လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သုံးလအတွင်း အရပ်သား လေးရာနီးပါး သေဆုံး

RFA Burmese
2024.04.23
လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သုံးလအတွင်း အရပ်သား လေးရာနီးပါး သေဆုံး လေကြောင်းမှ ဗုံးကြဲခံရသည့် မင်းပြားမြို့နယ် သာဒါကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်က တွေ့ရစဉ်။
Telegram/ Arakan Princess Media

အကြမ်းဖက်မှုတွေရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းနေပေမယ့် နိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး၊ အရပ်သား ထိခိုက်သေဆုံးမှု နေ့စဉ်တိုးလာတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းအရ ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ သေဆုံးသူ စုစုပေါင်း ၃၉၇ ဦး ရှိသွားပါပြီ။ ဒဏ်ရာရသူက ၈၈၉ ဦး ရှိပါတယ်။

"အရပ်သားလူထုတွေဟာ စစ်ပွဲ၊ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့သူတွေဖြစ်တယ်"

သေဆုံးသူအများစုက ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့က ဖြစ်ပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ထိခိုက်၊ သေဆုံးသူ စုစုပေါင်းရဲ့ ၅၂ ရာခိုင်နှုန်း ရှိနေပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေ မတ်လ ၂၈ ရက်နေ့က သိမ်းယူချိန်မှာ ရာနဲ့ချီတဲ့ အရပ်သားတွေဟာ ဖာပွန်မြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ယာယီခိုလှုံခဲ့ကြပါတယ်။

ဒါပေမဲ့ မတ်လ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရတာကြောင့် အဲဒီ ဘုန်းကြီးကျောင်းက အရပ်သား ရှစ်ဦး သေဆုံးပြီး၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ လုံခြုံမယ်လို့ထင်ပြီး ဒီဘုန်းကြီးကျောင်းလေးမှာ အရေးပေါ် ခိုလှုံခဲ့ကြတာလို့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ Free Burma Rangers အဖွဲ့ တည်ထောင်သူ ဒေးဗစ်ယူဘန့် (David Eubank) က ဧပြီလ ၂ ရက်နေ့က အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပြောပါတယ်။

“မြန်မာစစ်တပ်က သူတို့ ပြည်သူတွေအပေါ်ကို အခုလိုမျိုး နေ့စဉ်ကျူးလွန်နေတာပါ။ ပြီးခဲ့တဲ့ညကဆိုရင် ဗုံးသီးအလုံး သုံးရာကျော်ကို သယ်ယူပို့ဆောင်ရေးလုပ်တဲ့ Y-12 လေယာဉ်ပေါ်ကနေ ပစ်ချခဲ့ပါတယ်။ နောက်ပြီး ဂျက်တိုက်လေယာဉ်နဲ့လည်း ကိုးကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီမှာရှိခဲ့ကြတဲ့ ဒုက္ခသည်တွေဟာ ဖာပွန်မြို့ပေါ်က ဗုဒ္ဓဘာသာဝင်တွေ အများစုဖြစ်ပါတယ်။ ဒီဘုန်းကြီးကျောင်းမှာ ပုန်းရှောင်တာက သူတို့ လုံခြုံနိုင်တယ်လို့ တွေးခဲ့လို့ပါ”

အလားတူ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ပဲ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မင်းဂျမ်းရွာက အသက် ၄၀ အရွယ် ဦးမောင်ထွေး နေအိမ်မှာ နေထိုင်ရင်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။ မတ်လ ၂၅ ရက်နေ့ မနက်မှာ ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီး နှစ်လုံးဟာ ဦးမောင်ထွေးအပြင် နောက်ထပ် ကလေး သုံးဦးကို ထိမှန်ပြီး အသက်ဆုံးခဲ့ပါတယ်။



ဗုံးခိုကျင်းထဲပြေးဖို့ အသက်လု ကြိုးစားခဲ့ပေမယ့် အချိန်မမီခဲ့ဘူးလို့ မိသားစုဝင်တစ်ဦးက ယူကျုံးမရ ပြောပြပါတယ်။

“လက်နက်ကြီးတစ်လုံးက ကျော်သွားတဲ့အချိန်မှာ ကလေးတွေက အိမ်ထဲမှာ၊ လူကြီးတွေက အပြင်မှာ။ ကလေးတွေကို ကင်းပုန်းထဲ သွားဖို့ပြောနေတဲ့အချိန်မှာ နောက်တစ်လုံးက ကျလာတာ။ နောက်တစ်လုံးကျတဲ့အချိန်မှာ ကလေးတွေက မလွတ်တော့ဘူး။ အိမ်ထဲ တခါတည်း တန်းကျသွားတာ”

နိုင်ငံတစ်ဝန်းက လက်နက်ကိုင်ပဋိပက္ခတွေအတွင်း နေ့စဉ် ရာနဲ့ချီတဲ့ လက်နက်ကြီးကျည်ဆံတွေနဲ့ ဗုံးသီးတွေဟာ အရပ်သားတွေနေထိုင်တဲ့ နေရာတွေပေါ် ကျရောက်ပေါက်ကွဲနေပါတယ်။

စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“တော်လှန်ရေးအဖွဲ့တွေ အမြစ်တွယ်တဲ့နေရာက ပြည်သူလူထု ဖြစ်နေတယ်။ ဒါကြောင့် ပြည်သူလူထုကို တိုက်မယ်ဆိုတဲ့ သူတို့ရဲ့ ခံယူချက်ကြောင့် အခုလိုမျိုး ပြည်သူလူထုကို တိုက်တာဖြစ်မယ်လို့ ကျွန်တော်ကတော့ လက်နက်ကြီးပိုင်းက တော်တော်များများနေရာမှာ သူတို့လက်လှမ်းမီတဲ့ ပစ်ခတ်မှု ပစ်မှတ်တွေကတော့ တော်တော်တော့ ကျွန်တော်တို့ ဖြုတ်ချလို့ရပါပြီ။ အခုကျန်နေတာက လေကြောင်းပါ။ ကျွန်တော်တို့အတွက် တော်တော်တော့ စိန်ခေါ်မှုဖြစ်နေပါတယ်”

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ စစ်တပ်အရာရှိဟောင်းတွေကတော့ တိုက်ပွဲတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ကိုပဲ အပြစ်ပုံချလို့ မရဘူးလို့ RFA က ဆက်သွယ်မေးမြန်းစဉ် မကြာခဏ ပြောဆိုခဲ့ပါတယ်။

လိုင်ဇာမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် နေအိမ်အား ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့က တွေ့ရစဥ်။ (Photo:  Citizen Journalist)
လိုင်ဇာမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် နေအိမ်အား ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့က တွေ့ရစဥ်။ (Photo: Citizen Journalist)


ပြည်တွင်းစစ်ကြောင့် ရှမ်းပြည်နယ်က အရပ်သား သေဆုံးထိခိုက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ ပအို့ဝ်လူငယ်အစည်းအရုံး (PYO) တာဝန်ရှိသူ နန်း ကတော့ အရပ်သားတွေကိုကာကွယ်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်လို့ ထောက်ပြဝေဖန်ပါတယ်။

“အမှန်တော့ စစ်ပွဲနဲ့မသက်ဆိုင်တဲ့သူတွေကို ပစ်မှတ်ထားနေတာက မဖြစ်မနေ ရှောင်ရှားရမယ့်ကိစ္စဖြစ်တယ်။ အရပ်သားလူထုတွေဟာ စစ်ပွဲ၊ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့သူတွေဖြစ်တယ်။ နောက်ပြီး စစ်ရေးပစ်မှတ်သတ်မှတ်တဲ့ နေရာမှာလည်း အရပ်သားလူထုတွေ ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်ရမှာဖြစ်တယ်။ လူထုရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့၊ လူထုလုံခြုံရေးကို ကာကွယ်ဖို့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်”

စစ်ပွဲတွေအတွင်း အရပ်သားထိခိုက်၊ သေဆုံးမှုတွေအပေါ် အခုလို ထောက်ပြဝေဖန်နေပေမယ့် လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အရပ်သားပစ်မှတ်တွေ တိုက်ခိုက်ခံရမှုကတော့ လျော့ကျမသွားပါဘူး။

RFA က သီးခြားပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာစသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်း သေဆုံးတဲ့ အရပ်သား ၁၆၇၇ ဦး ရှိပြီး၊ ဒဏ်ရာရသူ ၃၂၆၃ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။