ရခိုင်မြောက်ပိုင်းမှာ အာဆာအဖွဲ့လှုပ်ရှားမှုတွေ ရှိလာတာကြောင့် ဒေသခံတွေ စိုးရိမ်

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.08.15
ရခိုင်မြောက်ပိုင်းမှာ အာဆာအဖွဲ့လှုပ်ရှားမှုတွေ ရှိလာတာကြောင့် ဒေသခံတွေ စိုးရိမ် အာရ်ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။
Arakan Rohingya New Generation Organization via Facebook

Updated: 8:40 AM (Aug 16, 2023)

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဒီလပိုင်းတွေအတွင်း အာရ်ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်တွေ အဝင်အထွက်တွေများလာလို့ တိုက်ပွဲတွေ ပြင်းထန်လာမှာနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှာကို စိုးရိမ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ARSA စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ လက်နက်ကိုင် အယောက်၂၀ လောက်ဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံရွာအနီးမှာ အခုလ ၁၂ ရက်နေ့က အိမ်စီးကားတစ်စီးကို မီးရှို့ခဲ့ပြီး ကားပေါ်ပါလာသူနှစ်ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

“ဘူးသီးတောင် မောင်တောမှာ ARSA၊ AA နဲ့ စစ်ကောင်စီနဲ့ သုံးပွင့်ဆိုင် ထိတွေ့မှုတွေ လှုပ်ရှားမှုတွေ ပိုများနေတာပေါ့"

စံပယ်ကုံး ကျေးရွာသား၊ အသက် ၃၀ ဝန်းကျင်ရှိတဲ့ ရိုဟင်ဂျာအမျိုးသားနှစ်ဦး ဖမ်းဆီးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ ၂၀၁၇ နောက်ပိုင်း ကျေးရွာတွေထဲအထိ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေက အခုလို ဝင်ရောက်ဖမ်းဆီးတာမရှိခဲ့ဘဲ အခုလိုဖြစ်လာတဲ့အတွက် စိုးရိမ်နေတယ်လို့ ရိုဟင်ဂျာနှစ်ယောက် ဖမ်းဆီးခံရတာကို မျက်မြင်တွေ့လိုက်သူတစ်ဦးက ပြောပါတယ်။

“ ဒီတလောမှာ ဒီတစ်ခါပဲ တွေ့ဖူးတယ်။ ဒီနေရာမှာ ဝင်ပြီးတော့ လူနှစ်ယောက်ဖမ်းသွားတာ၊ ဒေသခံတွေက စိုးရိမ်နေတာပေါ့။ ဒီလောက် ကျွန်တော်တို့ရွာနဲ့ နီးကပ်တဲ့နေရာမှာ သူတို့လာပြီးလုပ်သွားတာဆိုတော့။ စိုးရိမ်တာပေါ့ ရွာသားတွေက၊ ၂၀၁၇ နောက်ပိုင်းမှာ တစ်ခါမှမဖြစ်ဘူး ဒီနေရာမှာ။ ငါးရှာဖားရှာလူတွေကို တွေ့တဲ့နေရာမှာ သတ်တယ်။ လည်လှီးတယ်။ အဲ့ဒါတွေပဲ ရှိတယ်။ ဒီလိုမျိုး ARSA လုပ်ထားတာမတွေ့ဘူး။ ငါးရှာ ဖားရှာအဝေးကြီးသွားတဲ့လူတွေကို သူတို့ပုန်းပြီး လုပ်တာပဲရှိတယ်။ ဒီလိုမျိုး ရွာအနီးနား ဌာနဆိုင်ရာနဲ့ အနီးအနားမှာ လာလုပ်တာမရှိခဲ့ဘူး။ စိုးရိမ်တာပေါ့။ ညဘက်ဆို ဝင်လာမလား၊ လာခုတ်မလား။ အဲ့ဒီလိုစိုးရိမ်တာပေါ့။”

rohingya-family.jpg
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ မြစ်ချောင်းတစ်ခုတွင် ငါးဖမ်းရန်ပြင်ဆင်နေကြသည့် ရိုဟင်ဂျာမိသားစုတစ်စုအား ၂ဝ၁၇ ခုနှစ် ဩဂုတ်လအစောပိုင်းက တွေ့ရစဉ်။ (Photo: Reuters)

ARSA ရဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ မောင်တောမြို့နယ်အတွင်းက ရိုဟင်ဂျာတချို့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ လုံခြုံရေးအရ ဖြေဆိုဖို့ ငြင်းဆန်ကြပါတယ်။

ဒီလ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာနှစ်ဦးဟာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ပါ ဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး သာမန်အရပ်သားတွေ ဖြစ်တယ်လို့ သူတို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးလုံး ဩဂုတ်လ ၁၅ ရက်နေ့အထိ မလွတ်မြောက်လာသေးပါဘူး။

ARSA အဖွဲ့ဝင်တွေ ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ်လို့ မျက်မြင်နဲ့နီးစပ်သူတွေက ပြောကြပေမယ့် စစ်ကောင်စီက ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSO က ဖမ်းဆီးတာလို့ ဩဂုတ် ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒါကို RFA က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အရပ်သားပြည်သူတွေကို ဘယ်လက်နက်ကိုင်အဖွဲ့ကမဆို အခုလိုဥပဒေမဲ့ဖမ်းဆီးတာကို ရှုတ်ချတယ်လို့ ဖမ်းဆီးခံရသူနှစ်ဦးနဲ့ နီးစပ်တဲ့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

“အရပ်သားပြည်သူတွေက ကြားညှပ်ခံပြီးတော့ အခုလို လူအခွင့်အရေးချိုးဖောက်ခံရမှုတွေက ပေါ်ပေါ်တင်တင်ပဲ ဖြစ်လာတဲ့ ကိစ္စပါ။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ ဒီလိုမျိုး ဖမ်းဆီးစရာမလိုဘူး။ ဒီလိုမျိုးလုပ်တဲ့အပေါ် ကျွန်တော်တို့ ဘယ်ရိုဟင်ဂျာမှ လက်မခံဘူး။ ကန့်ကွက်တယ်။ ရှုတ်ချတယ်။ ဘယ်အဖွဲ့အစည်းကလုပ်လုပ်၊ ရက္ခိုင့်တပ်တော် လုပ်လုပ်၊ စစ်ကောင်စီက လုပ်လုပ်၊ ARSA လုပ်လုပ် တခြားအဖွဲ့အစည်းလုပ်လုပ် ဒါမျိုးကတော့ ကျွန်တော်တို့ လက်ခံလို့ မရဘူး”

ARSA အဖွဲ့ဟာ မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်က မေယုတောင်တန်းတွေမှာအပြင် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေအတွင်း လှုပ်ရှားနေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မေယုတောင်ကြောတလျှောက်က စိမ်းညှင်းပြာ၊ ဂူတာပြင်၊ အာကာပျံရွာတွေအနီးမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ထူးခြားတာက ARSA က အရင်ကဆို AA နဲ့ နားလည်မှုရထားတဲ့ သဘောရှိပြီး ကိုယ့်စည်း သူ့စည်းနဲ့ နေကြတာပေါ့။ အခုနောက်ပိုင်းမှာ တော်တော်လေးကို လှုပ်ရှားမှုတွေ များလာတယ်။" 

အဲဒီတိုက်ပွဲမှာ ARSA အဖွဲ့ဝင် လေးဦးသေဆုံးပြီး AA တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပေမယ့် RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ ဘူးသီးတောင်၊ မောင်တောဘက်မှာ AA၊ ARSA နဲ့ စစ်ကောင်စီကြား ဒီသုံး၊ လေးလအတွင်း ပွတ်တိုက်မှုတွေ များလာလို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာမှာ ဒေသခံတွေက စိုးရိမ်နေတာလို့ ရခိုင်ပြည်နယ်အခြေစိုက် လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့က ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“ဘူးသီးတောင် မောင်တောမှာ ARSA၊ AA နဲ့ စစ်ကောင်စီနဲ့ သုံးပွင့်ဆိုင် ထိတွေ့မှုတွေ လှုပ်ရှားမှုတွေ ပိုများနေတာပေါ့။ အဲ့ဒါမျိုးတွေကတော့ ဒီတစ်လောမှာ ခပ်စိပ်စိပ်တွေ့လာရပါတယ်ခင်ဗျ။ နှစ်ဖက်ပွတ်တိုက်မှုတွေ ဖြစ်လာတာပေါ့။ ဘာကြောင့် ဖြစ်လာတယ်ဆိုတာကတော့ လောလောဆယ် တိတိကျကျ မပြောနိုင်သေးဘူး။ ထူးခြားတာက ARSA က အရင်ကဆို AA နဲ့ နားလည်မှုရထားတဲ့ သဘောရှိပြီး ကိုယ့်စည်း သူ့စည်းနဲ့ နေကြတာပေါ့။ အခုနောက်ပိုင်းမှာ တော်တော်လေးကို လှုပ်ရှားမှုတွေ များလာတယ်။ သူတို့လှုပ်ရှားဖို့ နောက်ပိုင်းမှာ ဘာတွေက ထောက်ပံ့တယ် ဆိုတာကိုတော့ လောလောဆယ်ပြောမရသေးဘူး။ ပြီးခဲ့တဲ့ နှစ်လ သုံးလလောက်က စပြီး ကျေးရွာတွေထဲ အဝင်အထွက်တွေများလာတာ။ ဟိုသူကဝင်၊ ဒီသူကဝင်နဲ့ အဝင်အထွက်တွေများပြီး သုံးပွင့်ဆိုင်လို ဖြစ်နေတော့ တိုက်ပွဲဖြစ်လာနိုင်ခြေက ပိုပြီးစိုးရိမ်စရာတွေ ဖြစ်လာနေတယ်။”

rohingya008.jpeg
၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာ အသတ်ခံရပြီးနောက် လုံခြုံရေးစောင့်ကြပ်နေသော ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ (Photo: AFP)

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ARSA ဟာ ရခိုင်ပြည်နယ်အတွင်း ကင်းစခန်း သုံးဆယ်ကို တစ်ပြိုင်နက် ဝင်တိုက်ခိုက်ခဲ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်အောက်ကနေ ရွာပေါင်း ၃၅၀ ကို မီးရှို့ပြီး ရိုဟင်ဂျာ ခုနှစ်သိန်းခွဲကျော်ကို နေရပ်ကနေ မောင်းထုတ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့မောင်တောမြို့နယ်က ရိုဟင်ဂျာအများစုက ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားပြီး အနည်းစုသာ ရခိုင်ပြည်နယ်မှာ ကျန်ရှိနေခဲ့ပါတယ်။

ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ ရိုဟင်ဂျာတွေမှာ အကြောက်တရားက ရှိနှင့်နေပြီး အခုလို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ ခပ်စိပ်စိပ်လှုပ်ရှားလာမှုကြောင့် အကြောက်တရား ပိုများလာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုး ကပြောပါတယ်။

“နဂိုကတည်းကတော့ အကြောက်တရားရတော့ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေဆီမှာရှိတယ်။ ဘယ်အချိန်မှာဘယ်သူလာပြီး ဘာလုပ်သွားမလဲဆိုတာ။ အခုလို ခပ်စိပ်စိပ် ဖြစ်လာတဲ့အခါမှာ ဒီအကြောက်တရားက ပိုမိုများပြားလာမှာ သေချာတယ်ဗျာ။ ကျွန်တော်တို့ကတော့ လောလောဆယ် သတင်းအချက်အလက်တွေ စုဆောင်းတဲ့ဟာတွေပဲ လုပ်လို့ရတယ်။ အဲ့ဒီဘက်မှာ စိုးမိုးနယ်မြေမဟုတ်တဲ့အခါ သတင်းအချက်အလက်တွေ လက်လှမ်းမှီသလောက် ကောက်ခံတာပဲရှိတယ်”

အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ကျီးကန်းပြင်၊ ငါးခူရ၊ ကိုးတန်ကောက်က မြန်မာရဲကင်းစခန်းတွေကို ဝင်တိုက်ပြီးပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ARSA က ရိုဟင်ဂျာတွေရဲ့ဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေကို ပြန်လည်ရယူမယ်လို့ အဲ့ဒီအချိန်က ကြွေးကြော်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရိုဟင်ဂျာခေါင်းဆောင်တွေကို သတ်ဖြတ်တာ၊ ခြိမ်းခြောက်တာ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာလို ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်တဲ့အတွက် ARSA ကို ရိုဟင်ဂျာအများစုက လက်မခံတဲ့အခြေအနေမှာ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။