ရှေးဟောင်းနယ်မြေတွေမှာ တိုက်ပွဲမဖြစ်ရေး ညှိနှိုင်းဖို့ ပညာရှင်တွေ တိုက်တွန်း
2024.12.05

စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ဟာ ရှေးဟောင်းအမွေအနှစ်နယ်မြေဖြစ်တဲ့ မန္တလေးနန်းတွင်းထဲမှာ တပ်စွဲထားပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက လပခကို ပြီးခဲ့တဲ့ စက်တင်ဘာလက ရှော့တိုက်ဒုံးတွေနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပေမဲ့ အပျက်အစီးတွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက ထုတ်ပြန်တာမရှိပါဘူး။
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေမှာ စစ်ရေးဆောင်ရွက်တာတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ရှေးဟောင်းသုတေသနပညာရှင် ကိုသူရအောင်က ပြောပါတယ်။
"ဂျီနီဗာကွန်ဗန်းရှင်းကိုလည်း လက်မှတ်ရေးထိုးထားတဲ့အတွက် ဒီရှေးဟောင်းအမွေအနှစ်တွေကို တိုက်ခိုက်တာမျိုးကို မလုပ်ကြဖို့ မလုပ်သင့်ဘူးဆိုတာ နိုင်ငံတကာဥပဒေမှာလည်း ရှိပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့မှာတော့ ဒီဥပဒေတွေကို မထီမဲ့မြင်ပြုပြီးတော့ နှစ်ဖက်သောတပ် စကစရော တော်လှန်ရေးတပ်တွေရော ရှေးဟောင်းအမွေအနှစ်နယ်မြေတွေကို ခြေကုပ်ယူပြီးတော့နေတာ၊ တိုက်ခိုက်တာ၊ စစ်ဆင်ရေးလုပ်တာတွေရှိသလို စစ်ကောင်စီဘက်ကလည်း ယဉ်ကျေးမှုအမွေအနှစ်နယ်မြေတွေကို ခြေကုပ်ယူတာ၊ ရည်ရွယ်ချက်ရှိရှိတိုက်တာမျိုးရှိနေတယ်။ ဒါက အင်မတန် ဝမ်းနည်းစရာကောင်းသလို ဥပဒေမဲ့ တရားလက်လွတ်ဖြစ်တဲ့ အနေအထားလို့ ပြောလို့ရတယ်"
စစ်ကောင်စီတပ်ဟာ မန္တလေးနန်းတွင်းမှာ အထိုင်တပ်စခန်းထားတာအပြင် ဗန်းမော်မြို့ ကောင်းတုန်ခံတပ်မှာ တပ်စွဲတာ၊ အင်းတော်မြို့က ဒုတိယကမ္ဘာစစ်အတွင်း တည်ဆောက်ထားတဲ့ ဂျပန်မြေအောက်ဆေးရုံနေရာမှာ တပ်စွဲတာတွေ ရှိပါတယ်။
ရေဦးမြို့နယ် ချမ်းသာရွာက နှစ်ပေါင်း ၁၂ဝ ကျော်သက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုလည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်က စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၄ ရက်နေ့ကလည်း လားရှိုးမြို့က နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိတဲ့ တရုတ်ဘုံကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးခဲ့ရပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းကလည်း မန္တလေးတစ်ဖက်ကမ်း စစ်ကိုင်းတောင်က မင်းကွန်းရှေးဟောင်းနယ်မြေမှာ တော်လှန်ရေးတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ ရုပ်သံတစ်ခု ထွက်ပေါ်ခဲ့ပါတယ်။
နှစ်ဖက်တပ်တွေအနေနဲ့ ရှေးဟောင်းနယ်မြေတွေမှာ တိုက်ပွဲဖြစ်တာ၊ စစ်ရေးပြင်ဆင်တာတွေဟာ ဂျီနီဗာကွန်းဗန်းရှင်းကို ချိုးဖောက်သလို ရှေးဟောင်းနယ်မြေတွေ ပျက်စီးဆုံးရှုံးနိုင်ခြေကလည်း စိုးရိမ်စရာအခြေအနေလို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ထောက်ပြကြပါတယ်။
ရှေးဟောင်းနယ်မြေတွေမှာ တိုက်ပွဲဖော်ဆောင်နေတာဟာ ရှေးဟောင်းအမွေအနှစ်ကို ဖျက်ဆီးဖို့ ဖိတ်ခေါ်နေသလို ဖြစ်နေတယ်လို့လည်း လုံခြုံရေးအရအမည်မဖော်လို့ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးကလည်း ထောက်ပြပါတယ်။
"ဘာတွေ ဖြစ်လာနိုင်လဲဆိုတော့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာမျိုးတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေကတစ်ဆင့် အမွေအနှစ် အဆောက်အဦတွေ၊ ရွှေ့ပြောင်းနိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းတွေ၊ ထိခိုက်ပျက်စီး ဆုံးရှုံးနိုင်တယ်။ ဒါတွေထိခိုက်ပျက်စီးရင် ယဉ်ကျေးမှုအမွေအနှစ်တွေ ဆုံးရှုံးမယ်၊ ယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို စစ်ရေးရည်ရွယ်ချက်နဲ့ သုံးတာကိုက အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာလည်း ရောက်ပြီးတော့ နိုင်ငံတစ်နိုင်ငံအနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာမဲ့စေတာပေါ့လေ"
စစ်ကောင်စီတပ်ရော၊ တော်လှန်ရေးတပ်ဖွဲ့တွေပါ နှစ်ဖက်လုံးက စစ်စည်းကမ်းတွေ လိုက်နာဖို့ လိုတယ်လို့ ရှေးဟောင်းသုတေသနပညာရှင် ကိုသူရအောင်က ထောက်ပြပါတယ်။
"ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဓားစာခံအနေနဲ့ စစ်ရေးပစ်မှတ်အနေနဲ့ အသုံးချနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့က ပြင်းပြင်းထန်ထန်ကန့်ကွက်သလို တော်လှန်ရေးဘက်ကလည်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် နယ်မြေတွေမှာ လက်နက်ကိုင်ပြီးတော့ စစ်ရေးပစ်မှတ်တွေကို အဲဒီကနေ တည်ပြီးပစ်တာမျိုးတွေလည်း ကျွန်တော်တို့က လက်ခံပေးလို့ မရပါဘူး။ နှစ်ဖက်လုံးက စစ်စည်းကမ်းတွေ လိုက်နာဖို့လိုတယ်လို့ ပြောချင်ပါတယ်"
ပြီးခဲတဲ့နှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ထိမှန်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီဟာ မြောက်ဦးက ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တယ်လို့ မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က ပြောပါတယ်။
"AA က ကျတော့ ကိုယ်ရဲ့ ရခိုင်အမွေအနှစ်လို့ နှလုံးထဲမှာ သိမ်းထားတဲ့အတွက် သူတို့က ကျွန်တော်တို့ရဲ့ အမွေအနှစ်တွေကို ထိလို့မရဘူး။ ဖျက်ဆီးလို့မရဘူး။ ကာကွယ်ရမယ်ဆိုတဲ့ သူတို့မှာ အဲဒီအယူအဆတွေရှိတဲ့အတွက်ကြောင့် အမွေအနှစ်တွေကို ထိန်းသိမ်းတာပေါ့နော်။ တစ်ဖက် စကစကတော့ ရည်ရွယ်ချက်ရှိရှိ ပြတိုက်ကိုတောင် အမြောက်နဲ့ပစ်တာတို့ ဘာတို့တော့ တွေ့ဖူးတယ်။ အခုလည်း ပြတိုက်က ပျက်စီးပြိုကျနေတယ်၊ တချို့စေတီတွေပေါ်မှာ အမြောက်ဆန်ထိတာရှိတယ်"
မြောက်ဦးရှေးဟောင်းနယ်မြေက စေတီတွေ၊ ဘုရားကုန်းတွေမှာ စစ်ကောင်စီက ဘန်ကာတွေ၊ ဗုံးခိုကျင်းတွေ ဆောက်လုပ်နေတာဟာ ရှေးဟောင်းအမွေအနှစ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာလို့လည်း ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ရေဦး ချမ်းသာရွာမှာ ရှေးဟောင်းဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ
ထန်တလန်မှာ နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ ခရစ်ယာန်ဘုရားကျောင်း မီးရှို့ခံရ
မြောက်ဦးမှာ လေကြောင်းပစ်ခတ်မှုအတွင်း ရှေးဟောင်းဘုရားတချို့ ထိမှန်ပျက်စီး
NUG ကတော့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအဖွဲ့က နိုင်ငံတကာ ကွန်ဗန်းရှင်းတွေ၊ တည်ဆဲဥပဒေတွေနဲ့အညီ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အမွေအနှစ်နေရာတွေ သတ်မှတ်ခဲ့ပြီး စစ်ရေးဖော်ဆောင်တာတွေ၊ စစ်စခန်းတည်ဆောက်တာတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ မလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။
လက်တွေ့မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက မလိုက်နာဘူးလို့ ဝေဖန်ထောက်ပြတာတွေ ရှိနေပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်သွယ်ပေမဲ့ ပြန်ဖြေတာ မရှိပါဘူး။
ဂျီနီဗာကွန်ဗန်းရှင်းမှာ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို မတိုက်ခိုက်ရဘူးဆိုတဲ့ တားမြစ်ချက်တွေ ပါရှိပြီး မြန်မာနိုင်ငံဟာလည်း ဦးနုလက်ထက်က လက်မှတ်ရေးထိုးထားပါတယ်။
ဒုတိယကမ္ဘာစစ်ကတည်းက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေကို စစ်ဖြစ်တဲ့ နိုင်ငံအချင်းချင်း ညှိနှိုင်းပြီး စစ်မဲ့ဇုန်တွေ သတ်မှတ်ခဲ့သလို ပြည်သူတွေ စစ်ဘေးရှောင်တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။
ရှေးဟောင်းနယ်မြေတွေမှာ စစ်မဲ့ဇုန်အဖြစ်သတ်မှတ်မယ်ဆိုရင် အမွေအနှစ်တွေမပျက်စီးသလို လူတွေလည်း အကျိုးရှိစေတာကြောင့် နှစ်ဖက်တပ်တွေ ညှိနှိုင်းဆွေးသင့်တယ့်လိုလည်း ကိုသူရအောင်က ထောက်ပြပါတယ်။
"မြန်မာနိုင်ငံမှာ နေရာတိုင်းမှာ ရေဟောင်းဇုန်တွေရှိတယ်၊ ပြည်သူတွေ ယာယီနေထိုင်ခြင်းအားဖြင့် စစ်မဲ့ဇုန်တွေ သတ်မှတ်ခြင်းဖြင့် ပြည်သူတွေလည်း သက်သာမယ်။ ရှေးဟောင်းအမွေအနှစ်တွေလည်း မပျက်ဘူး၊ ဒါမျိုး အကျိုးကျေးဇူးတွေရှိတယ်ပေါ့နော်။ ဒါမျိုးမော်ဒယ်ကို နှစ်ဖက်လုံး ဒီဘက်က အန်ယူဂျီရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရော စစ်ကောင်စီဘက်ကရော ဒါမျိုးတွေကို အကောင်အထည်ဖော်ပြီးတော့ ယဉ်ကျေးမှုအမွေအနှစ်ရော ပြည်သူလူထုရော အန္တရာယ်ကင်းမဲ့ အနေအထားမျိုး မော်ဒယ်တစ်ခုကို လုပ်သင့်တယ်လို့ ကျွန်တော်က အကြံပြုချင်တာပါ”
မဖြစ်မနေ စစ်တိုက်ရမယ်ဆိုရင်တော့ လေယာဉ်နဲ့ လက်နက်ကြီးမသုံးကြဖို့ နှစ်ဖက်နားလည်မှုယူသင့်တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေးဟောင်းသုတေသန ပညာရှင်က အကြံပြုကြပါတယ်။
"ဒီနှစ်ဖက်အဖွဲ့အစည်းအနေနဲ့ ဒီနေရာတွေက တကယ်ပဲ စစ်ရေးအရ မဖြစ်မနေ တပ်စွဲဖို့လိုလား၊ တိုက်ပွဲဖော်ဖို့ လိုအပ်သလားဆိုတာကို ပြန်ပြီး သုံးသပ်စေချင်တယ်၊ တကယ်လို့ မဖြစ်မနေ တိုက်ရတော့မယ်ဆိုရင်လည်း ဒီအမွေအနှစ်တွေကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် တိုက်ဖို့ တိုက်တွန်းချင်တယ်၊ ဥပမာ လက်နက်ကြီးတွေမသုံးဘဲနဲ့ သော်လည်းကောင်း၊ အမွေအနှစ် နေရာဒေသမှာ တိုက်မယ်ဆိုရင် လေယာဉ်နဲ့ ဗုံးမကြဲတာသော်လည်းကောင်း ဒီလိုပုံစံမျိုး နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲဖော်ဆောင်ဖို့လိုမယ်”
ရှေးဟောင်းဇုန်တွေ မပျက်စီးဖို့ နှစ်ဖက်တပ်တွေကြား ညှိနှိုင်းဆွေးနွေးဖို့တိုက်တွန်းချက်နဲ့ ပတ်သက်ပြီး NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကို RFA က မေးမြန်းခဲ့ပေမဲ့ တစ်စုံတစ်ရာ ပြောဆိုတာမရှိပါဘဲ PDF တွေအနေနဲ့ စစ်စည်းကမ်းအတိုင်းဆောင်ရွက်နေကြောင်းသာ ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ တော်လှန်ရေးအင်အားစုတွေက၊ MOD အောက်ရှိ PDF တွေက ကျွန်တော်တို့မှာ စစ်စည်းကမ်းတွေရှိတယ်၊ ဒီလိုမျိုးလုပ်ရပ်တွေ လုပ်မှာ မဟုတ်ဘူး”
စစ်ကောင်စီတပ်သားတွေကသာ ရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးနေပြီး ရပ်တန်းကရပ်သင့်ပြီလို့လည်း ဦးကျော်ဇော်က ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။