အေအေနဲ့ ဆက်စပ်ဖမ်းဆီးခံရသူတွေရဲ့ အပြီးသတ်အမိန့် တစ်နှစ်ကျော်ကြာ ဆိုင်းငံ့ခံနေရ

2022.05.10
အေအေနဲ့ ဆက်စပ်ဖမ်းဆီးခံရသူတွေရဲ့ အပြီးသတ်အမိန့် တစ်နှစ်ကျော်ကြာ ဆိုင်းငံ့ခံနေရ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အကျဉ်းထောင်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ရပ်စဲနေတဲ့အချိန် တစ်နှစ်ကျော်အတွင်း အေအေအဖွဲ့နဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခံထားရသူ ၁၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် လူ ၇၀ ကျော်ကတော့ တရားရုံးတွေနဲ့ အကျဉ်းထောင် အသီးသီးမှာ ရှိနေဆဲလို့ ရခိုင် အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

ကျောက်ဖြူထောင်မှာ ၁၈ ဦး၊ စစ်တွေထောင်မှာ ၁၇ ဦး၊ မြောက်ဦးအချုပ်မှာ ၁၀ ဦး၊ ဘူးသီးတောင်ထောင်မှာ ငါးဦး၊ သံတွဲထောင်မှာ ခုနစ်ဦး၊ မန္တလေးထောင်မှာ ခြောက်ဦးနဲ့ အင်းစိန်ထောင်မှာ ရှစ်ဦး၊ စုစုပေါင်း ၇၁ ဦး ကျန်ရှိနေတာပါ။

သူတို့တွေဟာ ရခိုင်မှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ ကာလကတည်းက အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ စစ်တပ်က ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံနေကြရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတာ အချိန် နှစ်နှစ်ကျော်အထိ ကြာလာတာနဲ့အမျှ မိသားစုအတွက်ပါ ပိုနစ်နာနေကြရတယ်လို့ စစ်တွေအကျဉ်းထောင်ကနေ အမှုရင်ဆိုင်နေရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကိုမောင်စောအေးရဲ့ဖခင် ဦးမောင်ဖြူချေက RFA ကို ပြောပါတယ်။

“သူကပဲ အမေနဲ့ အဖေကို လုပ်ကျွေးနေတာ။ ကျန်တဲ့သားတစ်ယောက်ကလည်း ကျန်းမာရေးမကောင်းဘူး။ လယ်နည်းနည်းရှိတာကိုလည်း လုပ်မယ့်သူမရှိဘူး။ သူများကို အငှားထည့်ထားရတာ။ စားရေးသောက်ရေး ဘာမှ အဆင်မပြေဘူး။ အခုဆို စားစရာတောင် မရှိတော့ဘူး။ ရှိတဲ့ ကျွဲတစ်ကောင်၊ နှစ်ကောင်ကို ရောင်းတယ်။ ရုံးချိန်းသွားတယ်။ အဲဒီလိုပဲ ဖြတ်ကျော်နေရတယ်”

ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ရွာမှာနေထိုင်တဲ့ ကိုမောင်စောအေးဟာ ပြီးခဲ့တဲ့ ၂၀၂၀ မတ်လက သူငယ်ချင်း ဖြစ်သူ ကိုနေလင်းဌေးနဲ့အတူ စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်းမြို့ကို အပြန် ကျောက်တန်း စစ်တပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တွေမြို့၊ အမှတ် (၉၀၈) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းက ဗိုလ်ကြီးအောင်ဖြိုးမင်းက တရားလိုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၀(က)တို့နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

"အခုလို အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲပြီး ရုံးချိန်းကို နှစ်နဲ့ချီပြီး အချိန်ဆွဲထားတာက ဥပဒေဘောင်ကနေ ပြန်ပေးဆွဲသလို ဖြစ်နေတယ်လို့ သုံးသပ်ချင်ပါတယ်"

အဲဒီအမှုအတွက် အပြီးသတ်အမိန့်ချဖို့ လျှောက်လဲချက်ပေးထားတာ အချိန်တစ်နှစ်ကျော် အထိ ကြာလာပေမယ့် တရားရုံးက အမိန့်မချဘဲ ရုံးချိန်းတွေကို အကြိမ်ပေါင်းများစွာ ချိန်းဆိုတာ ကြုံနေရတယ်လို့ မိသားစုက ပြောပါတယ်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကနေ ပြီးခဲ့တဲ့ ၂၀၂၀ ဧပြီလ ကတည်းက စစ်တပ်က ဖမ်းဆီးပြီး စစ်ရေယာဉ်ပေါ်မှာ နှိပ်စက်ခံခဲ့ရတဲ့ ကျေးရွာသား ငါးဦးဟာလည်း ၂၀၂၁ ဧပြီလကတည်းက အပြီးသတ် အမိန့်အတွက် လျှောက်လဲချက် ပေးထားတာပါ။ ဒါပေမဲ့ အချိန်တစ်နှစ်ကြာလာတဲ့ ဒီနေ့အထိ အမိန့်မချဘဲ အချိန်ဆွဲ ခံထားရပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အမိန့်ကြောင့်လို့ တရားရုံးက ပြောဆိုကြောင်း အကျိုးဆောင် ရှေ့နေတစ်ဦးက ပြောပါတယ်။

အပြီးသတ်အမိန့် ရုံးချိန်းကို နှစ်နဲ့ချီ ဆွဲထားတာဟာ တရားရေးလုပ်ငန်းစဉ်အရပါ လွဲမှားနေတာလို့ စစ်တွေမြို့က နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးအောင်သန်းဝေက ပြောပါတယ်။

“အခုဆိုရင် ကျနော်တို့ ကူညီပေးနေတဲ့ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီး ခံထားရတဲ့ အိုင်ဒင်ကျေးရွာက သူတွေဆိုရင် အပြီးသတ်လျှောက်လဲချက်ပေးတာ တစ်နှစ်ကျော်ပါပြီ။ ဒါပေမဲ့ အခုအချိန်ထိ နောက်ဆုံးအမိန့် ကို မချမှတ်နိုင်သေးတာဟာ တရားရေးလုပ်ငန်းစဉ်အရ လွဲမှားမှု၊ ကြန့်ကြာမှုဖြစ်နေတာ တွေ့ရတယ်။ အခုလို အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲပြီး ရုံးချိန်းကို နှစ်နဲ့ချီပြီး အချိန်ဆွဲထားတာက ဥပဒေဘောင်ကနေ ပြန်ပေးဆွဲသလို ဖြစ်နေတယ်လို့ သုံးသပ်ချင်ပါတယ်”

စစ်ကောင်စီက အခုလိုအချိန်ဆွဲပြီး အမှုကြန့်ကြာအောင် လုပ်ထားတာဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ စစ်တွေမြို့က ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းက ပြောပါတယ်။

“ဒါက လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုပါ။ ၁၉၄၈ ခုနှစ် အတည်ပြုတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃၀ အပေါ်မှာ လွတ်လပ်ရေးမယူခင်မှာ အစိုးရက ကတိ လက်မှတ်ထိုးထားတာရှိတယ်။ ဒါတွေကို သူတို့က ဖောက်ဖျက်တယ်လို့ ယူဆတယ်။ အဲဒီ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃၀ အရဆိုလို့ရှိရင် ဒါက မတရား ဖမ်းဆီးချုပ်နှောင်မှုလို့ ပြောချင်ပါတယ်”

ပြီးခဲ့တဲ့ ဧပြီလက မောင်တောမြို့နယ်မှာ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီး တရားစွဲခံထားရတဲ့ အရပ်သားလေးဦးကို မောင်တောခရိုင် တရားရုံးကနေ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဧပြီလ ၂၁ ရက်နေ့က မောင်တောမြို့က ကိုညီညီနိုင်နဲ့ မောင်တောမြို့နယ် ငွေတောင်ရွာက ဦးအောင်လှသိန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (ဈ) နဲ့ ထောင်ဒဏ် ၁၀ နှစ်၊ ဧပြီလ ၇ ရက်နေ့ က မောင်တောမြို့နယ် ဖားဝပ်ချောင်းရွာက ဒေသခံနှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀(က)၊ ၅၁(က) တို့နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခဲ့တာပါ။

rakhine-aa
မြောက်ဦးမြို့နယ်က လက္ကာရွာသားတွေကို စစ်တွေတရားရုံးမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ရုံးထုတ်စဉ် (Photo: RFA)

အေအေကိုလည်း အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ထားပြီဖြစ်တာကြောင့် အေအေနဲ့ ဆက်စပ်လို့ ဖမ်းဆီးခံနေရသူတွေကိုပါ အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ ဖမ်းဆီးတရားစွဲ ခံရသူတွေရဲ့ မိသားစုဝင်တွေက လိုလားနေကြပါတယ်။

ရက္ခိုင့်တပ်တော် (AA) ကလည်း ဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလကတည်းက ထုတ်ပြန်တောင်းဆိုထားပါတယ်။

ဒါပေမဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးခံထားရသူတွေကို နိုင်ငံရေးအရ အသုံးချနေတာကြောင့် အခုလို အမှုတွေပါ ကြန့်ကြာနေရတာလို့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

“ပြောရခက်တယ်ဆိုတာက စစ်တပ်ကလည်း နည်းနည်းလွှတ်ပေးလိုက်။ အေအေဘက်ကလည်း နည်းနည်း လွှတ်ပေးလိုက်။ သူတို့ကြားထဲမှာ သေသေချာချာ ညှိနှိုင်းပြီးလွှတ်တာကတော့ ကျနော်တို့မမြင်ဘူး။ သူတို့ကလည်း သူတို့ နားလည်သလို လွှတ်ပေးတဲ့ပုံစံမျိုးဖြစ်နေတယ်။ ဥပမာ-အေအေနဲ့ နစကကြားမှာ နည်းနည်းလေး အဆင်ပြေတယ်ဆိုရင် နည်းနည်းလွှတ်ပေးတယ်။ အဆင်မပြေဘူးဆိုရင် သူတို့ကို ပြန်ကိုင်ထားတဲ့ သဘောမျိုး ဖြစ်နေတယ်။ ပြောမယ်ဆိုရင် ဒါက နိုင်ငံရေးနဲ့လည်း တိုက်ရိုက်ဆက်နေတဲ့သဘောမျိုးဖြစ်တယ်။ ဒါကြောင့် ဒီလူတွေ ဒီလောက်ထိ ကြာနေရတာလို့ မြင်တယ်”

နှစ်ရှည်ဖမ်းဆီးခံရသူတွေကို အဆုံးပြန်လွှတ်ပေးဖို့ အေအေ အနေနဲ့ရော စစ်ကောင်စီ အနေနဲ့ပါ လုပ်ဆောင်သင့်တယ်လို့ သူက တိုက်တွန်းပါတယ်။

အခုလို အေအေ အဖွဲ့နဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးရေး ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က မေးတဲ့အခါ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ တစ်စုံတစ်ရာ မသိရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။

အဖမ်းခံနေရသူတွေ လွတ်မြောက်ရေး ရက္ခိုင့်တပ်တော် (AA) ဘယ်လို လုပ်ဆောင်နေလဲ ဆိုတာနဲ့ အေအေဘက်မှာရော မြန်မာစစ်တပ်ကလူတွေ ဖမ်းဆီးထားတာ ရှိ၊ မရှိ ဆိုတာကို သိနိုင်ဖို့ ရက္ခိုင့်တပ်တော် (AA) ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA ) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ အချိန် နှစ်နှစ်ကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ နိုဝင်ဘာလလောက်ကစလို့ တိုက်ပွဲတွေ ရပ်စဲနေတာပါ။

အခုလတ်တလောမှာတော့ အောက်ခြေအဆင့် နှစ်ဖက်တပ်ဖွဲ့တွေအကြား သဘောထား တင်းမာမှုတွေ ရှိလာနေ တာကြောင့် ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်ရေးကိစ္စ ပိုပြီး အလှမ်းဝေးသွားမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။