တပ်မတော်နဲ့ KNU ဖာပွန်မြို့နယ်မှာ တိုက်ပွဲဖြစ်
2020.01.04

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝါးသိုးခိုကျေးရွာမှာ ဇန်နဝါရီ ၂ ရက်နေ့က တပ်မတော်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တပ်မတော်နဲ့ KNU အကြား အောက်ခြေမှာ ပဋိပက္ခတွေ မဖြစ်ပွားရေး ဆွေးနွေးနေစဉ်အတွင်းမှာပဲ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တပ်မတော်နဲ့ KNU တို့ကြား နှစ်ပေါင်းအတန်ကြာ အပစ်ရပ်ထားကြပြီး တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်း မရှိဘဲ နှစ်ဆန်းပိုင်းမှာ ပေါ်ပေါက်လာတဲ့ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
KNU အဖွဲ့က အဝေးကနေ လှမ်းပစ်တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး မောင်မောင်လတ်က RFA ကို ဒီကနေ့မှာ ပြောပါတယ်။
“ဝါးသိုးခိုရွာနားမှာဖြစ်တာ။ ဖြစ်တယ်ဆိုတာကလည်း ဟိုဘက်ဒီဘက် အဝေးကနေ ပစ်တယ်ထင်တယ်။ အဝေးကနေ ပစ်ကြတယ်။ KNU ဘက်ကနေ လှမ်းပစ်တာ။ လှမ်းပစ်တော့ ဒီဘက်ကလည်း ပြန်ပစ် အဲဒါပါပဲ။ ဘာကြောင့်ဖြစ်လဲဆိုတာတော့ မသိဘူး“
တပ်မတော်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး KNU ဗဟိုပြောရေးဆိုခွင့်ရှိသူတွေဆီကို RFA က ဆက်သွယ်မေးမြန်းပေ မယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဘားအံမြို့မှာရှိတဲ့ KNU ဆက်ဆံရေးရုံး ပြောရေးဆိုခွင့်ရှိသူ စောအောင်ပန်းကတော့ တိုက်ပွဲဖြစ်ပွားတယ် ဆိုတဲ့နေရာကို KNU တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးနေပြီး ဆက်သွယ်ရေး ခက်ခဲတဲ့ဒေသဖြစ်တာကြောင့် အသေးစိတ်အခြေအနေကို မသိရသေးကြောင်း RFA ကို ဒီနေ့ မနက်က ပြောပါတယ်။
“အတိအကျတော့ ဆက်သွယ်လို့ မရဘူး။ တပ်မှူးလည်း သွားနေကြတုန်းပဲ။ ကျွန်တော်တို့နဲ့တော့ တိုက်ရိုက်အဆက်သွယ် မရသေးဘူး။ အဲဘက်က ဖုန်းလိုင်းမရဘူးလေ“
နှစ်ဖက် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး ဝါးသိုးခိုရွာဒေသခံ နှစ်ဦးလည်း စိုးရိမ်စရာ ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ကမောင်းဆေးရုံကတဆင့် ဘားအံဆေးရုံကို တင်ပို့ထားရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပတ်သက်ပြီး RFA က အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်း ကျေးရွာအုပ်စုအပိုင် ဝါးသိုးခိုကျေးရွာဟာ ကရင်ပြည်နယ် အစိုးရအုပ်ချုပ်ရေး လွှမ်းမိုးတဲ့ နယ်မြေဒေသမဟုတ်ဘဲ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ( ၅ ) ထိန်းချုပ်နယ်မြေဒေသဖြစ်ပါတယ်။
KNU လက်အောက်ခံ တပ်မဟာ ခုနှစ်ခု ရှိတဲ့အနက် KNU တပ်မဟာ ( ၅ ) နဲ့ တပ်မဟာ ( ၃ ) ဒေသတွေမှာ တပ်မတော်ရဲ့ လမ်းဖောက်လုပ်ရေး လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေလည်း ရှိနေပါတယ်။
ဒီတင်းမာမှုတွေကို ဆွေးနွေးအဖြေရှာဖို့လိုပြီး အောက်ခြေမှာ ပဋိပက္ခတွေရှိနေရင် NCA လမ်းကြောင်းကို ထိခိုက်စေနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကိုတော့ တပ်က နေရာယူထားကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး အောက်ခြေ တပ်တွေ ထပ်မံထိတွေ့ တိုက်ခိုက်မှုမဖြစ်အောင် KNU ဆက်ဆံရေးရုံးတွေဆီကို လှမ်းအကြောင်းကြားထား တယ်လို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က အသေးစိတ် မသိရသေးဘဲ ဆက်လက်စုံစမ်းနေတုန်းပဲလို့ ဗိုလ်မှူးကြီး မောင်မောင်လတ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ကနေ ဈေးဝယ်ပြီးပြန်လာတဲ့ စောမင်းလူ ကျေးရွာက ရွာသား လေးဦးဆီက ဆန်အိတ် ( ၁၅၀ ) ကို တပ်မတော်က သိမ်းဆည်းခဲ့တာတွေ ဖြစ်ခဲ့ပါသေးတယ်။ ကျေးရွာသားတွေရဲ့ ဆန်အိတ်တွေ သိမ်းဆည်းခံရတာနဲ့ ပတ်သက်လို့ ကျောက်ကြီးမြို့က KNU ဆက်ဆံရေးရုံးကို တိုင်ကြားခဲ့ပြီး KNU က ပြန်တောင်းပေးပေမယ့် ရွာသားတွေက သွားမယူရဲခဲ့ကြပါဘူး။
ဒီလို အောက်ခြေတွေမှာ ပဋိပက္ခဖြစ်တာတွေ လျော့နည်းစေဖို့အတွက် ဒီဇင်ဘာ ၂၇ ရက်နေ့က ကျောက်ကြီး KNU ဆက်ဆံရေးရုံးမှာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်တဲ့အဖွဲ့နဲ့ KNU ဗဟိုစစ်ဌာနချုပ်က ဗိုလ်မှူးချုပ် မန်းရှာထုဝေါ် ဦးဆောင်တဲ့အဖွဲ့တွေဟာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။
လက်ရှိ KNU ဟာ အပစ်ရပ်လက်မှတ် ရေးထိုးထားပေမယ့် တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲကနေ ပါဝင်ဆွေးနွေးဖို့ ရပ်ဆိုင်းထာကြောင်းလည်း ကြေညာထားပါတယ်။