အစိုးရနဲ့တပ် ဘုံသဘောတူညီချက်မရရင် ငြိမ်းချမ်းရေးမတိုးတက်နိုင်

သီဟထွန်း
2021.01.03

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ငါးနှစ်သက်တမ်းအတွင်း ၂၁ ရာစုပင်လုံညီလာခံ နိုင်ငံရေး ဆွေးနွေးပွဲတွေကို လေးကြိမ် ကျင်းပနိုင်ခဲ့ပြီး NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့တဲ့ တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့ နှစ်ဖွဲ့ ရှိခဲ့ပါတယ်။
 
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်ဝန်းကျင်က အစပြုခဲ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအခြေ အနေကို NLD အစိုးရလက်ထက်မှာ လမ်းကြောင်း လွဲချော်မသွားအောင် ထိန်းထားနိုင်ခဲ့တဲ့ အဆင့်သာ ရှိခဲ့ပြီး ထူးခြားထင်ရှားတဲ့ ရလဒ်မျိုး မဆောင်ရွက်နိုင်ခဲ့ဘူးလို့ တိုင်းရင်းသားအရေး၊ လက်နက်ကိုင်အရေး ကျွမ်းကျင်သူတွေက ဝေဖန်ပါတယ်။
 
၂၁ ရာစုပင်လုံ ညီလာခံ စတုတ္ထအကြိမ် အစည်းအဝေးမှာ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) စာချုပ်ကို သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့တာက တိုးတက်မှုတချို့ ရှိတယ်ဆိုတာ မြင်နိုင်တယ်လို့ NLD ပါတီ ပြောရေးဆိုခွင်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
 
"တိုးတက်မှုတချို့ ရှိခဲ့တာတော့ ကျနော်တို့ မြင်ပါတယ်ခင်ဗျ။ အထူးသဖြင့် ပြည်ထောင်စု သဘောတူညီချက် အပိုင်း ၁၊၂၊ ၃ ကို ဒါကို လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဒါ တိုးတက်မှုတချို့ ရှိပါတယ်။ ဒီအစည်းအဝေး ကျင်းပဖို့အတွက် အချိန်အကြာကြီး မခေါ်နိုင်ဘဲ နှောင့်နှေးခဲ့တဲ့ အားနည်းချက်လည်း ရှိပါတယ်လို့ ပြောချင်ပါတယ်။"
 
၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း ၂၁ ရာစုပင်လုံ ညီလာခံ စတုတ္ထအကြိမ် အစည်းအဝေးကို ကပ်ရောဂါကာလ အကျပ်အတည်းကြောင့် တက်ရောက်သူ အရေအတွက် အများအပြား လျော့ချပြီး နေပြည်တော်မှာ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
 
ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) စာချုပ်မှာ အပိုင်း (၁) NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်ကို ခိုင်မာအောင်ပြုလုပ်ကိစ္စ၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှု ဇယား (၁)၊ အပိုင်း (၃) မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမှုဆိုပြီးဖြစ်ပါတယ်။
 
ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပ‌ဒေလို့ဆိုတဲ့ စကားရပ် အသုံးအနှုန်းအပိုင်းမှာတော့ နှစ်ဘက်သဘောတူညီမှု မရခဲ့တဲ့အတွက် ချန်လှပ်ထားခဲ့ရပါတယ်။
 
မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UWSA " ဝ" ၊ KIA ကချင် လွတ်မြောက်ရေး အဖွဲ့ လို အင်အားကြီး အဖွဲ့တွေ၊ ပြီးခဲ့တဲ့ သုံးနှစ်ဝန်းကျင်ကစပြီး ရခိုင်ပြည်နယ်မှာ သိသိသာသာ အင်အား ကြီးမားလာတဲ့ ရက္ခိုင့်တပ်တော် AA စတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ခြင်း မရှိသေးပါဘူး။
 
တိုင်းရင်းသားတွေ တစ်ဦးနဲ့ တစ်ဦးကြား ထိတွေ့ဆက်ဆံမူ နည်းတဲ့ အတွက် မယုံကြည်မှုတွေ အခုထိ အများအပြားရှိနေသေးတယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
 
နိုင်ငံရေး လေ့လာသူတချို့ကတော့ ၂၁ ရာစုပင်လုံမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေက အနာဂတ်မှာ ဆက်လက် ဆွေးနွေးရဦးမယ့် ကိစ္စတွေသာ များနေပြီး၊ လက်တွေ့မှာ သိသာထင်ရှားတဲ့ အောင်မြင်မှုလို့ မယူဆပါဘူး။
 
NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ အချိန်တစ်နှစ်ကျော်ကြာ ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေ ပြန်စပြီး ၂၁ ရာစု ပင်လုံကို ကျင်းပနိုင်ခဲ့ပေမယ့် ရလဒ်တွေက နောက်ပိုင်း ဆက်လက်ဆွေးနွေးရမယ့် ကိစ္စတွေသာ များတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။
 
"၂၀၁၉- ၂၀၂၀ ကိုကြည့်လိုရှိရင် NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့ တစ်နှစ်ကျော် ရပ်တန့်နေပြီးတော့ ပြန်လည် အသက်သွင်းနိုင်အောင်တော့ ကြိုးစားနိုင်ခဲ့တယ်လို့ ဆိုပေမယ့် စတုတ္ထအကြိမ် ပင်လုံညီလာခံ ကျင်းပပြီး သဘောတူညီချက်တချို့ ယူနိုင်ခဲ့တယ်ဆိုတဲ့ အကောင်းဘက် ရှိသော်လည်းပဲ တကယ်တမ်း သဘောတူညီချက် ယူခဲ့တာတွေက နောက်ဆက်လုပ်သွားဖို့ သဘောတူညီချက် ယူတာမျိုးပဲ ဖြစ်ခဲ့ပါတယ်။ NCA လက်မှတ်မထိုးတဲ့ အဖွဲ့တွေနဲ့ ပတ်သက်လို့တော့ ဆွေးနွေးမှုတွေ ကြိုးပမ်းမှုတွေရှိပေမယ့် ဒီနေ့ အထိ NRPC နဲ့ ငြိမ်းချမ်းရေး ကော်မရှင် အနေနဲ့ အဖြေထွက်ခြင်း မရှိသေးပါဘူး။"
 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ရင် အစိုးရနဲ့ တပ်မတော်တို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ပုံစံကို နှစ်ပိုင်းခွဲ ပြောရမှာဖြစ်ပြီး NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေဆိုပြီး ဖြစ်ပါတယ်။
 
၂၀၁၈ ခုနှစ် အောက်တိုဘာလက နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တက်ရောက်တဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
 
အဲဒီ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့ကြား မပြေလည်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ RCSS / SSA အဖွဲ့က ပစ်ခတ်တိုက်ခိုက်မူနဲ့ဆိုင်တဲ့ JMC အစည်းအဝေးတွေကို မတက်ရောက်တော့သလို KNU အဖွဲ့ကလည်း UPDJC လို့ခေါ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ မတက်ရောက်တော့ဘဲ သပိတ်မှောက်ခဲ့ပါတယ်။
 
ဒါကြောင့် ၂၀၁၉ တစ်နှစ်ပတ်လုံး တရားဝင် ဆွေးနွေးပွဲတွေ လုံးဝ ရပ်တန့်ခဲ့ရပြီး အလွတ်သဘော ဆွေးနွေးပွဲတွေကတစ်ဆင့် သဘောတူညီချက်တွေရရှိဖို့ ပြန်လည်ကြိုးပမ်းခဲ့ရသလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဆွေးနွေးပွဲတွေ နှောင့်နှေးခဲ့ရပါတယ်။
 
ရပ်တန့်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပြန်စဖို့ အလွတ်သဘော ဆွေးနွေးပွဲတွေကတစ်ဆင့် ပြန်ပြီး ကြိုးစားခဲ့ရတယ်လို့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
 
"၂၀၁၈ နှစ်ကုန်ခါနီးမှာ တစ်ဆို့တာကို ၂၀၁၉ တစ်နှစ်လုံးမှာ တရားဝင် ဆွေးနွေးပွဲတွေ မလုပ်နိုင်ပဲနဲ့ အလွတ်သဘောတွေပဲ လုပ်ခဲ့ရတယ်၊ အဲဒါတွေအားလုံးကတော့ ၂၀၂၀ ဇန်နဝါရီလမှာ လုပ်တဲ့ ရှစ်ကြိမ်မြောက် JICMမှာ စပြီးတော့ အဆင်ပြေတယ်၊ အဲဒီနောက်မှာတော့ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ရဲ့ စတုတ္ထအစည်းအဝေး ကျနော်တို့ ခေါ်နိုင်တယ် ရလဒ်တွေလည်း ရခဲ့တယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့လည်း ၂၀၁၉ ခုနှစ်မှာ ကျနော်တို့ တွေ့ဆုံခဲ့တာတွေ ရှိပြီးတော့ ၂၀၂၀ မှာလည်း တွေ့ဆုံမှုတွေ ကျနော်တို့လုပ်နိုင်တယ်၊ ဒါပေမဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အဓိက အတားအဆီးကတော့ Covid ပဲ ဖြစ်တယ်။"
 
၂၁ ရာစုပင်လုံညီလာခံမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ "၂၀၂၀ အလွန် ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ်" ကို အစိုးရက ချမှတ်ထားတယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။
 
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်လမ်းစဉ်ကို သွားဖို့ မူဝါဒ ငါးချက်ကို ထုတ်ပြန်ခဲ့တာနဲ့ ၂၀၂၀ အလွန်မှာ ဆက်သွားမယ့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ချမှတ်နိုင်ခဲ့တာက အောင်မြင်မှုတွေ ဖြစ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။
 
"နိုင်ငံတော် အတိုင်ပင်ခံ သည် ဖက်ဒရယ် လမ်းစဉ်ကို သွားဖို့ရာအတွက် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် ၅ ခုကို ၄ ကြိမ်မြောက် NCA နှစ်ပတ်လည်မှာပေါ့လေ သူက ဖွင့်ဟပြီးမှ ပြောနိုင်ခဲ့တယ်။ ဒါဟာဆိုလို့ရှိရင် EAO ( တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ) တွေနဲ့ အစိုးရကြားမှာ ဆွေးနွေးခြင်းရဲ့ အောင်မြင်မှုရလဒ်လို့ ကျမက ပြောချင်တယ်၊ ပြီးလို့ရှိရင် ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဖြတ်သန်းဖို့ရာအတွက်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာ ကျမတို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တယ်၊ ဒါကတော့ တစ်ဆို့နေတဲ့ ကြားထဲက ရခဲ့တဲ့ ရလဒ်ကောင်းတွေ ဖြစ်ပါတယ်။"
 
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။
 
ဒါပေမဲ့ ကပ်ရောဂါ အခြေအနေကြောင့် ၂၁ ရာစုပင်လုံ မတိုင်မှီ ရခိုင်နဲ့ ရှမ်းပြည်နယ်မှာ လူမျိုးအလိုက် နိုင်ငံရေး ဆွေးနွေးပွဲတွေ မလုပ်နိုင်ခဲ့တာကို အားမလို အားမရ ဖြစ်မိတယ်လို့ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။
 
အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ရက္ခိုင့်တပ်မတော် AA နဲ့ တပ်မတော်တို့ နှစ်နှစ်နီးပါး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင်ကစလို့ လက်ရှိအချိန်အထိ နှစ်ဘက်အပစ်အခတ် ရပ်စဲနိုင်ခဲ့တာကလည်း ၂၀၂၀ ပြည့်နှစ်အတွင်း အံ့အားသင့်ဖွယ် ထူးခြားတဲ့ အခင်းအကျင်း တစ်ရပ်ဖြစ်ပါတယ်။
 
ဂျပန်အစိုးရဘက်က မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရခိုင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ AA နဲ့ တပ်မတော်တို့ ယာယီ အပစ်ရပ်ထားတဲ့ အခြေအနေက ဘယ်အတိုင်းအတာအထိ တာရှည်ခံမလဲဆိုတာ မသိနိုင်ပါဘူး။
 
တပ်မတော်နဲ့ AA တို့ UWSA " ဝ" ထိန်းချုပ်တဲ့ ပန်ဆန်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က နှစ်ဘက်တွေ့ဆုံခဲ့သလို မကြာခင် နှစ်ဆန်းပိုင်းမှာလည်း တပ်မတော်ဘက်က ထိပ်တန်းအဆင့် ခေါင်းဆောင်တစ်ဦးနဲ့ AA အဖွဲ့က အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ဦးတို့ တွေ့ဆုံဆွေးနွေးကြမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
 
တပ်မတော်နဲ့ AA တို့ မတွေ့ဆုံခင် အစိုးရနဲ့ ကြိုတင်ညှိနှိုင်းခဲ့ခြင်း ရှိ၊ မရှိ ကို မပြောလိုဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောထားပါတယ်။
 
အစိုးရနဲ့ တပ်မတော်ကြား ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်မှု အားနည်းတယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။
 
NCA လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ တွေ့ဆုံနိုင်ဖို့ မျှော်လင့်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။
 
KIA ၊ AA ရက္ခိုင့်တပ်တော်၊ MNDAA ကိုးကန့်၊ TNLA တအာင်းပလောင် အဖွဲ့ ‌ လေးဖွဲ့နဲ့ Bi-lateral နှစ်ဘက်အပစ်ရပ် လက်မှတ်ထိုးဖို့ အစိုးရဘက်က ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ပေးပို့ထားတယ်လို့ ဦးလှမောင်ရွှေက ဆက်ပြောပါတယ်။
 
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဟန့်အတားဖြစ်နေတဲ့ ကိစ္စတွေရှိတယ်လို့ အပစ်ရပ်လက်မှတ်ထိုးမထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
 
"တကယ့်လက်တွေ့မှာကတော့ နိုင်ငံရေး ဆွေးနွေးတဲ့နေရာမှာ အစိုးရနဲ့လည်း ဆွေးနွေးရတယ်၊ တပ်မတော်နဲ့လည်း ဆွေးနွေးရတယ်၊ နိုင်ငံရေး ဆွေးနွေးတဲ့နေရာမှာတော့ အစိုးရနဲ့ ဆွေးနွေးရတယ်၊ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့တော့ တပ်မတော်နဲ့ ဆွေးနွေးရတယ်၊ အဲဒီလမ်းကြောင်းက နှစ်ခွဖြစ်နေတာ အဲဒါကလည်း အဟန့်အတား တစ်ခုဖြစ်တယ်၊ နောက်တစ်ခုကတော့ အားလုံးက တပ်မတော်ပဲဖြစ်ဖြစ် အစိုးရပဲဖြစ်ဖြစ် ၂၀၀၈ အခြေခံဥပဒေအောက်မှာပဲ ဆွေးနွေးချင်တာ၊ ကျနော်တို့ တိုင်းရင်းသား အဖွဲ့တွေကတော့ လွှတ်တော်ပြင်ပပေါ့နော် ၂၀၀၈ ပြင်ပမှာ ဆွေးနွေးချင်တာ အဲဒါတွေက အဟန့်အတားဖြစ်တယ်လို့ မြင်ပါတယ်၊ အဲဒါကြောင့် အဲဒီပြဿနာတွေကို ဘယ်နည်းဘယ်ပုံစံနဲ့ ဖြေရှင်းမလဲ ဆိုတာကတော့ အဓိကဖြစ်မယ်လို့ ကျနော်တစ်ဦးတည်း အမြင်ကတော့ အဲလိုရှိပါတယ်။"
 
ကိုဗစ်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ မျက်နှာစုံညီ အစည်းအဝေး မလုပ်နိုင်တာ အပါအဝင် NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးက သိသိသာသာ ခရီးမရောက်ဘူးလို့ ဗိုလ်မှူးကြီး နော်ဘူ က ဝေဖန်ပါတယ်။
 
အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်နိုင်မလား ဆိုတဲ့ အချက်အပေါ်မူတည်ပြီး NLD အစိုးရ ဒုတိယသက်တမ်း ငြိမ်းချမ်းရေး တိုးတက်မူ အခြေအနေကို တိုင်းတာနိုင်မယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အင်စတီကျု MIPS အမှုဆောင်ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောပါတယ်။
 
"အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ပူးတွဲပြီးတော့ အလုပ်လုပ်နိုင်အောင် ဘယ်လိုလုပ်မနိုင်မလဲဆိုတဲ့ဟာကို လုပ်နိုင်ဖို့က အရေးကြီးတယ်။ ဒါကို မလုပ်နိုင်ဘဲနဲ့ ဆိုလို့ ရှိရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်က ရှေ့လျှောက်လည်း သိပ်တိုးတက်ဖို့ကတော့ မလွယ်ဘူးပေါ့နော် ဒါကတစ်ချက်ပေါ့၊ နောက်တစ်ချက်က အရပ်ဘက် စစ်ဘက် ဆက်ဆံရေး တစ်စုံတစ်ရာ ကောင်းအောင်လုပ်နိုင်ပြီ ဆိုတောင်မှ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှိတဲ့ စုဖွဲ့မူ သဏ္ဍန်တွေကို အများကြီး ပြန်ပြောင်းဖို့ လိုလိမ့်မယ်၊ ငြိမ်းချမ်းရေး စုဖွဲ့မူတွေကို ဘယ်လောက်ထိ ပြင်ဆင်နိုင်လဲ၊ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ဘယ်လောက် အဆင်ပြေအောင် ကောင်းအောင် လုပ်နိုင်လဲ ဆိုတာအပေါ် မူတည်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် နောက် ငါးနှစ်မှာ ဘယ်ပုံထွက်မလဲ ဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ကတော့ သွားပြီး သက်ရောက်မှုရှိပါလိမ့်မယ်။"
 
နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲအပြီး အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ နဲ့ UWSA " ဝ" ၊ KIA နဲ့ AA တို့ ပါဝင်တဲ့ FPNCC အဖွဲ့ဝင် ၇ ဖွဲ့ကလည်း NLD အစိုးရ ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်မှုကို ဂုဏ်ပြု ကြိုဆိုတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အောင်မြင်ဖို့ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သီးခြားစီ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
လက်ရှိ အစိုးရ သက်တမ်းမှာ တာဝန်ယူခဲ့တဲ့ အတွေ့ အကြုံတွေနဲ့ လာမယ့် အစိုးရသစ် လက်ထက်မှာ အကောင်းဆုံး ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ပြောကြပါတယ်။
 
NLD အစိုးရ ပထမ ငါးနှစ်ကာလမှာ ငြိမ်းချမ်းရေးဖြစ်စဉ်က နောက်ပြန်ဆုတ်သွားတဲ့ အနေအထားမျိုး မဖြစ်ခဲ့ပေမယ့် ပြည်တွင်း လူထုထောက်ခံမှုနဲ့ နိုင်ငံတကာ ထောက်ခံမှု အပေါ်မူတည်ပြီး ဆန်းစစ်ရင်တော့ ရသင့်ရထိုက်တဲ့ အောင်မြင်မှုရလဒ် မရခဲ့ဘူးလို့ နိုင်ငံရေး လေ့လာသူတွေက မှတ်ချက်ပြုကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။