ရခိုင်အကြမ်းဖက်မှုတရားခံတွေကို ARSA အဖွဲ့ဝင်ဟုတ်မဟုတ် စစ်ဆေးခဲ့ခြင်းမရှိ


2018.10.22

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး တရားရုံးမှာစစ်ဆေးခဲ့တဲ့ တရားခံတွေကို ARSA အကြမ်းဖက်အဖွဲ့ဝင် ဟုတ်မဟုတ် တရားရုံးက စစ်ဆေးဆုံးဖြတ်ခဲ့ခြင်းမရှိဘူးလို့ ရခိုင်ပြည်နယ် တရားလွှတ်တော်က ဒီနေ့ပြောလိုက်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ARSA အဖွဲ့ဝင်တွေကို ဘယ်လိုအရေးယူခဲ့သလဲဆိုတာကို လွတ်လပ်တဲ့အာရှအသံ RFA နဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB တို့က ရခိုင်ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားရေး ဦးစီးမှူးထံကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က စာပေးပို့မေးမြန်းခဲ့တာပါ။

အဲဒီလိုမေးမြန်းမှုအပေါ် ရခိုင်ပြည်နယ် တရားလွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ် ပြည်နယ်တရားရေးဦးစီးမှူး ဦးတင်မောင်လတ်က RFA နဲ့ DVB သတင်းဌာနကို ဒီနေ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီအထဲမှာ စိတ်ဝင်စားစရာ အချက်တစ်ချက် ရှိနေပါတယ်။

ဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အာဆာ အကြမ်းဖက်အဖွဲ့ဝင်တွေလို့ စွပ်စွဲခံရပြီး ဖမ်းဆီးအပြစ်ပေးခံရသူတွေဟာ သူတို့ကိုယ်တိုင် အာဆာ အဖွဲ့ဝင်ဖြစ်တယ်လို့ ဝန်ခံထွက်ဆိုမှု ရှိမရှိ စစ်ဆေးပေါ်ပေါက်ချက် ရှိမရှိ ဆိုတဲ့ မေးခွန်းကို ပြည်နယ်တရားရေးဦးစီးမှူး ဦးတင်မောင်လတ်က ARSA အကြမ်းဖက်အဖွ့ဲဝင် ဟုတ်မဟုတ်ကို စစ်ဆေးဆုံးဖြတ်တာမရှိဘူးလို့ ပြောပါတယ်။

"တရားရုံးများကို အကြမ်းဖက်မှုဖြစ်စဉ်များနဲ့ ပတ်သက်လို့ စွဲဆိုထားတဲ့အမှုများမှာ စွဲဆိုတဲ့ ဥပဒေပုဒ်မနဲ့ ပြစ်မှုမြောက်ရန်လိုအပ်တဲ့ အင်္ဂါရပ်များကို တရားခံများက ကျူးလွန်ခြင်းရှိမရှိကိုသာ တရားရုံးများက စစ်ဆေးဆုံးဖြတ်ခြင်းဖြစ်ပြီး စွပ်စွဲခံရသောတရားခံမှာ မည်သည့်လူမျိုးဖြစ်ကြောင်း၊ မည်သည့်ဘာသာကိုးကွယ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းဝင်ဖြစ်ကြောင်း ဆုံးဖြတ်ရန်လိုအပ်ခြင်း မရှိသည့်အပြင် တရားရုံး၏စီရင်ချက်များမှာလည်း စွပ်စွဲခံရသူများနဲ့ပတ်သက်၍ ARSA အကြမ်းဖက်အဖွဲ့ဝင်များ ဟုတ် မဟုတ် ဆုံးဖြတ်ထားခြင်းမရှိသောကြောင့်ဖြစ်ကြောင်း ဖြေကြားလိုပါတယ်"

အစိုးရက ဘူးသီးတောင်-မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အာဆာ အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေလို့ ပြောဆိုနေပေမယ့် တရားရေးဌာနကတော့ ဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အပြစ်ပေးအရေးယူနေသူတွေဟာ အာဆာ အဖွဲ့ဝင်တွေ ဟုတ် မဟုတ် စစ်ဆေးဆုံးဖြတ်တာမရှိဘူးလို့ ပြောကြားချက်ဟာ တစ်စုံတစ်ရာ လွဲချော်နေတယ်လို့ ပြောရမယ့်အချက်ဖြစ်ပါတယ်။

၂၀၁၆၊ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တရားရုံးကိုစွဲဆိုတင်ပို့လာတဲ့ အမှု ၉၅ မှုနဲ့ တရားခံဦးရေ ၇၇၈ ဦးကို ရာဇသတ်ကြီးဥပဒေ၊ လက်နက်ဥပဒေ၊ လက်နက်အက်ဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မတွေနဲ့ စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

အဲဒီအထဲက အမှု ၇၄ မှုထဲက လူပေါင်း ၆၄၇ ဦးကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ပြီးဖြစ်တယ်လို့လည်း ပြည်နယ်တရားရေးဦးစီးမှူး ဦးတင်မောင်လတ်က ပြောပါတယ်။

"ပြီးပြတ်တဲ့ အမှုအရေအတွက်ကတော့ ၇၄ မှုဖြစ်ပြီး ပြစ်ဒဏ်ကျခံရသည့် ဦးရေမှာ ၆၄၇ ဦးဖြစ်ပါတယ်။ လက်ရှိစစ်ဆေးနေဆဲ အမှု အရေအတွက်ကတော့ ၂၁ မှုဖြစ်ပြီး စစ်ဆေးဆဲ တရားခံဦးရေဟာ ၉၂ ဦးဖြစ်ပါတယ်။ သို့ရာတွင် ပြစ်ဒဏ်ချမှတ်ပြီး ပြန်လွတ်လာတဲ့ တရားခံဦးရေ မည်မျှရှိသလဲဆိုတဲ့အချက်မှာ အကျဉ်းဦးစီးဌာနနဲ့သာ သက်ဆိုင်မှုရှိ၍ ဖြေကြားနိုင်ခြင်းမရှိပါ"

ဒီအချက်အလက်တွေဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တရားရုံးကိုတရားစွဲ ဆိုတင်ပို့လာတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းအချက်အလက်တွေသာဖြစ်ပြီးတော့ ARSA အကြမ်းဖက်အဖွဲ့နဲ့ပတ်သက်နေတဲ့ လူအရေအတွက် ဘယ်လောက်ကို ဘယ်ပုဒ်မတွေနဲ့ စစ်ဆေးခဲ့တယ်၊ အရေအတွက်ဘယ်လောက်ကို ပြစ်ဒဏ်ချမှတ်ခဲ့တယ်၊ လက်ရှိစစ်ဆေးနေဆဲ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကို ဖြေကြားနိုင်ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။

အဲဒီအကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တရားရုံးကို တရားခံပြေးအဖြစ်စွဲဆိုတင်ပို့လာတဲ့အမှုဟာ ၈၄ မှုအထိရှိပြီးတော့ တရားရုံးကနေ ဖမ်းဝရမ်းထုတ်ထားတဲ့ဦးရေမှာ ၆၁၈၆ ဦးရှိပြီး လူ ၁၂ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအထဲက ရာဇဝတ်ကျင့်ထုံးဥပဒေအရ လူပေါင်း ၅၇၃၇ ဦးကို တရားခံပြေးအဖြစ် ကြေညာခဲ့တယ်လို့လည်း ပြောပါတယ်။

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက်ဖြစ်စဉ်တွေကို လုပ်ဆောင်ပြီးနောက် ARSA အကြမ်းဖက်အဖွဲ့ဝင်တွေဟာ တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြတာတွေရှိသလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ပြည်နယ်တရားရေးဦးစီးမှူး ဦးတင်မောင်လတ် က အခုလို ဖြေကြားပါတယ်။

"ထွက်ပြေးတိမ်းရှောင်နေသူများထဲမှာ ARSA အကြမ်းဖက်အဖွဲ့ဝင်များ မည်သည့်အရပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းကို တရားရုံးအနေနဲ့ ဖြေကြားနိုင်ခြင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားခံပြေးမှုများမှာ တရားရုံးများက တရားခံကို ဖမ်းဝရမ်းထုတ်ပြီး တရားခံ၏နေရပ်လိပ်စာတွင် နေထိုင်ခြင်း ရှိ၊ မရှိ လတ်တလောဖမ်းဆီးနိုင်သည့်အခြေအနေ ရှိ၊ မရှိကိုသာ စိစစ်ဆုံးဖြတ်ခြင်းဖြစ်၍ တရားခံပြေးများ မည်သည့်အရပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းကို ဖြေကြားနိုင်မည်မဟုတ်ပါ"

တဆက်တည်းမှာပဲ ဒီနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ညကဖြစ်ပွားခဲ့တဲ့ မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူ ၈ ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့ညက စစ်တွေမြို့နယ် တရားရုံးကနေ ရုံးချိန်ပြင်ပဖြစ်တဲ့ ည ၇ နာရီကျော်အချိန်မှာ ရုံးထုတ်ရမန်ယူခွင့်ပြုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေအကြားမှာ တရားရေးမဏ္ဍိုင်ဟာ တစ်စုံတစ်ရာ လွှမ်းမိုးမှုခံနေရပြီလားဆိုတဲ့ သံသယတွေရှိနေကြသလို အခုလို ရုံးချိန်ပြင်ပမှာ ရုံးထုတ် ရမန်ယူခွင့်ပြုခဲ့တာဟာ ဥပဒေနဲ့ ညီညွတ်မှု ရှိသလားလို့ မေးမြန်းခဲ့ပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး ပြည်နယ်တရားရေးဦးစီးမှူး ဦးတင်မောင်လတ်က တရားရုံးအနေနဲ့ ချုပ်ရီမန်ပေးရာမှာ ရုံးချိန်အတွင်းမှာသာ ပေးရမယ်လို့ ရာဇဝတ်ကျင့်ထုံးဥပဒေမှာ ကန့်သတ်ချက်မရှိတဲ့အတွက် ဥပဒေနဲ့ညီတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဥပဒေနဲ့ညီညွတ်နေတဲ့အတွက် တစ်စုံတစ်ဦးက တရားစီရင်ရေးမဏ္ဍိုင်အပေါ် စွက်ဖက်မှုရှိနေတယ်လို့ ယူဆနိုင်မှာမဟုတ်ဘူးလို့လည်း ပြည်နယ်တရားရေးဦးစီးမှူး ဦးတင်မောင်လတ် က ပြောဆိုပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။