စစ်မှုထမ်းဥပဒေကြောင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ရှစ်ဆယ်ကျော် သေဆုံး
2024.06.13

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ပြည်သူတွေကြား အကောင်အထည်ပေါ်အောင် လူစုဆောင်းပေးနေတဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေနဲ့ ရာအိမ်မှူးတွေ စုစုပေါင်း ၈၂ ဦး သတ်ဖြတ်ခံထားရပါတယ်။
RFA က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး လေးလအတွင်း နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင် ၈၂ ဦး အသတ်ခံထားရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ အသတ်ခံရသူတွေဟာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ကချင်နဲ့ မွန်ပြည်နယ်စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေသူတွေ ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် စစ်ကောင်စီအတွက် အလုပ်မလုပ်ပေးဖို့နဲ့ စစ်သား မစုဆောင်းပေးဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အခုလို သတ်ဖြတ်မှုတွေ ဖြစ်လာတာပါ။
ရန်ကုန်တိုင်းအတွင်းက သတ်ဖြတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးရဲ့ မိသားစုဝင် တစ်ဦးကတော့ စစ်ကောင်စီအတွက် အသက်ပေးလိုက်ရတာ နှမြောမိတယ်လို့ RFA ကို ပြောပါတယ်။
"အုပ်ချုပ်ရေးမှူးကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေရင်း အသတ်ခံလိုက်ရတာပေါ့။ တော်တော်တော့ နှမြောမိပါတယ်။ အရင်ကာလတွေတုန်းက အုပ်ချုပ်ရေးမှူးဆိုတာ ပြည်သူ့အချစ်တော်တွေပါ။ အခုကျ ပြည်သူ့ချဉ်ဖက်လိုပဲ၊ သေသွားရင်တောင် ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ပတ်ဝန်းကျင်က ဖယ်ကျဉ်ခံရတယ်"
ရန်ကုန်မြို့မှာဆိုရင် ကွမ်းခြံကုန်း၊ အင်းစိန်နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းတို့က အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သတ်ဖြတ်ခံခဲ့ရတာပါ။
"အရင်ကာလတွေတုန်းက အုပ်ချုပ်ရေးမှူးဆိုတာ ပြည်သူ့အချစ်တော်တွေပါ။ အခုကျ ပြည်သူ့ချဉ်ဖက်လိုပဲ၊ သေသွားရင်တောင် ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ပတ်ဝန်းကျင်က ဖယ်ကျဉ်ခံရတယ်"
ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ အုပ်ချုပ်ရေးမှူးရာထူးတွေကနေ နုတ်ထွက်ပြီး စစ်ကောင်စီ ဒေါက်တိုင်အဖြစ် မနေဖို့နဲ့ စစ်သား မစုဆောင်းဖို့ သတိပေးခဲ့ပေမဲ့ မလိုက်နာတာကြောင့် အပြစ်ပေး အရေးယူနေရတာလို့ ဆိုပါတယ်။
"ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ပါ။ အဲဒီလိုမျိုး ကျွန်တော်တို့ တစ်ဆင့်ပြန် တစ်ဆင့်လုပ်ပါတယ်။ အဲဒီလိုမျိုးလုပ်တာ သူတို့ဘက်က လုံးဝလက်မခံဘဲနဲ့ မိုက်ရူးရဲ ဆက်လုပ်နေတယ်ဆိုရင်တော့ ထိုက်တန်တဲ့အပြစ်က တော်လှန်ရေးကာလမှာ တစ်ခုပဲ ရှိတော့တာပဲ"
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ တစ်ဦး ပြောသွားတာပါ။
အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာ အများဆုံးက မန္တလေးတိုင်းမှာဖြစ်ပြီး ၂၄ ဦး သေဆုံးခဲ့ပါတယ်။ ဒုတိယအများဆုံးက မကွေးတိုင်းဖြစ်ပြီး လေးလအတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့ပါတယ်။
လက်ရှိ လုပ်ကိုင်နေတဲ့ အုပ်ချုပ်ရေးမှူးတချို့ ပြောဆိုချက်အရ စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဖို့ စစ်ကောင်စီက ဖိအားပေးတာကြောင့် နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် လေးဆယ်နီးပါး ရှိနေပါပြီ။
ဧရာ၀တီတိုင်းအတွင်းက လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကတော့ သူ နုတ်ထွက်ခွင့်တင်ထားပေမဲ့ စစ်ကောင်စီက ခွင့်မပြုသေးလို့ အခက်တွေ့နေပါတယ်။
"ဆက်မလုပ်တော့ဘူး။ မိသားစုလည်း အသက်အန္တရာယ်ရှိလာတော့ တော်ပြီဆိုပြီး နုတ်ထွက်ထားပေမဲ့ အပေါ် (မြို့နယ်ထွေအုပ်) က လက်မခံဘူး။ ဒါကြောင့် ကျွန်တော်တို့ဘဝက ဆုပ်လည်းစူး စားလည်းရူး ဖြစ်နေပြီ"
သူ့နုတ်ထွက်စာကို စစ်ကောင်စီက ခွင့်မပြုသေးဘဲ သုံးလဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်း တစ်ဦးကတော့ အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်နေရုံနဲ့ စစ်သားစုဆောင်းရေးက ရပ်တန့်မသွားဘူးလို့ တုံ့ပြန်ပါတယ်။
"ဒီအုပ်ချုပ်ရေးမှူး သေသွားလည်း နောက်အုပ်ချုပ်ရေးမှူးက တာဝန်ပေးရင် ဆက်လုပ်ရမှာပဲ။ ဒါကို သူတို့လူသတ်လို့ရှိရင်လည်း မအောင်မြင်ဘူး။ ဒီနည်းလမ်းနဲ့ မရရင် စစ်တပ်က တခြားနည်းလမ်းနဲ့ လုပ်မှာပဲ၊ လုပ်ရင်လည်း အထိုက်အလျောက်ကတော့ လူရမှာပဲ"
နေပြည်တော်အခြေစိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက အုပ်ချုပ်ရေးအဖွဲ့တွေကို လုံခြုံရေးတိုးမြှင့်ပေးဖို့ စီစဉ်နေတယ်လို့ RFA ကို ပြောပါတယ်။
"သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်မှာ ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်"
စစ်ကောင်စီကတော့ လူသစ်စုဆောင်းပြီး စစ်မှုထမ်း အပတ်စဉ် (၃) အထိ ရှိလာပေမဲ့ အတိုက်အခံ အင်အားစုတွေဘက်ကလည်း စစ်မှုထမ်းဥပဒေကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ဆန္ဒပြတာတွေ ဆက်ရှိနေပါတယ်။
နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး ပြည်သူလူထုကို နိုင်ထက်စီးနင်း ပြုကျင့်နေတာလို့ သုံးသပ်ပါတယ်။
"အဲဒါတွေအတွက် တိုင်တန်းစရာ ရဲဌာနမရှိပါဘူး။ တရားစွဲစရာ တရားရုံးလည်း မရှိပါဘူး။ ပြည်သူလူထုက ကန့်ကွက်ဆန္ဒပြမယ်ဆိုရင်လည်း သေနတ်နဲ့ ဖြေရှင်းတာ၊ နှိပ်စက်တာ၊ ထောင်ချတာ ဒါတွေက အဆက်မပြတ် တောက်လျှောက်လုပ်လာခဲ့တဲ့အတွက် လူထုက ဒီဥပဒေကို မနာခံဖို့အတွက် ဆန့်ကျင်နေတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်"
စစ်မှုမထမ်းချင်တဲ့ ပြည်သူတွေဆီကနေ ငွေကျပ် ဆယ်သိန်းကနေ သိန်းသုံးဆယ်အထိ အုပ်ချုပ်ရေးမှူးတွေက ငွေယူနေတယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်နေပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ စစ်တပ်အတွက် စစ်မှုထမ်းရမဲ့ လူငယ်တွေကို မဲနှိုက်ရွေးချယ်တာ၊ လူစာရင်းကောက်တာတွေ အဆက်မပြတ်လုပ်နေပြီး စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းကြသူတွေရဲ့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက်တာတွေ ရှိတယ်လို့လည်း ပြောဆိုနေကြပါတယ်။