အာဆီယံနဲ့ နိုင်ငံတကာ တိုက်တွန်းနေတဲ့ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်သေး
2023.05.10

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံတကာ သံအရာရှိတွေနဲ့ အာဆီယံအဖွဲ့ကြီးက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ စစ်ကောင်စီကို တိုက်တွန်းနေကြပါတယ်။ လက်ရှိအခြေအနေအရ တွေ့ဆုံဆွေးနွေးရေး လမ်းစ လုံးဝ မမြင်ရသေးဘူးလို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။
ဧပြီ ၁၁ ရက် ပဇီကြီးတိုက်ခိုက်မှုအပြီး ဧပြီ ၁၆ ရက်ကနေ မေလဆန်းထိ တရုတ် ကွန်မြူနစ် ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးညွှန်ချုပ် Peng Xiubin၊ ထိုင်းဒုဝန်ကြီးချုပ် Don Pramudwinai၊ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်းတို့ နေပြည်တော်ကို ဆက်တိုက်ရောက်လာပြီး မြန်မာနိုင်ငံက ပြဿနာ တွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်နဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးချက်ကို အတိအကျ မသိရပေမယ့် မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်အတွင်းမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ စစ်ကောင်စီဥက္ကဋ္ဌကို တိုက်တွန်းခဲ့ကြောင်း The Elders အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အလားတူ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း မြန်မာ နိုင်ငံမှာ အကြမ်း ဖက်မှုတွေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အာဆီယံသံတမန် တွေ လိုက်ပါလာတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရမှုအပေါ် ပြစ်တင်ရှုတ်ချပြီး ပြဿနာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို လိုက်နာမှု ရှိ၊ မရှိ ဆိုတာက လက်ရှိအခြေအနေအရ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“နိုင်ငံတကာက ကူညီဆောင်ရွက်ပေးနေတဲ့ဟာတွေက ထိရောက်မှု ရှိလားဆိုတာကို လက်ရှိ မြေပြင်မှာရှိနေတဲ့ အခြေအနေကိုကြည့်ရင် သိနိုင်ပါတယ်။ မစ္စတာ ဘန်ကီမွန်း လာသွားပြီးတော့ ချက်ချင်းပဲ သူတို့ရဲ့ ပထမခြေ လှမ်းက ဘာလဲဆိုတော့ အရပ်သား ဆေးရုံကို ဗုံးချလိုက်တယ်။ နောက်ပြီးတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးလာနေတဲ့ အချိန်မှာပဲ အရပ်သားပြည်သူလူထုကို ဗုံးကြဲတိုက်ခိုက်တယ်။ အဲဒါမျိုးတွေကို ကြည့်ခြင်းအားဖြင့် သူတို့က နိုင်ငံတကာကနေ ပြောနေတဲ့ အကြမ်းဖက်မှုတွေ ရပ်စဲပါ ဆိုတဲ့ စကားကို နားထောင်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေမှုကို တွေ့မြင်နိုင် တယ်”
လက်ရှိမှာ စစ်ကောင်စီက အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတာကြောင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာဖို့က စဉ်စားစရာ ဖြစ်နေတယ်လို့ ဦးကျော်ဇော် က ပြောပါတယ်။
ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တဲ့ လူစုလူဝေး ပြုလုပ်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
“ငြိမ်းချမ်းရေးသဘောတွေ၊ ဒီမိုကရေစီလမ်းကြောင်းတွေ၊ ရွေးကောက်ပွဲတို့ ဘာတို့ ပြောနေပေမယ့် တကယ့် အခြေအနေကတော့ အဲဒါတွေနဲ့ ဖြေရှင်းနိုင်မယ့် အနေအထား မတွေ့သေးပါဘူး"
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ Thermobaric ခေါ် ပေါက်ကွဲနှုန်းမြင့် မီးလောင်ဗုံးတွေကို သုံးခဲ့ကြောင်း လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်အဖွဲ့ (HRW) က မေလ ၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။
နိုင်ငံတကာခေါင်းဆောင်တွေက တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာဖို့ တောင်းဆိုတဲ့အပေါ် စစ်ကောင်စီရဲ့ သဘောထားကို မေးမြန်းဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုတာက လက်ရှိမှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို့ ပြောပါတယ်။
“ပြောရရင်တော့ တစ်ခါတစ်ရံမှာ မြန်မာတွေရဲ့ သဘောသဘာဝအရ တွေ့ဆုံတယ်၊ ညှိနှိုင်းတယ် ပြေရာပြေကြောင်း ဒီလိုမျိုး ပြောတာပဲရှိတယ်၊ ဒါပေမဲ့ တကယ် လက်တွေ့ သွားတဲ့လမ်းကြောင်းက အဲလိုမျိုး နိုင်ငံတကာဖိအားကြောင့် လိုက်သွားတယ်ဆိုတာ တော်တော်ကို ရှားတယ်။ အဲတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ကိစ္စက တချို့ မျှော်လင့်ချင်သူတွေအတွက် မျှော်လင့်စရာ ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ဒါပေမဲ့ လက်တွေ့မှာ ဖြစ်နိုင်ဖို့အတွက် လိုအပ်ချက်တွေ အများကြီးရှိဦးမယ်လို့ပဲ ဖြေချင် ပါတယ်”
နိုင်ငံတကာဖိအားကြောင့် အားလုံးပါဝင်တဲ့ တွေ့ ဆုံဆွေးနွေးရေးဆိုတာ မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးဘူးလို့လည်း ဦးသိန်းထွန်းဦး က ပြောပါတယ်။
နိုင်ငံတကာသံတမန်တွေနဲ့ အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်တွေရဲ့ ခရီးစဉ်တွေဟာ အကျပ် အတည်း ဖြေရှင်းရေး နည်းလမ်းကို ကြိုးစားရှာဖွေတာသာဖြစ်ပြီး၊ လတ်တလော အခြေ အနေအရ ထွက်ပေါက် မတွေ့ သေးဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
“ငြိမ်းချမ်းရေးသဘောတွေ၊ ဒီမိုကရေစီလမ်းကြောင်းတွေ၊ ရွေးကောက်ပွဲတို့ ဘာတို့ ပြောနေပေမယ့် တကယ့် အခြေအနေကတော့ အဲဒါတွေနဲ့ ဖြေရှင်းနိုင်မယ့် အနေအထား မတွေ့သေးပါဘူး၊ ဒါပေမဲ့ အဲဒီ လမ်းကြောင်းကို ကြိုးစားရှာဖွေနေတဲ့ သဘောပဲ ရှိတယ်။ ဒီလောက်ပါပဲ။ ဒီထက် ထူးခြားတဲ့ သက်ရောက်မှု ဖြစ်လာစရာ အခြေအနေ မရှိသေး ဘူးလို့ ကျွန်တော်တို့ မြင်ပါတယ်”
တရုတ်နိုင်ငံကတော့ စစ်ကောင်စီဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်ဖို့ ဆုံးဖြတ်ထားပုံ ရတယ်လို့ ဦးသန်းစိုးနိုင် က ပြောပါတယ်။
လက်ရှိအနေအထားမှာ နိုင်ငံတကာက တိုက်တွန်းနေတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖြစ်မလာနိုင်သေးဘဲ ဒီတိုက်တွန်းချက်တွေကို လက်ခံ၊ မခံဆိုတဲ့အပေါ်မှာ အငြင်းပွားမှု တွေသာ ပိုဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး က ပြောပါတယ်။
“နိုင်ငံတကာက မျှော်လင့်သမျိုး ဒီလိုမျိုး လာတွေ့တယ်၊ စကားပြောတယ်။ ပြောပြီး တော့ အချင်းချင်း အားလုံး တည့်သွားပြီးတော့ အားလုံးလက်ခံနိုင်တဲ့ အဖြေတစ်ခုကို ရောက်သွားပြီဆိုတဲ့ဟာမျိုးတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လက်ရှိအခြေအနေအားဖြင့် အဲလိုမျိုး တွေ့လိုက်တဲ့အတွက်ကြောင့်မို့လို့ တွေ့လိုက်တဲ့ဟာနောက်မှာ လက်ခံသင့် တယ်လို့ ယူဆတဲ့အဖွဲ့တွေပေါ်လာပြီး ဒီဘက်က တွေ့ဆုံဆွေးနွေးရေးကို လက်မခံဘူး ဆိုတဲ့ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ကြားမှာ တင်းမာမှုတွေဖြစ်ပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် မုန်းတီးမှုတွေ ပွားလာနိုင်စရာတော့ ရှိတယ်”
နိုင်ငံတကာအသိုက်အဝန်းက မြန်မာနိုင်ငံက ပြဿနာတွေကို ပြည်တွင်းအစုအဖွဲ့တွေကြား သာမန် သဘောထားကွဲမှုလို့သာ ရှုမြင်ထားပြီး၊ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစု တွေကတော့ တစ်ဖက်နဲ့ တစ်ဖက် အပြုတ်တိုက် အပြီးချေမှုန်းရေးလမ်းကြောင်းကို ဦးတည်နေတာကြောင့် တွေ့ဆုံဆွေးနွေးရေးက အလှမ်းဝေးနေဦးမယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။
လတ်တလော ထိပ်သီးညီလာခံကျင်းပနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ ကတော့ မြန်မာ့အရေး ဖြေရှင်းဖို့အတွက် Quiet Diplomacy လို့ခေါ်တဲ့ တိတ်တဆိတ် သံတမန်နည်း သုံးပြီး ကြိုးစားနေကြောင်းနဲ့ မြန်မာနိုင်ငံက သက်ဆိုင်သူတွေ၊ ကုလသံအရာရှိတွေ၊ အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုပေါင်း အကြိမ် ၆၀ လောက် လုပ်ပြီးပြီလို့ မကြာသေးခင်ကပဲ သတင်းထောက် တွေကို ထုတ်ပြောထားပါတယ်။
နေပြည်တော်မှာ စစ်ခေါင်းဆောင်တွေနဲ့ လာရောက်တွေ့ဆုံခဲ့တဲ့ ရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း ကတော့ မြန်မာ့အရေးဟာ ရှုပ်ထွေးနက်နဲလွန်းတာကြောင့် အမြန်ဆုံးနည်းနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်သေးကြောင်း မြန်မာပြည်ခရီးစဉ်မတိုင်ခင် မေလ ၁ ရက်နေ့က ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ နဲ့ တွေ့ဆုံစဉ် ပြောကြားထားပါတယ်။