ပြည်သူတွေ အသွားအလာသတိထားဖို့ မဟာမိတ်သုံးဖွဲ့ထုတ်ပြန်


2019.08.26
manphaine-622.jpg ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က မန်ပြိန်းကျေးရွာကို မြင်တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

တပ်မတော်နဲ့ မဟာမိတ် သုံးဖွဲ့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ တပ်မတော်က အထိခိုက်များတာကြောင့် စစ်ဆင်ရေးကဏ္ဍတွေမှာ ပုံမှန်အတိုင်း မလှုပ်ရှားတော့ဘဲ အရပ်သား၊ ပြည်သူ့စစ်ပုံစံဟန်ဆောင်တာ၊ အရပ်ဖက်ခရီးသွားကားတွေနဲ့ သွားလာတာအပြင် လက်နက်ခဲယမ်းတွေကို သယ်ဆောင်တာ၊ ပရဟိတနဲ့ လူမှုကူညီရေးကားတွေကို အသုံးပြုသွားလာနေတယ်လို့ မဟာမိတ် သုံးဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်ဘက်က အဲဒီလို သွားလာနေတယ်ဆိုတာ ဘယ်လိုတွေ တွေ့ရှိရသလဲလို့ မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင် တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA, ရက္ခိုင့်တပ်တော် AA တို့ကို ဆက်သွယ် မေးမြန်းပေမယ့် မေးမြန်းလို့မရပါဘူး။

တပ်မတော်က အရပ်သားတွေလို သွားလာနေတယ်၊ ပရဟိတကားတွေကို အသုံးပြုနေတယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ မဟာမိတ် သုံးဖွဲ့ရဲ့ လုပ်ဆောင်ချက် အမှားယွင်းတွေဖြစ်ခဲ့ရင် ကာကွယ်ဖို့အတွက် စွပ်စွဲချက်သာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

"လူမှုကွန်ယက် စာမျက်နှာတွေမှာပဲကြည့်ကြည့် ဘယ်မှာပဲကြည့်ကြည့် ကျနော်တို့ အဲ့ဒီမှာ တင့်ကားတွေနဲ့ ဆောင်ရွက်နေတယ်ဆိုတာကို ဓာတ်ပုံတွေ ရိုက်ပြထားတဲ့သူတွေလည်း ရှိတယ်။ အသုံးပြုစရာအကြောင်းလည်း မရှိပါဘူး။ တပ်မတော်က သူ့ရဲ့ ပို့ဆောင်ရေးလမ်းကြောင်း၊ ပို့ဆောင်ရေးကဏ္ဍတွေ ရှိပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဒီလိုမျိုး စွပ်စွဲတာတွေ၊ အရပ်သားကားတွေကို နှောင့်ယှက်ဖျက်စီးချင်တဲ့အတွက် ရည်ရွယ်ပြီး စွပ်စွဲတယ်လို့ ကျနော်တို့မြင်တယ်။ ဒီစွပ်စွဲချက်က သူတို့ဘက်က အမှားယွင်းတစ်ခုခုဖြစ်သွားရင် Cover ( အကာကွယ်) ဖြစ်အောင် စွပ်စွဲချက်လို့ ကျနော်တို့မြင်တယ်"

နောက်ပြီးတော့ အဲဒီထုတ်ပြန်ချက်မှာ တပ်မတော်က ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြည်သူလူထုကို ပစ်ခတ်တိုက်ခိုက်နေတာ၊ စစ်ဆေးမေးမြန်း၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေတာတွေ လုပ်နေတယ်လို့လည်း ပါရှိပါတယ်။

အဲဒီအချက်နဲ့ ပတ်သက်ပြီးတော့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြန်ဖြေပါတယ်။

"ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကျနော်တို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ ပြည်သူလူထု လုံခြုံချောမွေ့စေရေး၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးအတွက် ၊ ဆောင်ရွက်နေရတာရှိတယ်။ အဲဒါကိုလည်း ပြည်သူလူထုအားလုံးက တွေ့မြင်တယ်။ ပြည်သူလူထုကိုယ်တိုင် ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်တွေလည်း တွေ့နိုင်ပါတယ်။ အဲဒီမှာ ဘယ်သူတွေပစ်ခတ်နေတာလဲ ဆိုတာကိုလည်း တွေ့နိုင်ပါတယ်။ လမ်းမကြီးတစ်လျှောက်မှာ လုံခြုံချောမွေ့စေရေး ဆောင်ရွက်နေတဲ့ တံတားဆောက်လုပ်ရေး အဖွဲ့တွေတောင်မှပဲ သူတို့ဘက်က လာပစ်တယ်။ လာပစ်တဲ့ကြားထဲကမှ ဆောင်ရွက်ပေးနေတယ်။ ပြည်သူလူထုရဲ့ ထောက်ခံချက် ကျဆင်းလာလို့ ထုတ်ပြန်တယ်လို့ပဲ ကျနော်တို့မြင်တယ်"

ဒါ့အပြင် ခရီးသွားလာကြတဲ့သူတွေ၊ သတင်းမီဒီယာတွေ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေ အနေနဲ့လည်း တိုက်ပွဲဖြစ်နေတဲ့ကာလမှာ လမ်းခရီးကို သေချာလေ့လာစုံစမ်းပြီးမှ သွားကြဖို့၊ အကူညီလိုလာရင် အကူညီရယူနိုင်ဖို့ သက်ဆိုင်ရာဒေသတွင်း တာဝန်ယူလှုပ်ရှားနေတဲ့ မဟာမိတ် အဖွဲ့ဝင်တွေဆီကို ဆက်သွယ်အကူအညီ တောင်းယူနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့ တစ်ဘက်မှာလည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေဆိုတဲ့ အချက်တွေကလည်း ရှိနေသေးတော့ ပရဟိတအသင်းတွေနဲ့ သတင်းမီဒီယာသမားတွေအတွက်က အခက်အခဲတစ်ခု ဖြစ်နေတယ်လို့လည်း ပြောကြပါတယ်။

တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကူညီဖို့ သွားလာတဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေရဲ့ ယာဉ်တွေကိုတော့ နားလည်ပေးစေချင်တယ်လို့ နယ်စည်းမခြား ပရဟိတအဖွဲ့က ကိုမျိုးက ပြောပါတယ်။

"ဒီလမ်းကြောင်းပေါ်မှာ ပိတ်မိနေတဲ့သူတွေရှိတယ်ဆိုရင် အစ်ကိုတို့ကတော့ လမ်းကြောင်းမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုတော့ ပြောပြပြီးတော့မှ သွားလို့ရတဲ့ အနေထားရှိပါတယ်။ ဆက်သွယ်မယ်ဆိုရင်လည်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဘက်မှာလည်း ဥပဒေရေးရာကိစ္စတွေက ရှိတဲ့အတွက်ကြောင့် အစ်ကိုတို့အနေနဲ့ လွတ်လပ်မှု မရှိပါဘူး။ ဒ့ါကြောင့် အစ်ကိုတို့က ဒုက္ခရောက်တဲ့သူတွေ အကူအညီလှမ်းတောင်းလာရင် ရှိတဲ့နေရာကို အစ်ကိုတို့ သွားချင်တယ်။ အဲဒီအနေထားပေါ်မှာ အစ်ကိုတို့ကို သူတို့နားလည်ပေးဖို့ တောင်းဆိုတာ"

ဧရာဝတီသတင်းဌာနက ကိုကျော်ခကလည်း အခုလိုပြောပါတယ်။

"ကျနော်တို့က အဲဒီလိုမျိုး ဆက်သွယ်တာမျိုးဆိုရင် တစ်ဘက်ကလည်း အမြင်တမျိုး စောင်းနိုင်တာပေါ့နော်။ အခက်အခဲတွေ ရှိနိုင်တာပေါ့။ တတ်နိုင်သလောက် ကျနော်တို့လည်း အဲဒီလိုဆက်သွယ်ပြီး သွားတာပဲလေ။ ဒါပေမဲ့ သူတို့က သုံးဖွဲ့ဖြစ်နေတဲ့အတွက်ကြောင့် ဘယ်အဖွဲ့ကိုဆက်ရင် ဘယ်လို သတင်းသက်ရောက်မှုရှိတယ်ဆိုတာ ကျနော်တို့က မသိဘူး။ အဲဒီလို ဆက်သွယ်ပြန်ရင်လည်း ဒီဘက်ခြမ်းက တစ်မျိုးထင်သွားနိုင်တယ်လေ။ ဒီလိုမျိုးပြောတာတွေက အန္တရာယ်တော့ ရှိတယ်ထင်တာပဲ"

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ဖြစ်ပွားတဲ့ စစ်ပွဲတွေကြားမှာ ပိတ်မိသူတွေကို သွားရောက်ကူညီတဲ့ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းကား ပစ်ခတ်ခံရပြီး အသင်းဥက္ကဋ္ဌ ဦးထွန်းမြင့် သေဆုံးခဲ့ပါတယ်။ သြဂုတ် ၁၅ ရက်ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ မဟာမိတ် သုံးဖွဲ့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ရှစ်ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၇ ယောက်ရှိတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မဟာမိတ် သုံးဖွဲ့ အခြေချလှုပ်ရှားနေတဲ့ နေရာတွေမှာ ပြည်သူတွေအနေနဲ့ မလွဲမရှောင်သာလို့ ခရီးသွားရတဲ့အခါ အန္တရာယ်ကင်းအောင်၊ လိုရာခရီးကို လုံလုံခြုံခြုံ ရောက်အောင်နဲ့ တိုက်ပွဲတွေကြားမှာ ပိတ်မိတာမျိုး မဖြစ်အောင် လိုအပ်တဲ့ စစ်ဆေးမေးမြန်းတာတွေလုပ်တဲ့အခါ နားလည်မှုရှိရှိနဲ့ ပူးပေါင်းကြဖို့၊ ဒေသခံ ပြည်သူတွေ ဘေးကင်းလုံခြုံဖို့အတွက် နီးစပ်ရာ မဟာမိတ် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆက်သွယ်ကြဖို့လည်း မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်ရှင်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။