မြောက်ဦးကို နိုင်ငံအဆင့်ဥပဒေတွေနဲ့ အရင်ကာကွယ်ထားသင့်ကြောင်း ယူနက်စကို ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.10.26
မြောက်ဦးကို နိုင်ငံအဆင့်ဥပဒေတွေနဲ့ အရင်ကာကွယ်ထားသင့်ကြောင်း ယူနက်စကို ပြော ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရခိုင်ဓလေ့ရိုးရာ ရှင်လောင်းလှည့်လည်ပွဲတစ်ခုအား တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တရားဝင် အသိအမှတ်ပြုခံရဖို့ အတွက် မြန်မာနိုင်ငံဘက်က အဆိုပြုချက် တင်သွင်းထားပြီးတဲ့နောက်၊ ယူနက်စကိုတာဝန်ရှိသူတွေက လာရောက်စစ်ဆေးဖို့ ကြန့်ကြာနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားကြပါတယ်။ အဲဒီလိုပြောတာနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ယူနက်စကိုဌာနချုပ်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ရှေးဟောင်းအမွေအနှစ်ဒေသတစ်ခုကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် မသတ်မှတ်ခင်မှာ နိုင်ငံအဆင့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ အရင် အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ တုံ့ပြန်ဖြေကြားပါတယ်။

ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တာဟာ နိုင်ငံတကာအဆင့်မှာ အမြင့်ဆုံးအကာအကွယ်ပေးလိုက်တာ ဖြစ်ပါတယ်။

ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဟာ ပြုပြင်ထိန်းသိမ်းမှုနဲ့ ကြီးကြပ်စောင့်ကြည့်မှု မရှိတဲ့အတွက် သဘာဝနဲ့လူဖန်တီးတဲ့ ဘေးအန္တရာယ်တွေကြောင့် ထိခိုက်ပျက်စီးမဲ့ အန္တရာယ်ရှိနေတယ်ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ နိုင်ငံအဆင့် ဥပဒေတွေနဲ့ အရင်အကာအကွယ်ပေးထားဖို့ လိုအပ်ပါတယ်လို့ ယူနက်စကိုရဲ့ သတင်းမီဒီယာအရာရှိ သောမတ်စ် မောလက် က RFA ကို ပြန်ကြားတဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ထည့်သွင်းဖို့အတွက် အဆိုပြုလွှာမူကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာရှိတဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဗဟိုဌာန (UNESCO World Heritage Center) ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် အပြီးသတ်အဆိုပြုလွှာကိုတော့ ပြည်ပက ကျွမ်းကျင်သူတွေ ငှားရမ်းကွင်းဆင်းပြုစု စစ်ဆေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ တင်သွင်းခဲ့တာပါ။

အေဒီ ၁၅ ရာစုမှာ ရခိုင်ဘုရင် မင်းစောမွန် တည်ထောင်ခဲ့တဲ့ မြောက်ဦးမြို့ကို ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ဖို့ အရပ်သား အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်ကျွမ်းကျင်သူတွေက ၂၀၁၇ ခုနှစ်ကတည်းက စတင်ကြိုးပမ်းခဲ့ကြတာပါ။

မြောက်ဦးမြို့မှာ ရခိုင်ဘုရင်တွေ အဆက်ဆက် တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းစေတီပုထိုးတွေ၊ ကျောက်ဆစ်လက်ရာတွေနဲ့ ရှေးခေတ်က စစ်ရေးဗျူဟာအတွက် တည်ဆောက်ခဲ့တဲ့ မြို့ရိုးတံတိုင်း၊ ကျုံး၊ ခံတပ်တွေနဲ့ နန်းတော်ရာကုန်း စတဲ့ရှေးဟောင်း အမွေအနှစ်နေရာ ၂၇ ခုကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီနေ့အထိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ခက်ခဲကြန့်ကြာနေပြီး အချိန်ကြာလာတာနဲ့အမျှ အမွေအနှစ်တွေ ပျက်စီးနေရတယ်လို့ ယူနက်စကိုစာရင်းဝင်နိုင်ရေး ကြိုးပမ်းနေတဲ့ မြောက်ဦးဒေသယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက RFA ကို ပြောပါတယ်။

“ကျွန်မတို့ အခက်အခဲဖြစ်ဖို့ အများကြီးမြင်မိပါတယ်။ ကျွန်မတို့မှာ ၂၀၁၇ ခုနှစ်ကရှိခဲ့တဲ့ ချောင်းတွေ အခုမရှိတော့ဘူး။ ၂၀၁၇ ခုနှစ်က ရှိခဲ့တဲ့ တောင်တွေ အခုတော့ တစ်ခြမ်းပဲ့ သွားတာတွေ တောင်တွေကို ဖြိုပြီးတူးကြတာ။ နောက်တစ်ခုကျတော့ အဲဒီတောင်တွေကို တူးပြီးထွက်လာတဲ့ မြေတွေနဲ့ ကျုံးတွေကို ဖို့လိုက်တာ ကျွန်မတို့မှာ ပြစရာကျုံးတွေ ခက်ခဲသွားပြီ။ အဲဒီကျုံးတွေထဲမှာ အိမ်တွေကလည်း ဆောက်ကြတယ် ဆိုတော့ ၂၀၁၇ ခုနှစ်က မြင်ကွင်းတွေ အခု ၂၀၂၃ မှာ မရှိတော့ဘူး။ ဆိုတော့ ကျွန်မတို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ကို တင်ခဲ့တုန်းက ပုံတွေနဲ့ အခုနဲ့ အများကြီး ကွာခြားသွားတယ်။ အဲဒီအတွက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖွဲ့က အကြီးအကဲတွေ လာစစ်တဲ့အခါမှာ ဘယ်လိုဖြေရှင်းမလဲ ကျွန်မတို့ မပြောတတ်ဘူး”

mrauku-01.jpg
ရခိုင်ပြည်နယ် မြောက်ဦးမြို့တစ်နေရာအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ပဲရစ်မြို့ ယူနက်စကို ရုံးချုပ်ကနေ RFA ကို တုံ့ပြန်ဖြေကြားတဲ့ အီးမေးလ်မှာတော့ World Heritage Centre ဆီကို အဆိုပြုလွှာ တင်သွင်းထားတာဟာ ရှေးဟောင်းအမွေအနှစ် နေရာတစ်ခုကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် တရားဝင်သတ်မှတ်နိုင်ဖို့ လုပ်ရမဲ့ အဆင့်များစွာထဲက ပထမအဆင့်သာ ဖြစ်ပါတယ်။ အဲဒီအဆိုပြုထားတဲ့နေရာကို ကမ္ဘာ့အမွေအနှစ် ကော်မတီကနေ သေချာပေါက် လာရောက်စစ်ဆေးမယ်လို့ အာမခံချက် ပေးလိုက်တာ မဟုတ်ပါဘူး လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ကုလသမဂ္ဂကနေ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် လက်ခံအသိအမှတ်ပြုမှု ရှိမရှိ မသေချာတဲ့အတွက် ယူနက်စကိုအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ဖို့ ကြန့်ကြာနေသလားဆိုတာနဲ့ ပတ်သက်လို့လည်း RFA က မေးမြန်းခဲ့ပေမဲ့ ယူနက်စကို တာဝန်ရှိသူတွေက တုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။