ငြိမ်းခွင့်ပေးလိုက်တာ ဘယ်ကစေတနာမှ မမှန်တာကိုး။ တကယ်ဆို ဒေါ်စု၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင် တို့ကို လွှတ်ပေးရမယ်။ သူတို့ချင်းတွေ့ပြီးတော့ သူတို့တွေက ပေါ်လစီတွေချမှတ်မယ်။ အဲ့ဒါဆို တိုင်းပြည်က အများကြီး မျှော်လင့်ချက်ရှိမယ်။ အခုဟာက သူတို့ရဲ့ ဇာတ်လမ်းထဲကို ပြည်သူတွေကို ဝင် က ခိုင်းတာ။ သူတို့ဆိုင်းတီးပေးမယ် ကကြဆိုပြီးတော့။”
စစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတတို့ကို ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ အဂတိအမှု ငါးမှုနဲ့ တရားစွဲထားပြီး အဲ့ဒီအမှုတွေကို လွတ်ငြိမ်းသက်သာခွင့် မပေးခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့အမှုတွေက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ် ၂၅ နဲ့စွဲထားတဲ့ အမှုနှစ်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) တို့ဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ အမှုတွေကတော့ ရာသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)နဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အမှုတွေပါ။

ဒီလိုလျှော့ပေါ့မှုဟာ နိုင်ငံတကာဖိအားတွေလျော့အောင် စစ်ကောင်စီဘက်က လုပ်ဆောင်တာဖြစ်ပြီး သက်ရောက်မှုတစ်စုံတစ်ရာ မရှိနိုင်ဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က မှတ်ချက်ပြုပါတယ်။
“ဒါကအဖြေမဟုတ်ဘူး။ နိုင်ငံရေး စိတ်စေတနာကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းပေးတာမဟုတ်ဘူး။ ပြည်တွင်းမှာလည်း နယ်ပယ်အသီးသီးမှာ သူတို့အရှုံးကြီးရှုံးနေတယ်။ နိုင်ငံတကာသံတမန်ရေး မျက်နှာစာမှာလည်း သူတို့လည်း အရေးနိမ့်နေတာမို့ ပြည်တွင်း၊ ဒေသတွင်း၊ နိုင်ငံတကာရဲ့ ဖိအားတွေကို ဖြေလျှော့တဲ့ အနေနဲ့ သူတို့ အခုလိုမျိုးစီစဉ်ဆောင်ရွက်ခြင်း ဖြစ်တယ်။ နိုင်ငံရေးစိတ်စေတနာမပါဘဲနဲ့ ဆောင်ရွက်တဲ့ကိစ္စအတွက် နိုင်ငံတကာက တစုံတရာ အပြောင်းအလဲ ရှိဖို့အားနည်းတယ်လို့ သုံးသပ်ချင်တယ်။”
CDM ဗိုလ်ကြီး ညီသုတကတော့ စစ်ကောင်စီက နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ပုဒ်မတချို့ဖြေလျှော့ပေးတာဟာ တော်လှန်ရေး အင်အားစုတွေဘက်က အားကောင်းလာတာကြောင့်လို့ ယူဆပါတယ်။
“ တော်လှန်ရေး အင်အားစုတွေဘက်မှာက တိုးတက်မှုတွေရှိလာတယ်။ စိုးမိုးမှုနယ်မြေတွေများလာတယ်။ စစ်ကောင်စီနယ်မြေဘက်မှာက ထိန်းချုပ်နိုင်တဲ့ အခြေအနေတွေကင်းမဲ့လာတယ်။ ဒီအခြေအနေကို ကစားဖို့ တစ်ဆင့်ချင်း ဖြေလျှော့တယ်လို့ မြင်ပါတယ်။ သူတို့သည် ခြောက်လ တစ်နှစ် နောက်ထပ် ထပ်စောင့်လို့ ရှိရင်လည်း သူတို့ဘက်က အခြေအနေမဟန်ဘူးဆိုရင် ထပ်ပြီးတော့မှ သူတို့ဘက်က အရင်လိုပဲ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ဟာမျိုးလည်း သွားနိုင်ခြေရှိပါတယ်။ ၂၀၁၀ တုန်းကလည်း အလားတူပဲပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို သူတို့လွှတ်ပေးလိုက်တယ်။ အခုဒီကာလမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ရှိလာခဲ့တယ်ဆိုရင်တောင် သူတို့တိုင်းပြည်ကို မထိန်းချုပ်နိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့မဖြစ်မနေ လွှတ်ပေးရတဲ့ အနေအထားမျိုးဖြစ်လာပါလိမ့်မယ်။”
နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးနေမျိုးဇင်ကတော့ စစ်ကောင်စီက နိုင်ငံတကာကို မျက်လှည့်ပြနေတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ လွှတ်ပေးမှာမဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ရဲဘူး။ ထွက်ပေါက်လည်းလုံးဝပိတ်နေတယ်။ နိုင်ငံတကာကိုလည်း မျက်လှည့်ပြဖို့ကြိုးစားတယ်။ လက်ရှိဥပဒေမဲ့ ဆက်လက်လုပ်ဆောင်ချက်အတွက် ဆင်ကန်းတောတိုး ဆက်သွားလိမ့်ဦးမယ်ပဲ ကျွန်တော်ယူဆတယ်။”
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းတည်းက ဖမ်းဆီးခံခဲ့ရတာပါ။
လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်တစ်အိမ်ကို ပြောင်းရွှေ့ထားကြောင်း သတင်းတွေထွက်နေပေမယ့် စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာ ထိန်းသိမ်းထား တယ်ဆိုတာ တရားဝင်ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။