လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စ ကန့်သတ်ခံနေရ

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) ရဲ့ မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက် ရတဲ့ အခြေအနေတွေဟာ ပိုခက်ခဲလာပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့ သိန်းနဲ့ ချီတဲ့ ပြည်သူတွေထံ လက်တွေ့သွားရောက်ကူညီနိုင်ရေးကိစ္စဟာ အကန့်အသတ်တွေရှိ နေကြောင်း ICRC အဖွဲ့က ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
၂၀၂၀ မတ်လကတည်းက ကိုဗစ်ကူးစက်မှုကို အကြောင်းပြပြီး ပိတ်ထားခဲ့တဲ့ အကျဉ်း ထောင်တွင်း လေ့လာကြည့်ရှုခွင့်နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေကို ပြန်ခွင့်ပြုပေးဖို့လည်း ICRC အဖွဲ့က စစ်ကောင်စီထံ တောင်းဆိုထားပါတယ်။
ပြည်တွင်း လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အထူးသတိထားလေ့ရှိတဲ့ ICRC အဖွဲ့ရဲ့ ဒီထုတ်ပြန်ချက်ဟာ စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း ထူးခြားတဲ့ လူသိရှင်ကြား ထုတ်ပြန်ချက်လည်း ဖြစ်ပါတယ်။
"တချို့အိမ်ထောင်စုတွေဆိုရင် ခါးဝတ်ခါးစားပဲကျန်တဲ့ အိမ်ထောင်စုတွေလည်း တော်တော်များပါတယ်"
ဒီလိုကန့်သတ်တာဟာ စစ်ကောင်စီဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေကို ဖုံးကွယ်လိုတဲ့လုပ်ရပ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“စစ်ကောင်စီက ပိတ်ပင်တာက နှစ်ချက်ပေါ့။ တစ်ချက်ကတော့ မြန်မာနိုင်ငံက တကယ်ဒုက္ခရောက်နေတဲ့ လူသားတွေဆီ အကူအညီ မရောက်အောင်လို့ ပိတ်ပင် ချင်တာ။ နောက်တစ်ချက်ကကျတော့ ICRC ဟာ မြေပြင်မှာ သွားရောက်ပြီးတော့ ကူညီပေးလို့ရတယ်၊ အကျဉ်းထောင်တွေမှာ လွတ်လွတ်လပ်လပ် စစ်ဆေးလို့ရတယ် ဆိုရင် သူတို့တွေ မဟုတ်တာလုပ်ထားတာတွေ၊ သူတို့တွေ လူ့အခွင့်အရေးချိုးဖောက် တာတွေ၊ သူတို့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ၊ War Crime၊ Crime against Humanity၊ The Human Rights Violation အဲဒါတွေလုပ်ထားတဲ့ သူတို့ရဲ့ ပြစ်မှုတွေ ပေါ်သွားမှာစိုးလို့သွားခွင့်ရတယ်၊ တွေ့ခွင့်ရတယ်ဆိုရင်တောင် အချုပ်အနှောင်တွေနဲ့ စီစဉ်မှာဖြစ်ပါတယ်”
ပြီးခဲ့တဲ့ ၁၆ လအတွင်း စစ်ကောင်စီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အရပ်သား တစ် သောင်းလေးထောင်ကျော်ကို ဖမ်းဆီးခဲ့တဲ့အတွက် အင်းစိန်၊ ပုသိမ်၊ ရွှေဘို၊ သာယာဝတီ၊ မြစ်ကြီးနား၊ ဘားအံ၊ မန္တလေး အိုးဘို စတဲ့ အကျဉ်းထောင်တွေမှာ အခုချိန်ထိ နိုင်ငံရေး အကျဉ်းသား အများအပြား ရှိနေပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်ကောင်စီရဲ့ မတရားမှုတွေကို ထောင်တွင်းဆန္ဒပြမှုတွေနဲ့ ဆန့်ကျင်ခဲ့ပြီး ထောင်အာဏာပိုင်တွေကလည်း ဒီဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွင်းတာ၊ ဆန္ဒ ပြအကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းတာတွေ လုပ်ခဲ့ပါတယ်။
ထောင်အပြင်ဘက်မှာလည်း လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ ချင်းပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ကျေးရွာတွေကို စစ်တပ်က အင်တာနက် ဖြတ်တောက်ပြီး ရွာလုံးကျွတ်နီးပါး မီးရှို့တာ၊ ရွာသားတွေကို ဖမ်းဆီးနှိပ် စက်တာ၊ အစုအပြုံလိုက် သတ်ဖြတ်တာတွေ ကျူးလွန်နေပါတယ်။
ဒီဖြစ်ရပ်တွေကြောင့် စစ်တပ်အာဏာသိမ်းပြီးမှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဒုက္ခသည် အသစ် ခုနစ်သိန်းအထိ တိုးလာပြီး၊ အရင်ကတည်းကရှိခဲ့တဲ့ ဒုက္ခသည် သုံးသိန်းခွဲနီးပါး နဲ့ပေါင်းရင် လက်ရှိမှာ အရေးပေါ်အကူအညီ လိုအပ်နေတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း တစ်သန်းကျော်နေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဇွန် ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ဒီဒုက္ခသည်တွေကို လက်တွေ့ကူညီဖို့ကိစ္စဟာ ကန့်သတ်ချက်တွေရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC)၊ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ လက်တွေ့မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေ တဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီဘက်က အမှန်တရားကို ဖုံးကွယ်ဖို့နဲ့ လက်နက်ကိုင် ခုခံနေသူတွေဆီ လူသား ချင်းစာနာမှု အကူအညီတွေ ရောက်သွားမှာကို စိုးရိမ်တာကြောင့် အခုလို ကန့်သတ်ထိန်း ချုပ်မှုတွေ လုပ်နေတာလို့ Karenni Civil Society Network (KCSN) ပြောရေးဆိုခွင့်ရှိသူ ခူးရှုဘီက ဝေဖန်ပါတယ်။
“သူတို့ ဘာတွေလုပ်ဆောင်နေတယ်ဆိုတာ လူမသိစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ လုပ်နေတာသည် မှားတယ်ဆိုတာ သိရက်နဲ့ဖြစ်နေတာ။ လူ့အခွင့်အရေး ချိုး ဖောက်မှုဖြစ်မှန်း သူတို့ သိတယ်။ ဒါက သူတို့ရဲ့ မဟုတ်တဲ့လုပ်ရပ်ကို သူတို့ ဖုံးကွယ် ချင်လို့ ဒါက နံပါတ်တစ်အချက်ဖြစ်တယ်၊ နောက်တစ်ချက်ကတော့ ရိက္ခာတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေဆီ ရောက်သွားမလားဆိုတဲ့ အနေအထားမှာလည်း သူတို့ စိုးရိမ်တာရှိတယ်။ ဆိုတော့ ဒီအချက် နှစ်ချက်ကြောင့်မို့ ကန့်သတ်ထားတယ်လို့ ကျနော် တို့ အဲလိုပဲမြင်တယ်”
နိုင်ငံတစ်ဝန်း ပိုဆိုးလာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို စိုးရိမ် ကြောင်းနဲ့ လူသားချင်း စာနာမှုအကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ရေးကို ခွင့်ပြု ပေးဖို့ ICRC ရဲ့ အာရှပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Christine Cipolla က စစ်ကောင် စီရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဇွန်လတတိယပတ်အတွင်း တွေ့ဆုံချိန်မှာ တောင်းဆိုခဲ့ကြောင်း ICRC ရဲ့ ဇွန်လ ၂၀ ရက် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒီအခြေအနေတွေကို သိရဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီတစ်ပတ်အတွင်း ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်တုန်းကတော့ ဗိုလ်ချုပ် ဇော်မင်းထွန်းက လူသားချင်းစာနာမှု အကူ အညီပေးရေးကိစ္စတွေနဲ့ ပတ်သက်ရင် စစ်ကောင်စီရဲ့ အစီအစဉ်အောက်မှာ ပေးချင်တဲ့ နေရာကို လက်တွေ့ပေးလို့ရတယ်ဆိုတာ နိုင်ငံတကာအဖွဲ့တွေကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားလို့ တုံ့ပြန်ခဲ့ပါတယ်။
"နိုင်ငံတော်အစိုးရအနေနဲ့ သူတို့ပေးချင်တဲ့နေရာ၊ ရောက်လိုတဲ့နေရာကို ကျနော်တို့ နိုင်ငံတော်အစိုးရ အစီအစဉ်နဲ့ လုပ်ဆောင်ပေးလို့ရတယ်လို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား နိုင်ငံတကာ အစည်းအဝေးတွေမှာရော ဝန်ကြီး ဦးကိုကိုလှိုင် တက်ခဲ့တဲ့ အာဆီယံအကူအညီပေးရေးနဲ့ ပတ်သက်ပြီး အစည်းအဝေးတွေမှာလည်း ရှင်းရှင်းလင်းလင်း ကျနော်တို့ ပြောခဲ့ပြီးသားပဲ။ လက်တွေ့လည်း ကျနော်တို့ ပို့ဆောင်နေတာပဲ"

လက်ရှိမှာ စစ်ဘေးဒုက္ခသည် အများစုဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါး အပါအဝင် ဘာတစ်ခုမှ အကူအညီ မရဘဲ ခက်ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကုန်းမော်ရွာက နေအိမ်မီးလောင်ဆုံးရှုံးခဲ့သူ ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့လာလို့ရနိုင်တဲ့ အနေအထားရှိရင်တော့ မဖြစ်မနေ လာရောက်ပြီး ကူညီစေချင် တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့။ စားနပ်ရိက္ခာပဲ ဖြစ်ဖြစ်။ လောလောဆယ်အနေအထားက မိုးကာတွေ ဘာတွေပဲ ဖြစ်ဖြစ်ပေါ့။ အခုဟာက ဘေးရွာတွေ ကျန်နေလို့၊ ဘေးရွာလေး တွေနဲ့ပဲ မျှဝေစားသောက်တဲ့ ပုံစံလေးနဲ့ လုပ်နေကြလို့သာ တော်နေသေးတာ။ တချို့ အိမ်ထောင်စုတွေဆိုရင် ခါးဝတ်ခါးစားပဲ ကျန်တဲ့ အိမ်ထောင်စုတွေလည်း တော်တော် များပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေကြရတုန်း”
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အဖွဲ့ကို RFA က အီးမေးလ် ကတစ်ဆင့် စာရေးမေးမြန်းတဲ့အခါ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ဒုက္ခသည်တွေ အရေးပေါ်အကူအညီတွေ လိုအပ်နေတာကို သူတို့ သိပေမယ့် လက်တွေ့ သွားရောက်ကူညီဖို့ကိစ္စဟာ အကန့်အသတ်တွေ ရှိနေတယ်လို့ ဇွန်လ ၄ ရက်နေ့က အီးမေးလ်ကတစ်ဆင့် ပြန်လည်ဖြေကြားပါတယ်။
WFP ဟာ ခွင့်ပြုချက်ရတာနဲ့ လိုအပ်တဲ့နေရာတွေကို ချက်ချင်းသွားရောက်ကူညီနိုင်ဖို့ အတွက် အရေးပေါ် စားနပ်ရိက္ခာတွေကို အသင့်ပြင်ထားပေမယ့် စဉ်ဆက်မပြတ် ကူညီ ခွင့်မရဘဲ အတားအဆီးဖြစ်နေကြောင်း Mr.Stephen Anderson က သူ့ရဲ့ ဖြေကြားချက်မှာ ပြောကြားထားပါတယ်။