ခြေဥပြင်ရေး ဟောပြောသူ သုံးဦးကို တပ်က တရားစွဲ
2019.11.01

ကော့သောင်းမြို့မှာ ဧပြီလ ၃ ရက်နေ့က ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှာ ပါဝင်ဟောပြောခဲ့ကြတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကဗျာဆရာ စောဝေ တို့ကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲလိုက်ပါတယ်။
ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကဗျာဆရာ စောဝေ တို့ကို ဧပြီ ၃ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ပြုလုပ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထားတာကို တရားရုံးက လက်ခံလိုက်ပါတယ်။
ကော့သောင်းမြို့နယ် တရားရုံးက တပ်မတော်ရဲ့ တိုင်ကြားမှုကို မနေ့က လက်ခံလိုက်တယ်လို့ သိရကြောင်း၊ အမှုဖွင့်ခံထားရသူတွေကိုတော့ တရားဝင် အကြောင်းကြားလာတာ မရှိသေးကြောင်း ဦးကြီးမြင့်က RFA ကို ပြောပါတယ်။
တပ်မတော်ကို ထိခိုက်အောင် ဟောပြောခဲ့တာ မရှိကြောင်း၊ ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ပြောဆိုချက် ကို နောက်ကြောင်းပြန်ပြီး အရေးယူတာဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်တာဖြစ်ကြောင်း ဦးကြီးမြင့်က ပြောပါတယ်။
"မနေ့တုန်းက ညနေ သုံးနာရီခွဲမှာ တရားရုံးက လက်ခံတယ်ဆိုတော့ ကျွန်တော်တို့တော့ သူများပြောလို့ သိတာပါဗျာ ဘာမှမသိသေး ပါဘူး။ တပ်မတော်လည်း ဘာမှထိခိုက်ပြောတာလဲ မဟုတ်ဘူး။ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြောတဲ့အပေါ်မှာ အခုနောက်ကြောင်းပြန်ပြီးတော့ အရေးယူတာဟာ ကျွန်တော် အပေါ်မှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်တယ်၊ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်"
ကဗျာဆရာ စောဝေ ကလည်း သူက ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကိုမှ ထိခိုက်အောင် မပြောခဲ့သလို ဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီတည်တံ့ခိုင်မြဲဖို့ပဲ တစိုက်မတ်မတ် တိုက်တွန်းတာပဲရှိတယ်လို့ ပြောပါတယ်။
လူတိုင်းရနိုင်တဲ့ အခွင့်အရေးကို ဟန့်တားတာဟာ ဒီမိုကရေစီကို ဟန့်တားတာဖြစ်ကြောင်း၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို နှောင့်ယှက်ဖျက်ဆီးနေတာဖြစ်ကြောင်းလည်း ကဗျာဆရာ စောဝေက မှတ်ချက်ပေးပါတယ်။
"ဒီမိုကရေစီရဲ့မဏ္ဍိုင်မှာ အဓိကကျပြီးတော့ တက်ချ်ဖြစ်နေတဲ့ အချက်တစ်ချက်ကတော့ ကျွန်တော်ပြောချင်တာက လူတိုင်းနော် လူတိုင်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ပေးထားတာ။ ဒါက လူ့အခွင့်အရေး ကြေညာစာတမ်းမှာလည်းပါပြီးသား တစ်ကမ္ဘာလုံးက လိုက်နာဖို့။ အခုလို လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခွင့် လူတိုင်းရနိုင်တဲ့ အခွင့်အရေးကို ဟန့်တားတာက ဒီမိုကရေစီကို ဟန့်တားတာပဲ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို နှောင့်ယှက်ဖျက်ဆီးနေတာပဲလို့ ပြောချင်တယ်"
နောက်ထပ် တရားစွဲဆိုခံထားသူတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်နဲ့ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်တို့မှာ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြောဆိုချက်တချို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် တရားရုံးတွေက ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ထားပါတယ်။
သူတို့ သုံးဦးကို တရားလိုပြုလုပ် အမှုဖွင့်ခဲ့တာကတော့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦး ဖြစ်ပါတယ်။ ၂၀၁၉ ဧပြီ ၁၂ ရက်နေ့က ကော့သောင်းမြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ရာမှာ တရားသူကြီး ပုဒ်မ ၅၀၅ (က) နဲ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ အတည်ပြုပြီး တရားစွဲဆိုထားတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး သန့်ဇင်ဦးက RFA ကို ပြောပါတယ်။
"ပြောတာတွေ အကုန်လုံးကတော့ သွားငြိနေတာပေါ့။ တပ်ထဲမှာ ပြောနေတာတွေရှိတယ်ပေါ့ ဗိုလ်ချုပ်တိုက်ဆောင် တပ်သားဂျိုင်းထောက် ပုံစံတွေပဲဖြစ်နေတယ်ပေါ့။ ဒါ နေမျိုးဇင်ပြောတဲ့ ဟာတွေပါ။ ဦးစောဝေပြောတာဆိုရင် အခြေခံဥပဒေမှာပါတဲ့ နိဒါန်းက နိဂုံးအထိ မြိစ္ဆာဥပဒေတွေ ဖြစ်တယ်ပေါ့။ တိုင်းပြည်ရဲ့ အသွေးအသားအာဏာတွေ ယစ်မူးပြီးတော့မှ စစ်ဘီလူးတွေက နှစ်ပေါင်းများစွာ ရေးဆွဲပြီးတော့မှ အာဏာရူးကြီးအကြိုက်ကို ဆောင်ရွက်တာဖြစ်တယ်ပေါ့။ နောက် ဦးကြီးမြင့်ပြောတဲ့ အချက်တွေဆိုရင်လည်း စစ်အာဏာရှင်ဆိုတာ ၂၀၀၈ အခြေခံဥပဒေထဲမှာ ရှိနေတယ်ပေါ့။ အဲဒီတော့ ဒီဥပဒေ ပြင်ဆင်ရုံနဲ့ မရဘဲ အသစ်တွေ ပြန်လည်ရေးဆွဲရမှာ ဖြစ်တယ်ပေါ့နော်။ အဲလိုမျိုးတွေ ဟောပြောခဲ့တာတွေကြောင့် ဦးတိုက်ပြီး လျှောက်ထားခဲ့တာဖြစ်ပါတယ်"
ရှေ့နေ ဦးကြီးမြင့်ကတော့ သူတို့ဟာ အများပြည်သူအကျိုး ဆောင်ရွက်နေသူတွေဖြစ်သလို ကိုယ့်အလုပ်ကိုယ်လုပ်ပြီး စေတနာ့ဝန်ထမ်း လုပ်နေသူတွေဖြစ်တာကြောင့် တပ်မတော်က တရးမစွဲသင့်ဘူးလို့ ပြောပါတယ်။
"အခု ထစ်ခနဲ့ဆို တရားစွဲ ကျွန်တော်တို့က အများပြည်သူအကျိုးဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ဘယ်ပါတီဝင်မှလည်း မဟုတ်ဘူး၊ ဘယ်နိုင်ငံက ထောက်ပံ့ကြေးကိုယူပြီး လုပ်နေတဲ့သူတွေလည်း မဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ထမင်းစားပြီးတော့ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ သူတွေပါ၊ ဒီလိုလုပ်တာတော့ စိတ်မကောင်းဘူး။ မဖြစ်သင့်ဘူးလို့ ကျွန်တော်က ပြောချင်ပါတယ်"
အာမခံ မရနိုင်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ၂ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်ပါတယ်။
တပ်က တရားစွဲထားတဲ့ထဲမှာ လတ်တလော နိုင်ငံတကာအထိ လူပြောများနေတဲ့အမှုကတော့ သံချပ်ရွတ်ဆိုတဲ့လူငယ်များအမှုပဲ ဖြစ်ပါတယ်။
မရမ်းကုန်းမြို့နယ် တရားရုံးက ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို ပုဒ်မ ၅၀၅ (က) နဲ့ အောက်တိုဘာ ၃၀ ရက်နေ့က ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။ အဲဒီစီရင်ချက်ကို အမြန်ဆုံးပြန်လည် ရုပ်သိမ်းသင့်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့က တောင်းဆိုလိုက်ပါတယ်။
တက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုထောင်ချနေတာဟာ တပ်မတော်အနေနဲ့ ဝေဖန်ပြောဆိုမှုတွေကို လက်မခံကြောင်း ပြသရာရောက်နေတယ်လို့ HRW အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ဖီလ်ရောဘတ်ဆန် (Phil Robertson) က ပြောပါတယ်။
အလားတူ အမေရိကန်အခြေစိုက် နောက်ထပ်အဖွဲ့တစ်ခုဖြစ်တဲ့ Pen America အဖွဲ့ကလည်း ဒီလို ထောင်ဒဏ်ချမှတ်တာဟာ လွတ်လပ်စွာ ဖန်တီးပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကိုပိုင်ရဲသူက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အစိုးရဌာနဆိုင်ရာတချို့ ပြောင်းလဲသွားတာရှိပေမယ့် တရားစီရင်ရေးကဏ္ဍမှာတော့ ပြောင်းလဲမှုမရှိကြောင်း၊ တပ်မတော်က တရားစွဲဆိုမှုတွေမှာ ထောင်ဒဏ်ချမှတ်မှုတွေဟာ အမြဲလိုလိုဖြစ်နေကြောင်း ဝေဖန်ပါတယ်။
ဒါကြောင့် တရားစီရင်ရေးကဏ္ဍမှာ ဥပဒေအရ မှန်မှန်ကန်ကန် ဖြစ်စေချင်ကြောင်း ကိုပိုင်ရဲသူက ပြောပါတယ်။
"အထူးသဖြင့် ဒီတရားစီရင်ရေးဟာ လုံးဝမပြောင်းလဲတဲ့ အနေအထားကို ကျွန်တော်တို့ တွေ့ရတယ်။ တရားစီရင်ရေးမှာ လိုက်ပြောင်းလိမ့်မယ်လို့ ထင်မြင်ယူဆချက်နဲ့ ကျွန်တော်တို့ တရားရင်ဆိုင်တယ်။ တရားရုံးမှာ တရားခွင်ကို လေးလေးစားစားနဲ့ တက်ရောက်တယ်။ ပြီးတော့ ကောင်းကောင်းမွန်မွန် ခုခံတယ်၊ ချေပတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ခုခံချေပမှုဟာ ကျွန်တော်တို့ ကြိုတင်မှန်းဆထားသလိုပဲ အရာမရောက်ခဲ့ပါဘူး။ စစ်တပ်တရားလို လုပ်တဲ့ အမှုတိုင်းက ထောင်ကျကို ကျမယ်ဆိုတဲ့ ကျိမ်းသေက ကျွန်တော်တို့ နိုင်ငံအတွက် အမှန်တရားတစ်ခုလိုဖြစ်နေယ်။ တရားဥပဒေကို အသုံးချပြီး ကျွန်တော်တို့ကို ထောင်ထဲထည့် ထားတယ်။ တရားဥပဒေအရ ကျွန်တော်တို့ အမှန်အကန်အတိုင်းပဲ ဖြစ်စေချင်ပါတယ်၊ ဖြစ်ချင်ပါတယ်"
ဒီကနေ့ ဗိုလ်တစ်ထောင်မြို့နယ် တရားရုံး ရုံးထုတ်မှာ ကိုပိုင်ရဲသူ ပြောသွားခဲ့တာပါ။
အွန်လိုင်း ဆိုရှယ်မီဒီယာကနေ တပ်မတော်ကို ဝေဖန်ခဲ့သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးလည်း ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။