ကျောက်ဖြူရေနက်ဆိပ်ကမ်းဧရိယာထဲက စစ်ကောင်စီရေတပ်ဌာနချုပ်ကို AA တိုက်ခိုက်
2024.01.22

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ အကြီးဆုံး ရေတပ်စခန်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာအနီးက ဓညဝတီရေတပ်ဌာနချုပ်ကို ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီလ ၂၂ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီရေတပ်ဌာနချုပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ကလည်း AA အဖွဲ့က ပထမအကြိမ် စတင်တိုက်ခိုက်ခဲ့ပြီး အခု ဒုတိယအကြိမ် တိုက်ခိုက်ခံခဲ့ရတာပါ။
ဇန်နဝါရီလ ၂၂ ရက် မနက် ၆ နာရီကျော်လောက်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ရေတပ်ဌာနချုပ်ကလည်း လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်ကိုပေါ့၊ AA ရှော့တိုက်ဒုံးနဲ့ သွားတိုက်တာ ဟုတ်တယ်။ အဲဒီ ဌာနချုပ်အထဲကိုတော့ ကျတယ်လို့သိရတယ်။ ဒါပေမဲ့ အသေးစိတ်မသိရဘူး။ ပေါက်ကွဲသံတွေ ကြားရတာပဲရှိတယ်။ တိုက်ပွဲက လူချင်းထိတွေ့တိုက်ခိုက်တဲ့ တိုက်ပွဲမျိုးတော့မဟုတ်ဘူး။ ဒီဘက်ကလည်း ရှော့တိုက်ဒုံးနဲ့ပစ်တယ်။ ဟိုဘက်ကလည်း ဌာနချုပ်အထဲက လက်နက်ကြီးနဲ့ ပြန်ပြီးပစ်တယ်။ အဲဒီလိုမျိုး"
သံဇစ်မြစ်ထဲမှာရှိတဲ့ စစ်ကောင်စီ စစ်ရေယာဉ်တွေနဲ့ ရေတပ်ဌာနချုပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ရေတပ်ဌာနချုပ်စခန်း အနီးမှာရှိတဲ့ စည်မော်၊ ရှောက်ချောင်း၊ စိုင်ခြုံစတဲ့ရွာတွေက ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့လည်း ဆိုပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်က တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးသလို ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ် လူမှုကွန်ရက်တွေမှာတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက AA အဖွဲ့က ရှော့တိုက်ဒုံးသုံးလုံးနဲ့ ပစ်ခတ်ခဲ့တာမှန်ပေမယ့် ထိခိုက်မှုမရှိကြောင်းနဲ့ ပစ်ခတ်တဲ့နေရာကို ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ရေးသားဖော်ပြကြပါတယ်။
အဲဒီ ဓညဝတီ ရေတပ်ဌာနချုပ်ဟာ တရုတ်နိုင်ငံက အကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) ရဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို အမြန်ဆုံးအကောင် အထည်ဖော်ဖို့ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက် နေ့က စစ်ကောင်စီနဲ့ တရုတ်ကြား စီမံကိန်းနဲ့ပတ်သက်လို့ နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးထားပါတယ်။
အခုတော့ ဒီတိုက်ခိုက်မှုတွေကြောင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်တယ်လို့ ကျောက်ဖြူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အခုဖြစ်တဲ့နေရာကတော့ ဓညဝတီရေတပ်ဌာနချုပ် တည်ရှိတဲ့နေရာဖြစ်တယ်။ အဲဒီနေရာက ရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့ တရုတ်ရဲ့ စီမံကိန်းဧရိယာဖြစ်တယ်။ နောက်ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်မယ့် နေရာလည်းဖြစ်တယ်။ အခုလို တရုတ်က အကောင်အထည်ဖော်မယ့် စီမံကိန်းရှိတဲ့ဒေသမှာ တိုက်ပွဲဖြစ် လာတယ်ဆိုရင်တော့ အဲဒီစီမံကိန်းဟာ ဘယ်လိုမှ အကောင်အထည်ဖော်လို့ရမှာ မဟုတ်ဘူး"
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းဧရိယာထဲမှာ ရက္ခိုင့်တပ်တော်(AA)က နယ်မြေစိုးမိုးထားတာတွေလည်း ရှိနေတာကြောင့် တရုတ်နိုင်ငံအနေနဲ့ စီမံကိန်း အကောင်အထည်ဖော်မယ်ဆိုရင် AA နဲ့ပါ ညှိနှိုင်းဆွေးနွေးရမယ့် အခြေအနေ ရှိတယ်လို့လည်း သူကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ သဘောထားကို သိနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ကျောက်ဖြူမြို့နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမယ့် အခြေအနေ မြင်တွေ့ရပြီး မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ လုပ်နေတာကြောင့် မြို့ပေါ် ဒေသခံတွေလည်း ထွက်ပြေးနေရတာရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူဒေသခံ တစ်ဦးက RFA ကို ပြောပါ တယ်။
"စိုးရိမ်စိတ်တော့ ရှိကြတာပေါ့။ အရင်ကတည်းက ကျောက်ဖြူမှာက ရေလမ်းတို့၊ ကုန်းလမ်းတို့ အကုန် ပိတ်ထားတာကို။ ပြီးရင် စစ်ကောင်စီတပ်က အကုန်လုံး လိုက်ဖမ်းနေတာ။ လုပ်ငန်းရှင်တွေရော၊ တခြားလူတွေရော။ ဖမ်းတယ်ဆိုတော့ အကုန်လုံး ရှောင်နေကြတယ်လေ။ တချို့တွေက ဝေးရာ ရန်ကုန်ဘက်တို့၊ မိသားစုရှိရာတို့ ဘက်ကို ယာယီရှောင်နေကြတာပေါ့"
ရခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်ဝါရီလ ၂၁ ရက်နေ့ညက ထုတ်ပြန်ပါတယ်။
"စစ်ကောင်စီတပ်က အကုန်လုံး လိုက်ဖမ်းနေတာ။ လုပ်ငန်းရှင်တွေရော၊ တခြားလူတွေရော။ ဖမ်းတယ်ဆိုတော့ အကုန်လုံး ရှောင်နေကြတယ်လေ"
စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် ခုခံ တိုက်ခိုက်နေသလို ရခိုင်ဒေသတွင်း စစ်ရေယာဉ်တွေနဲ့ လက်နက်၊ ခဲယမ်း၊ လူအင်အား အများအပြား ဖြည့်တင်းနေတာကြောင့်လည်း လာမယ့် ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
AA အဖွဲ့ရဲ့ ထိုးစစ်ကြောင့် အိန္ဒိယနိုင်ငံအတွင်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား လေးရာကျော်ထဲက အများစုကို ရခိုင်စစ်မျက်နှာအတွင်းကို စစ်ကောင်စီက ပြန်လည် ပို့ဆောင်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီထုတ်ပြန်ချက်အပါအဝင် ကျောက်ဖြူမြို့နယ်က ဓညဝတီရေတပ်ဌာနချုပ်ကို AA အဖွဲ့ က တိုက်ခိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။ အလားတူ ရက္ခိုင့်တပ်တော် (AA) ကိုလည်း RFA က ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားတာ အချိန်နှစ်လကျော်အထိ ရှိလာနေပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့နယ်တွေမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။