သံသယနဲ့ဖမ်းဆီးခံထားရတဲ့ အရပ်သား ၉ဝ ကျော် ကျန်နေသေးတယ်လို့ AA ပြော
2022.10.10

၂ဝ၂၂ ခုနှစ် ဇွန်လကနေ အောက်တိုဘာလ ပထမအပတ်အထိ လေးလအတွင်းမှာ ရက္ခိုင့်တပ်တော် AA နဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးခံရသူဟာ ၁၇ဝ ခန့်ရှိပြီး အဲ့ဒီထဲက အယောက် ၈၀ လောက် ပြန်လွတ်လာတယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ထိန်းသိမ်းထားသူ ၉ဝ ကျော် ကျန်နေသေးပြီး သူတို့တွေဟာ အရပ်သားပြည်သူတွေသာ ဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“ စစ်ကောင်စီလက်ထဲမှာ ကျန်နေတဲ့လူကတော့ ၉၀ ကျော်လောက် ရှိတယ်ဗျ။ အားလုံးပြည်သူတွေချည်းပဲ။ ပြောမယ်ဆိုရခိုင်ပြည်နယ်အနှံ့က အပြစ်မဲ့ပြည်သူတွေကို မြန်မာစစ်ကောင်စီဘက်က မတရားဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တယ်ဗျ”
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့ကနေရုပ်သိမ်းတာအပြင် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်နဲ့ AA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။
အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာချိန်မှာတော့ AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ဖမ်းဆီးခံရမှုတွေ ပြန်ရှိလာတာပါ။
“တိုက်ပွဲမဖြစ်ဘဲနဲ့လည်း ရွာတွေကို လက်နက်ကြီးတွေ ပစ်တာရှိတယ်။ လူထုတွေကတော့ ကြောက်လန့်နေရတာပေါ့နော်”
လက်ရှိစစ်ကောင်စီလက်ထဲမှာ အရပ်သား ၉၀ ကျော်ဖမ်းဆီးခံထားရတယ်ဆိုတဲ့ AA ရဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားချိန် အခုနှစ်ဇွန်လမှာ အရပ်သားတွေ ပြန်လည်ဖမ်းဆီးခံနေရတယ်ဆိုပြီး AA ဘက်က ပြောဆိုချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းခဲ့စဉ်က အရပ်သားတွေကို ဖမ်းဆီးထားတာမရှိဘူးလို့ RFA ကို ငြင်းဆိုထားဖူးပါတယ်။
လက်ရှိမှာ ရက္ခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ ချင်းပြည်နယ် ပလက်ဝမှာ AA နဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေ ဖြစ်နေပါတယ်။
တိုက်ပွဲဖြစ်တဲ့ ဒေသက အရပ်သားတွေသာမက တိုက်ပွဲမရှိတဲ့ မြို့နယ်တွေမှာပါ ဒေသခံတွေဟာ သွားလာရင်း ဖုန်းအစစ်ဆေးခံရပြီး AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရမှုတွေရှိနေတာလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။
“ပြည်သူဘက်ကို မြှားဦးလှည့်လာတာ၊ ကြွက်မနိုင် ကျီမီးနဲ့ရှို့တယ်ဆိုတဲ့ စကားပုံလိုပေါ့နော်။ ဓာတ်ပုံလေးတစ်ပုံ လက်မှာတွေ့ပြီဆိုရင် အဲ့ဒါဖမ်းတော့တာပဲ။ သူတို့လက်ထဲကို ရောက်ပြီဆိုရင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘယ်သူဘယ်သူတော့ ဒီရွာမှာ အမျိုးသားရန်ပုံငွေ ကောက်ခံနေပါတယ်။ ဘယ်သူ၊ ဘယ်သူက အမာခံပါဆိုတာမျိုး သူတို့စာရင်းရအောင်ယူတာပေါ့။ ဒီဘက်ကလည်း ကြောက်ပြီးတော့ ပြောတာပေါ့။ တစ်ယောက်က ကြောက်လို့ ဖော်လိုက်၊ နောက်တစ်ယောက်က ကြောက်လို့ထပ်ဖော်လိုက် အဲ့စာရင်းတွေအရ သူတို့ လိုက်ဖမ်းနေတာပေါ့။ တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ULA တပ်ဖွဲ့ဝင်ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အကြောက်တရားဖြစ်အောင် ပြည်သူတွေကို ဖမ်းမယ်။ သိပ်ပြီးတော့ မသေချာရင် ပြန်လွှတ်မယ်။ နည်းနည်းပါးပါးညှိရင် ရိုက်တယ်၊ ပုတ်တယ်ပေါ့ဗျာ။ မြို့တွေမှာအထိ လုပ်ငန်းရှင်တွေ ခေါ်ပြီးတော့ ULA ကို မထောက်ခံဖို့၊ ထောက်ခံရင် အိမ်ကို သိမ်းမှာ၊ ပစ္စည်းပစ္စယ သိမ်းမှာ အဲ့လိုအထိ ခြိမ်းခြောက်လာတယ်”
ဒီလိုသံသယနဲ့ ဖမ်းဆီးခံရမှုတွေအပြင် တိုက်ပွဲတွေကြောင့် ရွာတွေအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ကျလို့ အရပ်သားတွေထိခိုက်တာ၊ ရွာလုံးကျွတ် ထွက်ပြေးရတာ၊ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရလို့ ဆေးဝါးနဲ့ စားသောက်ကုန်စည်တွေ ပြတ်လပ်တာ စတဲ့ အခက်အခဲတွေကို ဒေသခံတွေအနေနဲ့ ပြန်လည်ရင်ဆိုင်လာရပါတယ်။
ဘူးသီးတောင်မြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ရွာတွေအတွင်း လက်နက်ကြီးတွေကျတာ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးတာ စတဲ့ အခက်အခဲတွေကို လက်တလော ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
“တိုက်ပွဲမဖြစ်ဘဲနဲ့လည်း ရွာတွေကို လက်နက်ကြီးတွေ ပစ်တာရှိတယ်။ လူထုတွေကတော့ ကြောက်လန့်နေရတာပေါ့နော်။ တစ်ဖက်ကလည်း ကုန်သွယ်စီးဆင်းမှုတွေကို ပိတ်ထားတယ်။ အဓိကတော့ လက်နက်ကြီးတွေ ပစ်တာတို့ မြို့ပေါ်မှာ ရှောင်တခင် ဝင်စစ်တာတို့ကတော့ အခက်အခဲပေါ့နော်။ ကုန်သည်စီးဆင်းမှုမှာလည်း စစ်တွေဘက်ကလာတဲ့ဟာတွေ ကန့်သတ်ခံရသလို လွတ်လွတ်လပ်လပ်သွားမရတဲ့ ပြဿနာတွေလည်းရှိတယ်။”
ရခိုင်ပြည်နယ်မှာ ၂၀၂၀ မတိုင်ခင်က ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်ဟာ ရှစ်သောင်းကျော် ကျန်နေသေးတယ်လို့ ပြည်တွင်းအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
ဒါ့အပြင် အခုနှစ် နှစ်လယ်ပိုင်းမှာ ပြန်ဖြစ်လာတဲ့ တကျော့ပြန်တိုက်ပွဲကြောင့် နောက်ထပ်စစ်ဘေးဒုက္ခသည်ဦးရေဟာ ချင်းပြည်နယ်ပလက်ဝနဲ့ ရခိုင်မြောက်ပိုင်းဒေသတွေမှာ တစ်သောင်းခုနှစ်ထောင်ကျော် ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့စာရင်းတွေအရ သိရပါတယ်။