မိုးမိတ်မှာ တိုက်ပွဲပြင်းထန်ပြီး မြို့လုံးကျွတ်ထွက်ပြေးနေရ
2024.01.20

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေအကြား ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
KIA နဲ့ PDF ပူးပေါင်းတပ်တွေက မိုးမိတ်မြို့ကိုသိမ်းယူဖို့ ကြိုးပမ်းရာကနေ ဇန်နဝါရီလ ၁၈ ရက်ကစလို့ တိုက်ပွဲတွေ ပြင်းထန်လာတာပါ။
ဇန်နဝါရီလ ၁၉ ရက် ညကတော့ လေကြောင်းရော၊ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် မိုးမိတ်မြို့မဈေးတစ်ခုလုံး မီးလောင်ပျက်စီးသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"မြို့မဈေး ဈေးကြီးကတော့ အကုန်လုံး ပြာကျသွားတာပေါ့။ ညခြောက်နာရီလောက်က ဖြစ်သွားတာ။ တစ်ဈေးလုံး ကုန်သွားပြီ၊ ပြာကျသွားပြီ။ မြို့ခံတွေကတော့ ဒီနေ့ မနက်တော့ တော်တော်လေး ထွက်ခွင့်ပေးတယ်။ မနေ့ကအထိတော့ တော်တော်လေး ကျန်သေးတယ်။ ဒီနေ့ မြို့အပြင်ကိုတော့ ထွက်ကြပြီ။ ဟော..တွေ့လား….(လက်နက်ကြီးပေါက်ကွဲသံများ) လေယာဉ်နဲ့အဲဒါ ကျွန်တော့်ခေါင်းပေါ်မှာ ဖြတ်နေပြီ။ အခုမနက်ကျမှ ထပြီးတော့ တအားဖြစ်တာ။ မိုးလင်းစမှာ ခြောက်နာရီလောက်လား မသိဘူး။ တအားဖြစ်တယ်"
မြို့မဈေးက ဈေးဆိုင်ခန်း ၁၅၀ ဝန်းကျင် မီးလောင်ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် မြို့ပေါ် ရပ်ကွက်လေးခုမှာ နေထိုင်တဲ့ လူဦးရေ ၁၁,၀၀၀ ကျော်ထဲက အိမ်စောင့်အဖြစ်ကျန်နေတဲ့ လူဦးရေ နှစ်ရာကျော်လောက်ကလွဲပြီး အရပ်သားအားလုံး ဘေးလွတ်ရာကို ထွက်ပြေးသွားကြပြီလို့ မြို့ခံတွေက ပြောပါတယ်။
နီးစပ်ရာ မြို့၊ ရွာတွေကို ထွက်ပြေးကြတာရှိသလို တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေသူတွေလည်း ရှိပါတယ်။
ကိုယ်လွတ်ရုန်းထွက်ပြေးရတာကြောင့် အစစအရာရာ ခက်ခဲနေတယ်လို့ မိုးမိတ်မြို့ခံ တစ်ဦးက ပြောပါတယ်။
"ဒီမနက်ဆိုရင် လေယာဉ်ဆိုရင် ခါတိုင်းဆိုရင် တစ်ချက်တစ်ချက်ပဲပစ်တာ။ ဒီမနက်ဆိုရင် ဆက်တိုက်၊ ဆက်တိုက်ကို ပစ်တာတွေရှိတယ်ဗျ။ ရပ်ကွက်တွေ တချို့အိမ်တွေဆိုရင်လည်း ပျက်စီးတာတွေ များတယ်ဗျ။ ပစ်ခတ်နေတယ်ဆိုတော့ လုံခြုံမှုဆိုတာ လုံးဝမရှိတော့ဘူးလေ။ ဆောင်းတွင်းကာလလည်း ဖြစ်တယ်။ ဒီစားဝတ်နေရေး၊ တချို့ဆိုရင် မိသားစုကွဲတဲ့ဟာတွေလည်းရှိတယ်။ အခက်အခဲကတော့ မျိုးစုံဖြစ်နေတာပေါ့။ မနေ့တုန်းကဆိုရင် စစ်ကောင်စီဘက်က နေပြီးတော့မှ တွေ့တဲ့လူကို ရိုက်မှောက်ခိုင်းတယ်။ မှောက်ခိုင်းပြီးတော့မှ နားကပ်တွေ၊ လက်စွပ်တွေကို သူတို့ကိုယ်လုံးပေါ်မှာ တစ်ခါတည်းဖြုတ်သွားတာတွေရှိတယ်လို့ ပြောတယ်ဗျ"
နှစ်ရက်တာတိုက်ပွဲအကြား မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်က အသက် ၃၇ နှစ်အရွယ် ကိုစည်သူ၊ တောင်ပိုင်းရပ်ကွက်က အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ သက်ကြီးပိုင်းအရွယ် ဒေါ်စန်းစန်းအေးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ပါတယ်။ ဒီအပြင် အရပ်သား ဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
"မနေ့တုန်းကဆိုရင် စစ်ကောင်စီဘက်က နေပြီးတော့မှ တွေ့တဲ့လူကို ရိုက်မှောက်ခိုင်းတယ်။ မှောက်ခိုင်းပြီးတော့မှ နားကပ်တွေ၊ လက်စွပ်တွေကို သူတို့ကိုယ်လုံးပေါ်မှာ တစ်ခါတည်းဖြုတ်သွားတာတွေရှိတယ်လို့ ပြောတယ်ဗျ"
မြေပြင်မှာ ဒီထက်မက သေဆုံးထိခိုက်မှု များနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုတွေများသွားပြီဖြစ်လို့ PDF တွေအနေနဲ့ ဒီစစ်ပွဲကို နိုင်တဲ့အထိ ဆက်တိုက်ဖို့ မိုးမိတ်မြို့ခံတစ်ဦးက တိုက်တွန်းပါတယ်။
"ဒီ မနေ့က ညကဆိုရင် ပိုဆိုးတယ်ကွာ။ မိုးမိတ်ဈေးတောင်မှ ပြာကျသွားတယ်။ ပြာကျမယ့်အတူတူ PDF ကလည်း နိုင်အောင်တိုက်၊ တိုက်မယ့်အတူတူ အဲလိုပဲ ပြောချင်တယ်။ ဘာကြောင့်လဲဆိုရင် ဆုံးရှုံးမှု အရမ်းများနေပြီလေ။ ဆက်တိုက် နောက်မဆုတ်နဲ့ အဲလိုပဲ ပြောချင်တယ်"
မိုးမိတ်မြို့ဟာ ခရိုင်အဆင့် မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးမိတ်ဗျူဟာ လက်အောက်မှာ ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းတွေ အခြေစိုက်ပါတယ်။
မိုးမိတ်မြို့ရှိ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့တာပါ။
KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ မိုးမိတ်မြို့နယ်ထဲမှာ KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်နေတာရှိပေမယ့် မြို့ပေါ်က တိုက်ပွဲတွေမှာ KIA တပ်ဖွဲ့တွေ ပါဝင်ခြင်း ရှိ၊ မရှိ မသိရသေးဘူးလို့ RFA ကိုပြောပါတယ်။
"အဲဒီ မိုးမိတ်တိုက်ပွဲနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ရဲ့ ကွန်ရက် (သတင်းအချက်အလက်) မှာတော့ ဘာမှ အကြောင်းကြားတာ မရှိဘူး။ KIA ပါသလားတောင်မှ မသိဘူး။ အခုထက်ထိကတော့ ကျွန်တော်တို့ KIO သတင်းထဲမှာ ကတော့ မိုးမိတ်တိုက်ပွဲအကြောင်းတော့ ဘယ်သူမှ သတင်းပေးတာ၊ သတင်းပို့တာမရှိဘူး ဖြစ်နေတာ"
မိုးမိတ်တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို ရှမ်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက နေရာအများစုမှာ တိုက်ပွဲတွေ ရပ်တန့်နေပေမယ့် KIA တပ်တွေလှုပ်ရှားတဲ့ မိုးမိတ်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာတော့ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။