မြန်မာမပါတဲ့ အာဆီယံထိပ်သီးညီလာခံ ဘာတွေထူးသလဲ
2021.10.28

အောက်တိုဘာလ ၂၈ရက်နေ့က အာဆီယံ ထိပ်သီးညီလာခံ နောက်ဆုံးနေ့ ပိတ်ပွဲ အခမ်းအနားမှာ လက်ရှိ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံဘုရင်နဲ့ အစိုးရအဖွဲ့အကြီးအကဲ စူလတန် ဟာဆင်နယ် ဘိုကီးရားက ၂၀၂၂ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ကို ဥက္ကဋ္ဌနေရာ လွှဲပြောင်းပေးအပ်ခဲ့ပြီး ညီလာခံကို ပိတ်သိမ်းခဲ့ပါတယ်။
အခုနှစ် ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံ မတက်ရောက်နိုင်ပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်နေဆဲဖြစ်တယ်လို့ အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘရူနိုင်းဘုရင် ဟာဆင်နယ် ဘိုကီးရားက ပြောသွားပါတယ်။
“မြန်မာနိုင်ငံဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေနဲ့အညီ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးက မျှော်လင့်နေပါတယ်။ ဒီနှစ်ညီလာခံဟာ အာဆီယံ ပဋိညာဉ်ထဲမှာပါတဲ့ ကြားဝင်စွက်ဖက်မှုမပြုရေး သဘောတရားတွေကို မထိခိုက်ဘဲ မြန်မာနိုင်ငံအတွက် ပြဿနာ ဖြေရှင်းဖို့ အချိန်ပေးလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေကို အပြည့်အဝဖြေရှင်းနိုင်ဖို့ မြန်မာပြည်သူတွေပဲ လုပ်နိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ အာဆီယံမိသားစုရဲ့ အရေးပါတဲ့အစိတ်အပိုင်း ဖြစ်နေဆဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပုံမှန်အခြေအနေ အမြန်ဆုံးရောက်ဖို့ ကျွန်တော်တို့ အားလုံးမျှော်လင့်နေပါတယ်။ အာဆီယံနဲ့ သဘောတူထားတဲ့ အချက်ငါးချက်ပါ သဘောတူချက်တွေကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ဖို့ မျှော်လင့်နေပါတယ်“
ဒီနှစ် အာဆီယံထိပ်သီးညီလာခံရဲ့ ရလဒ်တစ်ခုကတော့ ASEAN SHIELD လို့ခေါ်တဲ့ ဘေးအန္တရာယ်နဲ့ အရေးအပေါ် အခြေအနေ တုံံ့ပြန်မှုတွေအတွက် အာဆီယံနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှုအတွက် ဘန်ဒါစရီ ဘီဂါဝမ် ကြေညာစာတမ်းကို ချမှတ်နိုင်ခဲ့တာဖြစ်တယ်လို့ ဘရူနိုင်းဘုရင် ဟာဆင်နယ် ဘိုကီးရားက ပြောပါတယ်။ ဒါ့အပြင် အာဆီယံဒေသတွင်းက ပြည်သူတွေ ကိုဗစ်-၁၉ ကာကွယ်ဆေး အမြန်ဆုံးရရှိဖို့နဲ့ စီးပွားရေး ပြန်လည်နာလန်ထူနိုင်ဖို့ ASEAN Comprehensive Framework on Care Economy အစီအစဉ်နဲ့ ရေရှည် အကျိုးဖြစ်ထွန်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိဖို့ အစီအမံတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားဖို့ သဘောတူခဲ့တယ်လို့ သူက ပြောပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့က စတင်တဲ့ အာဆီယံထိပ်သီး အစည်းအဝေးနဲ့အတူ အာဆီယံနဲ့ အာရှနိုင်ငံတွေ ပါဝင်တဲ့ အရှေ့အာရှ ညီလာခံမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHOနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။ အခုနှစ်မှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ ပါဝင်တဲ့ အာဆီယံ plus three ညီလာခံနဲ့အတူ အာဆီယံ-အိန္ဒိယထိပ်သီးညီလာခံ၊ ပထမဆုံးအကြိမ် ကျင်းပတဲ့ အာဆီယံ-ဂျပန်၊ အာဆီယံ- သြစတြေးလျ နဲ့ အာဆီယံ-အမေရိကန် ထိပ်သီးညီလာခံတွေကို ကျင်းပနိုင်ခဲ့ပါတယ်။
အောက်တိုဘာလ ၂၇ရက်က ကျင်းပတဲ့ အာဆီယံ သြစတြေးလျထိပ်သီးညီလာခံမှာတော့ သြစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်က မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ပြောသွားပါတယ်။
“စင်္ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း ပြောသွားသလိုပဲ မြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အားလုံး စိုးရိမ် ပူပန်နေပါတယ်။ သြစတြေးလျအနေနဲ့ ဒီအကျပ်အတည်းထဲက ရုန်းထွက်နိုင်ဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံပါတယ်။ မြန်မာ စစ်တပ်အနေနဲ့ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းဖို့နဲ့ သြစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနဲ အပါအဝင် အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူ အားလုံးကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်“
အခုနှစ်မှာ အာဆီယံနဲ့ရုရှား ဆက်ဆံရေး နှစ်သုံးဆယ်ပြည့်အထိမ်းအမှတ် အာဆီယံ-ရုရှား ထိပ်သီးညီလာခံကို ကျင်းပခဲ့ပြီး၊ ရှေ့လမှာ တရုတ်- အာဆီယံ ဆက်ဆံရေး နှစ်သုံးဆယ်ပြည့် ထိပ်သီးညီလာခံကို ကျင်းပမှာဖြစ်ပါတယ်။
အခုနှစ် အာဆီယံထိပ်သီးညီလာခံမှာ အာဏာသိမ်းထားတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ညီလာခံ တက်ရောက်ခွင့် မပေးပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံအတွက် အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တယ်ဆိုတဲ့အချက်ကို အာဆီယံခေါင်းဆောင်တွေက ထပ်တလဲလဲ ပြောကြားခဲ့တာကို ကြည့်ရင် အာဆီယံရဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကိုပါ ဒဏ်ခတ်တဲ့သဘော မဟုတ်ကြောင်း ပြသဖို့ ကြိုးစားတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
စင်္ကာပူအစိုးရရဲ့ အရှေ့တောင်အာရှလေ့လာရေးဌာနက မြန်မာ့အရေး သုတေသီ ဒေါ်မိုးသူဇာကတော့ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ နိုင်ငံအကြီးအကဲအဖြစ် ညီလာခံတက်ရောက်ခွင့်ရဖို့ ကြိးပမ်းမှုတွေကို လက်မခံတဲ့ သဘောသာဖြစ်ပြီး၊ မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံ အဖြစ်ကနေ ရပ်စဲခြင်း၊ သို့မဟုတ် ဆိုင်းငံ့ခြင်းပြုလုပ်ဖို့ ရည်ရွယ်တာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။