ရုရှားတိုက်လေယာဉ်တွေ လွှမ်းမိုးတဲ့ မြန်မာ့တပ်မတော်

2019.12.16
minaunghlaing-yak-13-622 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မိထ္ထီလာလေတပ်မှာ ကျင်းပခဲ့တဲ့ ၇၂ နှစ်မြောက် တပ်မတော်-လေ အခမ်းအနားမှာ တပ်တော်ဝင်တဲ့ လေယာဥ်တစ်စင်းပေါ်မှာ တွေ့ရစဥ်
ဓါတ်ပုံ - တပ်မတော်-လေ

ရုရှားထုတ် တိုက်လေယာဉ် Yak-130 အမျိုးအစား ခြောက်စင်း၊ တင့်ကားပျံလို့တင်စားကြတဲ့ Mi-35P တိုက်ခိုက်ရေး ဟယ်လီကော်ပတာ နှစ်စင်း၊ တရုတ်နိုင်ငံထုတ် JF-17B  နှစ်စင်းကို မနေ့က ၇၂ ကြိမ်မြောက် တပ်မတော်-လေ အခမ်းအနားမှာ တပ်တော်ဝင်ကြောင်း တပ်မတော်ကထုတ်ပြန်ပါတယ်။

ရုရှားထုတ် Yak-130 တိုက်ခိုက်ရေးယာဉ်တွေ ဝယ်ယူဖို့ မြန်မာနဲ့ ရုရှား ၂၀၁၅ ခုနှစ် ကတည်းက စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၆-၁၇ မှာ ခြောက်စင်း ရရှိခဲ့ပြီးတော့ ၂၀၁၇ ဒီဇင်ဘာကတည်းက တပ်တော်ဝင်ခဲ့ကြပါတယ်။ ဒီနှစ် ဒီဇင်ဘာမှာ နောက်ထပ် ခြောက်စင်းကို တပ်တော်ဝင်တာကြောင့် မြန်မာမှာ Yak-130 ၁၂ စင်း ပိုင်ဆိုင်နေပြီဆိုတဲ့ သဘောဖြစ်ပါတယ်။



တစ်စင်းရဲ့ အနိမ့်ဆုံး ကြမ်းခင်းဈေးဟာ အမေရိကန် ဒေါ်လာ ၁၅ သန်းရှိတာမို့၊ မြန်မာဟာ Yak-130  (၁၂) စင်းအတွက် ဒေါ်လာ သန်း ၁၈၀ ခန့် ကုန်ကျခံ ဝယ်ယူထားတာလို့ ဆိုနိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ ရုရှားထုတ်စစ်လက်နက်တွေဟာ တပ်မတော်အတွက် အလွန်အသုံးဝင်ကြောင်း ပြောဆိုဖူးပါတယ်။ နောက်ထပ် အဆင့်မြင့် ဆူခွိုင်း Sukhoi Su-30SM ဘက်စုံသုံး တိုက်လေယာဉ် ခြောက်စင်းဝယ်ယူဖို့ အမေရိကန်ဒေါ်လာ အနည်းဆုံး ၂၀၄ သန်းခန့် တန်ကြေးရှိတဲ့စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၈ ကတည်းက မြန်မာအတွက် ရုရှားက တည်ဆောက်နေပြီဖြစ်ပါတယ်။

Mi-35P ဟယ်လီကော်ပတာ ဟာ Mi-24 Hinde မျိုးကွဲတစ်ခုကို ပြည်ပတင်ပို့ဖို့ အဆင့်မြှင့်တင်ထားတဲ့ တိုက်ခိုက်ရေးယာဉ်ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၆၀ ဝန်းကျင်ရဲ့ လေတပ်တွေမှာလည်း အသုံးပြုလျက်ရှိပါတယ်။ လက်နက်ခဲယမ်း သုံးတန်နီးပါး တင်ဆောင်နိုင်ပြီးတော့ ကိုယ်ထည်မှာ အနည်းဆုံး စစ်သား ရှစ်ဦးခန့် တင်ဆောင်နိုင်ပြီး၊ အရေးပေါ် ကယ်ဆယ်ရေးတွေမှာလည်း အသုံးပြုလို့ရတဲ့ယာဉ်မျိုး ဖြစ်ပါတယ်။

တပ်တော်ဝင်အခမ်းအနားမှာတော့ Mi-35P နှစ်စင်းပြထားတာတွေ့ရပါတယ်။ Mi-35P တစ်စင်းရဲ့ရောင်းဈေးဟာ အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် ရှိတယ်လို့ စစ်ဖက်ဆိုင်ရာ သတင်းတွေမှာဖော်ပြထားပါတယ်။

စစ်ဖက်ဆိုင်ရာ ဝက်ဘ်ဆိုက်တွေရဲ့ပေါက်ဈေးတွေအခြေခံပြီး တွက်ချက်ကြည့်တဲ့အခါ Sukhoi Su-30SM (၆) စင်း၊ Yak-130 (၁၂) စင်း၊ Mi-35P (၂) စင်းတို့ရဲ့ ဝယ်ယူစရိတ်ဟာ ကန်ဒေါ်လာ သန်း ၄၅၀ ကျော်ဝန်းကျင်ရှိပါတယ်။ တပ်မတော်မှာ Mi-24 အမျိုးအစားတွေလည်း ဝယ်ယူထားတာရှိပါတယ်။ ၂၀၁၇ တုန်းက Mi-24 လေးစင်းအနက်၊ သုံးစင်းကို ပြုပြင်ထိန်းသိမ်းရေးတွေလုပ်ဖို့ ရုရှားဘက်က ပညာရှင်တွေ စေလွှတ်ခဲ့တာရှိပါတယ်။

လက်ရှိ တပ်မတော်မှာ Mi-24 စုစုပေါင်း ဘယ်နှစ်စင်း ပိုင်ဆိုင်သလဲဆိုတာ တရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။ Mi-24 တိုက်ခိုက်ရေးယာဉ်တွေကို လက်ရှိ ရက္ခိုင့်တပ်တော် AA နဲ့ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းတိုက်ပွဲတွေမှာ ရံဖန်ရံခါ တွေ့ရလေ့ရှိပါတယ်။

မိထ္ထီလာလေတပ်မှာ ကျင်းပခဲ့တဲ့ ၇၂ နှစ်မြောက် တပ်မတော်-လေ အခမ်းအနားကို ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီးတော့ လေယာဉ်တွေကို သူကိုယ်တိုင် တက်ရောက်ကြည့်ရှုခဲ့တယ်။ လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ဒီတိုက် လေယာဉ်တွေဟာ နိုင်ငံတော်ကာကွယ်ရေးပိုင်းမှာ ပိုပြီးတော့ တိုးတက်လာမယ်လို့ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။