ထန်တလန်မှာ နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ ခရစ်ယာန်ဘုရားကျောင်း မီးရှို့ခံရ

2022.06.13
ထန်တလန်မှာ နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ ခရစ်ယာန်ဘုရားကျောင်း မီးရှို့ခံရ ချင်းပြည်နယ် ထန်တလန်မြို့မှာ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ ထန်တလန် နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းကို တွေ့ရစဉ်
Photo: Thantlang Baptist Church

ချင်းပြည်နယ် ထန်တလန်မြို့မှာ နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ ထန်တလန် နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဇွန်လ ၁၃ ရက် ဒီနေ့ ပြောပါတယ်။

ဇွန်လ ၉ ရက်နေ့က မီးရှို့ခံရတာဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ တပ်သားတွေက မီးရှို့ခဲ့တာလို့ မြင်တွေ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"ဘုရားကျောင်းကနေ မီးခိုးတွေ ထွက်လာတာ။ ကျနော်တို့က အဝေးကနေ မြင်ရတာ။ အခု တိုက်ပွဲလည်း မရှိဘဲနဲ့ ရှို့တာ။ အရင်ကတော့ တိုက်ပွဲဖြစ်လို့ သူတို့ဘက်က အကျအဆုံးရှိမှ မီးရှို့တာ"

ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလက စလို့ ထန်တလန်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သားတွေက မြို့ကို အကြိမ်ကြိမ် မီးရှို့ခဲ့တာကြောင့် မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ အခြေအနေမှာတော့ ထန်တလန်မြို့ပေါ်က ခရစ်ယာန်ဘုရားကျောင်း ၁၁ ကျောင်း အပါအဝင် နေအိမ် ၁၂၀၀ ကျော်ထိ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထန်တလန်မြို့က ဘုရားကျောင်း တွေ၊ နေအိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ သူတို့ လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်သာ ဖြစ်တယ်လို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

အာဏာသိမ်းတစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် ဘာသာရေးအဆောက်အအုံ ၆၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။