အာဆီယံအထူးသံအဆိုပြုချက် စစ်တပ်အင်အားဖြည့်တင်းဖို့ အချိန်ရလို့ သုံးသပ်
2021.09.06
မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ကြားဝင်ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုအဖြစ် အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး- ၂ အာရီဝန်ယူဆွတ်ဖ်က မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ဖို့ အခုနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲထားဖို့ အဆိုပြုထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်က အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးရာမှာ ဒီအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို စစ်ကောင်စီဘက်က သဘောတူလိုက်ကြောင်း Kyodo News သတင်းဌာနက စက်တင်ဘာလ ၅ရက်က ဖော်ပြခဲ့ပါတယ်။
အခုလို မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ အားလုံး ၄ လကြာ အပစ်အခတ်ရပ်စဲကြဖို့ သဘောတူညီချက်နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က လက်ခံလိုက်ပေမဲ့ ထိရောက်တဲ့ ရလဒ် တွေ ပေါ်ထွက်လာမယ်လို့ မထင်ကြောင်း ကုလသမဂ္ဂ လူ့အရေးဆိုင်ရာမဟာမင်းကြီးရုံးရဲ့ မြန်မာနိုင်ငံရုံးခွဲမှာ အလုပ်လုပ်ခဲ့တဲ့ မြန်မာ့အရေးသုံးသပ်သူ ဆမ်ဘာရွန်က ပြောပါတယ်။
“မြန်မာစစ်တပ်ဟာ အာဆီယံ အထူး ကိုယ်စားလှယ် အာရီဝန် ယူဆွတ် နဲ့ သဘောတူလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တကယ်လေးလေးနက်နက် အကောင်အထည်ဖော်မယ့် အရိပ်အယောင် မတွေ့ရပါဘူး။ အတိတ်ကလည်း မြန်မာ့တပ်မတော်ဟာ သူတို့ရဲ့ အကျိုးအမြတ်အတွက် ရထားပြီးသား အပစ်ရပ် သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တဲ့ သာဓကတွေရှိပါတယ်။ အခုတစ်ခါလည်း ဒီအတိုင်းပဲ ဖြစ်မယ် ထင်ပါတယ်။ အမှန်က ဒီအပစ်ရပ် သဘောတူညီချက်မှာ အာဆီယံနဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မပါဝင်ဘဲ လူသားချင်းစာနာမှု အကူအညီပေးဖို့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ဒီလို သဘောတူညီချက်မျိုးက ထိရောက်မှု ရှိမယ် မထင်ပါဘူး။ ဒီ အပစ်ရပ် သဘောတူညီချက်ကြောင့် မြန်မာစစ်တပ်အနေနဲ့ လက်နက်အင်အား ဖြည့်တင်းဖို့ အချိန်ပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါက မြန်မာနိုင်ငံအကြပ်အတည်းနဲ့ ပတ်သက်လာရင် အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့တင် မလုံလောက်ကြောင်း ပြသနေပါတယ်“
အာဆီယံနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေအရေး လေ့လာ သုတေသနပြုဖို့ စင်ကာပူအစိုးရက တည်ထောင်ထားတဲ့ (ယူစွတ် အီဆက် အင်စတီကျု) ISEAS Yusof Ishak Institute ISEAS က မြန်မာ့အရေး ကျွမ်းကျင်သူ သုတေသီ ဒေါ်မိုးသူဇာကတော့ အခု အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ရလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ပြီးခဲ့တဲ့ ဧပြီလက ဂျကာတာ ထိပ်သီးအစည်းအဝေးပွဲမှာ ချမှတ်ခဲ့တဲ့ သဘောတူညီချက် ငါးချက်ထဲက တစ်ချက် ဖြစ်တဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ဖို့ အပစ်အခတ် တိုက်ခိုက်မှုတွေ ရပ်စဲထားဖို့ ဆိုတဲ့ အချက်ကို အကောင်အထည်ဖော်နိုင်တဲ့ သဘောဖြစ်တယ်လို့ သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကြပ်အတည်းကို အာဆီယံက ကြားဝင်ဖြေရှင်းဖို့ ကြိုးစားတဲ့နေရာမှာ အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ ထင်သလောက် မြန်ဆန် ထိရောက်မှု မရှိတဲ့အကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဗီဗီယန် ဘာလာ ခရစ်ရှနန်က ပြီးခဲ့တဲ့ လက ရိုက်တာသတင်းဌာနနဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။
အာဆီယံအဖွဲ့ကြီးဟာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့လည်း ထိတွေ့ဆက်ဆံနေပြီး၊ မြန်မာနိုင်ငံအရေးမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်လာဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ရဖို့ ကြိုးပမ်းနေတဲ့အကြောင်း သူကပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေဟာ စစ်ခေါင်းဆောင်တွေကို သက်ရောက်မှုရှိမှာ မဟုတ်ဘဲ သာမန်ပြည်သူတွေကသာ နိုင်ငံတကာနဲ့ ဝေးကွာသွားလိမ့်မယ်လို့လည်း သူက ပြောသွားပါတယ်။