AA အဖွဲ့ရဲ့တိုက်ခိုက်မှုအပေါ် အမြင်များ
2019.01.07
လွတ်လပ်ရေးနေ့က ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရဲကင်းစခန်း ၄ ခု ကို AA က ဝင်ရောက်တိုက်ခိုက် ခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချမှုတွေ ရှိနေပါတယ်။
ဒီအပေါ်မှာ ရခိုင်တိုင်းရင်းသားတွေရဲ့ တုံ့ပြန်သံတွေကိုလည်း RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရဲကင်းစခန်း ၄ ခု ကို တိုက်ခိုက်မှုနဲ့ပတ်သက်လို့ AA အပေါ် ရခိုင်တိုင်းရင်းသားတွေရဲ့ အမြင်
(ဝေမာထွန်း)
လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်ကြာသည့်တိုင်အောင် တိုင်းရင်းသားတွေက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ မရသေးတာကြောင့် လွတ်လပ်ရေးနေ့မှာ ရခိုင်ပြည်နယ်အတွင်း အခုလို တိုက်ပွဲတွေ ဖြစ်တာလို့ ရခိုင်တိုင်းရင်းပါတီတချို့နဲ့ ကိုယ်စားလှယ်တချို့က သုံးသပ်ကြပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့က ရက္ခိုင့်တပ်မတော်က ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် အစိုးရဘက်က ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးသွားသလို ရက္ခိုင့်တပ်မတော်ဘက်ကလည်း တပ်ဖွဲ့ဝင်တွေ သေဆုံးတာတွေရှိနိုင်ကြောင်းနဲ့ တိုက်ပွဲတွေကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်တွေ သေဆုံးရတာကို စိတ်မ ကောင်း ဖြစ်ရကြောင်းလည်း ပြောကြပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က လွတ်လပ်ရေးနေ့က ဘူးသီးတောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။
"ဒီလက်နက်ကိုင် တိုက်နေကြတာကလည်း နိုင်ငံရေးပြဿနာကို အခြေခံပြီးတော့ မိမိတို့လိုချင်တဲ့ ဆန္ဒကို မရလို့ လက်နက်ကိုင် တော်လှန်နေကြတယ်လို့ နားလည်တယ်။ အဲ့ဒါကြောင့် ဒီကိစ္စတွေဟာ နိုင်ငံရေးပြဿနာပါ။ ကျနော်တို့ကတော့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် လွတ်လပ်ရေးနေ့မှာ တိုက်သင့် သလား မတိုက်သင့်ဘူးလားဆိုတာတော့ ကျနော်တို့ ဝေခွဲမရဘူး။ ဘာလို့လည်းဆိုတော့ စစ်တိုက် နေတဲ့ သူဆိုတာကတော့ သူ့မှာမိတ်ဆွေ မဟုတ်ရင် ရန်သူပဲ။ အဲ့ဒါကြောင့် ရန်သူလို့ အမြင်ရှိလို့ တိုက်တာလားဆိုတာကတော့ ကျနော်တို့က တပ်အပ် သေချာမပြောနိုင်ဘူးခင်ဗျ"
လွတ်လပ်ရေးနေ့မှာ ဘူးသီးတောင်မြို့နယ်အတွင်းက ကျောင်းတောင်၊ ခထီးလှ၊ ဂုပ္ပိနဲ့ ငမြင်းဘော် ရဲကင်းစခန်းတွေကို ရက္ခိုင့်တပ်မတော် AA က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက လွတ်လပ်ရေးနေ့ကို ရွေးချယ်ပြီး တိုက်ခိုက်ခဲ့တာမဟုတ်ကြောင်း ငြင်းဆိုပါတယ်။
"ကျနော်တို့က လွတ်လပ်ရေးနေ့မို့ လုပ်တာမဟုတ်ဘူးနော်။ ကျနော်တို့က ကျနော်တို့ လုပ်သင့်တဲ့အလုပ်ကို လုပ်တာ။ လွတ်လပ်ရေးနေ့ကြီးကို ရွေးပြီးတော့လုပ်တာမဟုတ်ဘူး။ အဲ့ဒါကလည်း သူတို့တိုက်ဆိုင်မှု ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ လွတ်လပ်ရေးနေ့တွေ ဘာတွေက ကျနော်တို့ အတွက်တော့ မရှိဘူးခင်ဗျ"
ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက လွတ်လပ်ရေးနေ့မှာ ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာဟာ နောက်ကျောကို ဓားနဲ့ထိုးသလိုဖြစ်ကြောင်း ဖက်ဒရယ်နဲ့ နိုင်ငံရေးအခွင့်အရေးတွေကို စားပွဲဝိုင်းတွေမှာ တောင်းဆိုဖို့ လိုအပ်ကြောင်းနဲ့ အခုလိုလုပ်ရပ်ဟာ ARSA ကို အထောက်အကူပေးသလိုဖြစ်နေတယ်လို့ ပြောပါ တယ်။
AA ကရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သလို ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ AA ဘက်က သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိ၊မရှိဆိုတာကိုတော့ ထုတ်ဖော်ပြောတာ မရှိပါဘူး။
ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေကလည်း လွတ်လပ်ရေးနေ့က ဘူးသီးတောင်မြို့နယ်အတွင်းက ပစ်ခတ်မှုတွေအပေါ် သူ့သဘောထားကို အခုလိုပြောပါတယ်။
"တပ်မတော်ဘက်ကပဲ ပိုပြီးတော့ သဘောထားကြီးသင့်တယ်။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ တပ်မတော်ကပဲ သဘောထားကြီးတာ ပိုပြီးတော့ သမာသမတ်ကျလိမ့်မယ်လို့ ယူဆတယ်။ တပ်မတော်ဘက်က ရပ်လိုက်မယ်ဆိုရင် ရက္ခိုင့်တပ်မတော်ဘက်ကလည်း ပြည်သူတွေအတွက် သူတို့ ထည့်သွင်းစဉ်းစား မှာပါ။ ဒီကြေညာချက်ထုတ်တဲ့ ပုဂ္ဂိုလ်တွေရော၊ အဖွဲ့အစည်းတွေ အနေနဲ့ ဒါသူတို့ရဲ့ သဘောထား၊ သူတို့ရဲ့ အမြင်ပါ။ ကျမတို့ ရခိုင်တိုင်းရင်းသားအနေနဲ့ ပြောမယ်ဆိုရင်တော့ ဒီလွတ်လပ်ရေးနေ့ ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေဘက်က ခံစားချက်ကိုလည်း ပြည်ထောင်စု အစိုးရကော၊ ပြည်ထောင်စုတပ်မတော်ဘက်ကကော ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒီအပေါ်မှာ ဖြေရှင်းမှုတွေ၊ ဆွေးနွေးမှုတွေရှိလာမယ်။ စားပွဲပေါ်ရောက်လာမယ်ဆိုရင်တော့ လွတ်လပ်ရေးနေ့ကလို အဖြစ်အပျက်တွေက လျော့နည်းသွားမှာပါ"
မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ လူ့အခွင့်အရေးကော်မရှင်နဲ့ မဘသအဖွဲ့ရဲ့ ကြေညာချက်တွေမှာ ရဲကင်း စခန်းတွေကို AA က အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာကို အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်ကြောင်း ပြောထားပါတယ်။
လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က သူ့ယူဆချက်ကို အခုလို ပြောပါတယ်။
"တမင်တကာကို အဲ့အလံတင်အခမ်းအနား လုပ်နေတဲ့အချိန် တည့်တည့်ကို ထလုပ်တာ။ သက်သက်မဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ကျနော်တို့ နိုင်ငံကို သိက္ခာချတာပေါ့ဗျာ။ ဒီဘက်က ပြန်တုံ့ပြန်လက်စားချေတဲ့အခါ ကျတော့ တိုက်ပွဲဆင်မယ်ဆိုတဲ့အခါကျတော့လည်း ကြားထဲက မြေစာပင် က ပြည်သူလူထုက လူ့အခွင့် အရေးတွေက ဆုံးရှုံးတော့တာပေါ့။ အဲ့လိုမတိုက်ဘဲ ငြိမ်နေမယ်ဆိုတော့လည်း မဖြစ်ဘူးလေ။ အဲ့တော့ စပြီးတော့ အကြမ်းဖက်မှုကို လုပ်လာတာကိုတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးတွေ ထိခိုက်မှုတွေဖြစ်လာနိုင်တယ်။ အဲဒါမို့ ဒီလိုအကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောတာပါခင်ဗျာ"
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသက ထုတ်ပြန်တဲ့ ကြေညာချက်မှာ သေဆုံး၊ ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် ဝမ်းနည်းကြောင်းနဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အစိုးရက အပြည့်အဝ တာဝန်ယူပေးဖို့ ပြောထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ AA နဲ့ အစိုးရတပ်မတော်တို့ ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေး ရှောင်ဒုက္ခသည် ဦးရေ ၅၀၀၀ အထိရှိလာနေပြီ ဖြစ်ပါတယ်။
ဒီနေ့ နေလယ် ၁၂ နာရီခွဲခန့်မှာလည်း ပလက်ဝမြို့နယ် ဒိုးချောင်းဝ ကျေးရွာအနီးမှာ အစိုးရ တပ်မ တော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်ရှင်။