ဘူးသီးတောင်မြို့နယ်မှာ ICRC ရဲ့အကူအညီတားဆီးခံရ


2019.07.04
icrc-622.jpg စစ်တွေမြို့ ICRC ရုံးကိုတွေ့ရစဉ်။
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ရေတံခွန်အထက်ပိုင်း သြရမကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC က ဇူလိုင်လ ၂ ရက်နေ့က စားနပ်ရိက္ခာအကူအညီတွေပေးအပ်ဖို့သွားရောက်ခဲ့ရာမှာ စိုင်းဒင်တံတားအရောက်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ တပ်မတော်က တားမြစ်ခဲ့တာလို့ သိရပါတယ်။

အခုလိုတားမြစ်ခဲ့တဲ့အတွက် ပြန်လှည့်လာခဲ့ကြရတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က ပြောပါတယ်။

“ICRC က သြရမကျေးရွာအုပ်စုအတွက် ကင်းတောင်ကျေးရွာမှာခေါ်ပြီး စားနပ်ရိက္ခာဖြန့်မယ်ဆိုပြီးတော့ ရွာကလူတွေကိုခေါ်တယ်။ အဲဒီမှာ ထွေအုပ်ဝန်ထမ်းတွေလည်းပါတယ်။ အုပ်ချုပ်ရေးမှူးတွေလည်းပါတယ်။ ကျေးရွာသားတွေလည်းပါတယ်။ ဟိုကိုရောက်သွားတော့ စိုင်းဒင်တံတားမှာ တာဝန်ကျနေတဲ့ တပ်မတော်ကပေါ့နော်၊ အဲဒီမှာတားလို့ သူတို့မသွားခဲ့ရဘူးပေါ့နော်။ ရိက္ခာတွေကို မဖြန့်ခဲ့ရဘူးပေါ့”

သြရမကျေးရွာအုပ်စုမှာ ငတင်းတိမ်၊ ပိန္နဲချောင်း၊ မင်းကိုင်း အစရှိတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံတွေဟာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ ၆ လလောက်ကစလို့ သူတို့ရဲ့ပုံမှန် တောင်ယာလုပ်ငန်း၊ သစ်ဝါးခုတ်လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ခြင်း မရှိကြတော့ဘဲ စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေကြရတာလို့ ဆိုပါတယ်။

အဲဒီကျေးရွာတွေက ရွာသားတွေကို စိုင်းဒင်တံတားအနီးက ကင်းတောင်ကျေးရွာမှာ စုရပ်အဖြစ်ထားပြီး ICRC က စားနပ်ရိက္ခာတွေဖြန့်ဝေဖို့ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

အခုလိုအကူအညီတွေပေးအပ်ဖို့ သွားရောက်ရာမှာ တားဆီးခံရတယ်ဆိုတဲ့ကိစ္စကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကလည်း အတည်ပြုပါတယ်။

အခုလိုတားဆီးခံရတဲ့ကိစ္စအပေါ် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ မနေ့က ဘူးသီးတောင်မြို့မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။

စစ်တွေမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ပြန်ကြားဆက်ဆံရေးအရာရှိ ဦးအောင်ကိုကို က လာမယ့် ဇူလိုင်လ ၈ ရက်နေ့မှာ စားနပ်ရိက္ခာအကူအညီတွေ ဆက်လက်ပေးအပ်ဖို့ ရှိတယ်လို့ RFA ကိုပြောပါတယ်။

“အခုလောလောဆယ်ကတော့ ကျွန်တော်တို့က အာဏာပိုင်တွေနဲ့ အဓိကတွေ့ဆုံဆွေးနွေးတာပေါ့လေ။ ဆွေးနွေးပြီးတော့ သူတို့ဆီက ခွင့်ပြုချက်တွေရခဲ့တယ်။ သြရမကျေးရွာအုပ်စုမှာ စားနပ်ရိက္ခာတွေ ဖြန့်ဖြူးဖို့ ခွင့်ပြုချက်တွေရခဲ့တယ်ဆိုတော့ အခုရတဲ့ခွင့်ပြုချက်နဲ့ သဘောတူညီချက်နဲ့ဆိုလို့ရှိရင် လာမယ့်တနင်္လာနေ့ ဇူလိုင် ၈ ရက်နေ့ဆိုလို့ရှိရင်တော့ သူတို့ကို ကျွန်တော်တို့ ရိက္ခာတွေပေးနိုင်ပါလိမ့်မယ်”

စစ်ဘေးသင့်ဒုက္ခသည်တွေက အကူအညီတောင်းခံလာလို့ ICRC က စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့အကူအညီတွေကို သွားရောက်ပေးအပ်ခဲ့တာလို့ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အနေနဲ့ မြေပြင်အခြေအနေမှာ အကြောင်းအမျိုးမျိုးကြောင့် အကူအညီပေးရေးခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရတာ၊ ရွှေ့ဆိုင်းလိုက်ရတာ စတာတွေကြုံတွေ့ရပေမယ့် အခက်အခဲနဲ့ ရင်ဆိုင်နေရသူတွေဆီကို လိုအပ်တဲ့အကူအညီတွေ အမြန်ဆုံးရောက်ရှိဖို့ ကြိုးပမ်းနေတယ်လို့လည်း ICRC ရဲ့ ပြန်ကြားဆက်ဆံရေးအရာရှိ ဦးအောင်ကိုကိုက ပြောပါတယ်။

ICRC အဖွဲ့ကို တပ်မတော်က တားဆီးခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ငြင်းဆိုခဲ့ပါတယ်။

“ICRC တင်မဟုတ်ဘူးဗျ WFP ကလည်း ဒီဘက်ကိုပို့နေတာ။ WFP ကဆိုရင် ပိုတောင်များသေးတယ်။ အဲဒီအတွက် ဘာမှကိုကျွန်တော်တို့က အနှောင့်အယှက်တွေက ဘာတစ်ခုမှမရှိဘူး။ အဲတစ်ခုတော့ရှိတယ်။ ဒါတွေနဲ့အတူ တခြားမလိုလားအပ်တဲ့ဟာတွေ ဘာညာရှိလားဆိုပြီးတော့မှ နည်းနည်းပါးပါးစစ်တာတော့ ရှိကောင်းရှိလိမ့်မယ်။ ကျန်တာကတော့ ဒါကြီးကိုလက်မခံဘူး၊ မင်းတို့ပြန်သွားတော့ ဘာညာဆိုပြီးတော့ အဲလိုလုပ်တာကတော့ ကျွန်တော်က အခုအချိန်အထိ မကြားမိသေးဘူးခင်ဗျ။ အဲဒါက သတင်းမှား ပဲဖြစ်ပါလိမ့်မယ်”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အခြေခံကျတဲ့ လွတ်လပ်မှုတွေအပေါ် တင်းကျပ်တဲ့ ပိတ်ပင်မှုတွေရှိနေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Civicus က စိုးရိမ်ကြောင်း ဇူလိုင်လ ၃ ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ အကူအညီအရေးတကြီး လိုအပ်နေတဲ့ ပြည်သူတွေအတွက် ထောက်ပံ့မှုတွေကို ပိတ်ပင်ထားတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ ဒေသထဲမှာ ကျူးလွန်နေတဲ့ မတရားမှုတွေအကြောင်း လွတ်လပ်တဲ့ သတင်းပေးပို့မှုတွေကို ပိတ်ပင်ထားတာတွေ ရှိနေတယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အစိုးရရဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်ဦးရေဟာ လူပေါင်းနှစ်သောင်းနှစ်ထောင်ကျော်ရှိပြီး ယာယီကယ်ဆယ်ရေးစခန်းနေရာ ၈၂ ခုမှာ ခိုလှုံနေကြရပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေးစခန်းတွေကို ရောက်မလာဘဲ ကျေးရွာအသီးသီးမှာ စစ်ဘေးကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ စစ်ဘေးသင့်လူဦးရေဟာလည်း ဇွန်လ တတိယပတ်အထိ လူပေါင်း နှစ်သောင်း ခြောက်ထောင်ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး  REC ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။