ပလက်ဝတိုက်ပွဲမှာ တစ်လအတွင်း အရပ်သား ၂၉ ဦးသေ၊ ၃၆ ဦး ဒဏ်ရာရ


2020.04.12

ချင်းပြည်နယ် အစိုးရအဖွဲ့က ကောက်ယူထားတဲ့စာရင်းတွေအရ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လလယ်ပိုင်း ကနေ မနေ့ကအထိ တပ်မတော်နဲ့ AA တို့ကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးသူ ၂၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၆ ဦးအထိ ရှိလာနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ အလယ်က စတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေဟာ ဧပြီလ ၁၁ ရက်နေ့ မနေ့ကအထိ ပလက်ဝမြို့ဝန်းကျင်မှာ ရှိခဲ့ပါတယ်။

မနေ့က ပလက်ဝမြို့ပေါ်က ကက်သလစ်ဘုရားကျောင်းထဲ လေကြောင်းက ပစ်ခတ်တဲ့ကျည် ကျရောက်ခဲ့တာ ကြောင့် လူအထိအခိုက် မရှိပေမယ့် အဆောက်အဦ ပျက်စီးခဲ့ပါတယ်။

ဧပြီလ ၁၀ ရက်နေ့က ပလက်ဝမြို့ပေါ်မှာ အမျိုးသားတစ်ဦး အိမ်ရှေ့ထွက်ရပ်နေစဉ် ဝမ်းဗိုက်ကို ကျည်ဆံ ထိမှန်သွားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့  ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

“အိမ်ရှေ့မှာ ခဏလေး ထွက်ရပ်တဲ့အချိန်မှာ သူကျည်ဆံမှန်တယ်။ ဘယ်သူ့ကျည်မှန်းတော့မသိဘူး။ သူ့ကို ကျွန်တော်တို့ ပလက်ဝဆေးရုံမှာ တင်ပို့ထားရတာရှိတယ်။”

မတ်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ပလက်ဝမြို့နယ်၊ ဆမီးမြို့တဝိုက်မှာ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ ၂၂ ဦး၊ ဒဏ်ရာရသူ ၂၈ ဦးရှိခဲ့တာပါ။

ဧပြီလ ၇ ရက်နေ့ က ပလက်ဝမြို့နယ်၊ လယ်လှကျေးရွာအုပ်စု၊ နန်းချောင်းဝကျေးရွာထဲ ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှု ပါဝင်တဲ့တိုက်ပွဲကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး သုံးဦး၊ အမျိုးသား ၄ ဦး သေဆုံးခဲ့ပါတယ်။

ဧပြီလ အတွင်း ပလက်ဝမြို့တဝိုက်မှာဖြစ်တဲ့ တိုက်ပွဲကြောင့် ဒဏ်ရာရသူ ၈ ဦး ရှိတယ်လို့ ချင်းပြည်နယ်အစိုးရ အဖွဲ့စာရင်းအရ သိရပါတယ်။

တိုက်ပွဲကြောင့် မြေပြင်မှာဖြစ်နေတဲ့ အခြေအနေတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

“မြေပြင်မှာ ဖြစ်တဲ့ဟာကို ချင်းပြည်နယ် အစိုးရအဖွဲ့ကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖြစ်စဉ်အားလုံးကို တင်ပြပါတယ်ခင်ဗျ။ ပြည်ထောင်စုကနေ ကာကွယ်ရေးကို ပြောပြီးတော့မှ ကာကွယ်ရေးကနေ နယ်မြေရှင်းလင်းတာတော့ လုပ်နေပါတယ်။ အတိုင်းအတာတစ်ခုအထိ ရှင်းလင်းပြီးလို့ရှိရင် ကျောက်တော်ကနေ ပလက်ဝကိုပဲဖြစ်ဖြစ်၊ ဆမီးကနေ ပလက်ဝကိုပဲဖြစ်ဖြစ် သွားလို့လာလို့ ရအောင်တော့လည်း တပ်ကနေ ရှင်းလင်းမှုတွေ လုပ်နေပါတယ်။ နယ်မြေ ရှင်းလင်းတဲ့ အခါ ခြေလျင်ကနေ ပစ်ကူရတာရှိသလို လေကြောင်းနဲ့လည်း လုပ်ရတာလေးတွေလည်း ရှိပါတယ်။ အဲ့ဒီအပေါ်မှာ နည်းနည်း ထိခိုက်တာလေးတွေလည်း ရှိတော့ရှိပါတယ်။”

တိုက်ပွဲကြောင့် နေအိမ် ၁၆ လုံးခန့် ပျက်စီးသွားပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့က သေဆုံးသူကို ငွေ သုံးသိန်း၊ ဒဏ်ရာရသူ တစ်ဦးကို တစ်သိန်းနဲ့ တိုက်ပွဲကြောင့် နေအိမ် မီးလောင်ပျက်စီးမှုအတွက် တစ်အိမ်ကို တစ်သိန်းခွဲစီ ထောက်ပံ့ပေးထားပါတယ်။

တိုက်ပွဲတွေကြောင့် မနေ့က တစ်ရက်တည်းမှာပဲ ပလက်ဝမြို့ပေါ်ကို လူဦးရေ ၄၆၀ ကျော် ပါဝင်တဲ့ အိမ်ထောင်စု ၁၀၀ ခန့် ထပ်မံ ထွက်ပြေးလာပါတယ်။

ပလက်ဝကို ဆန်တင်ပို့နိုင်ရေး အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေဆဲပဲလို့ ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောပါတယ်။

“ကျွန်တော်တို့က ဌာနနဲ့တော့ ဒီမှာ စကားတွေ ပြောနေကြတယ်။ အဓိကတော့ လမ်းကြောင်းပါ။ တည်ငြိမ်မှုမရှိတော့ လမ်းကြောင်း အခြေအနေတည်ငြိမ်မှုရှိမှ သက်ဆိုင်ရာတွေက အခြေအနေ ကောင်းတယ်လို့ ပြောမှပဲ ဒီက လုပ်ရမယ့် အနေအထားပါ။ လောလောဆယ်တော့ ခက်သေးတယ် ပေါ့နော်။”

ပလက်ဝမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် ၃၆၀၀ ကျော်နေပါပြီ။ တိုက်ပွဲတွေကြောင့် ပလက်ဝ- ဆမီးနဲ့ ကျောက်တော်- ပလက်ဝ လမ်းတွေ ပိတ်နေလို့ ပလက်ဝမြို့ပေါ်မှာ ဆန်ပြတ်နေပါတယ်။ ဒီနေ့အထိ ပလက်ဝမြို့ပေါ်ကို ဆန်တင်ပို့ နိုင်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။