ကချင် လူထုတွေ့ဆုံဆွေးနွေးပွဲ


2018.11.14
laiza-622.jpg တရုတ် - မြန်မာနယ်စပ် လိုင်ဇာမြို့ တစ်နေရာကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ကချင်အမျိုးသားရေးမူဝါဒဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲကို KIA ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ခြောက်ရက်ကြာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မအဲလိဇဘက် ပေးပို့ထားတာကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။

~~~~~~~~~~
ကချင် လူထုတွေ့ဆုံဆွေးနွေးပွဲ

(အဲလိဇဘက်)

■ အဲဒီဆွေးနွေးပွဲကို ပြည်တွင်းပြည်ပ အနယ်နယ် အရပ်ရပ်က ကချင်လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၅၀၀ ကျော် နဲ့ KIA / KIO ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက တစ်ခုတည်းသော တပ်မတော်ထားရှိရေး၊ ခွဲထွက်ရေး၊ ခွဲမထွက်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ တစ်ခုတည်းသော တပ်မတော် ထားရှိရေးနဲ့ပတ်သက်ပြီး မူအရ လက်ခံပေမယ့် ဘယ်လိုဖွဲ့စည်းသွားမလဲ ဆိုတာက အဓိက ပြဿနာဖြစ်နေတယ်လို့ ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဒေါ် မရန်ဆန်ထွယ်က RFA ကို ပြောပါတယ်။

"ပင်လုံစာချုပ် ကတိကဝတ်နဲ့ စာချုပ်ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီကိုသွားမယ့် လမ်းကြောင်းကို လုပ်မယ်ဆိုရင်တော့ ခွဲထွက်ရေး၊ ခွဲမထွက်ရေးက ပြောစရာတောင် မလိုဘူးပေါ့နော်၊ အဲဒါကို တကယ်လုပ်နိုင်မယ်ဆိုရင်တော့ အဲအပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးမူဘောင်တွေ ဖြစ်သွားမယ်ဆိုရင်တော့ ခွဲထွက်ရေးဟာ ပြောစရာမလိုဘူးပေါ့နော်။ မခွဲထွက်ရေးဟာလည်း အဲ့အပေါ်မှာ အဓိက မူဖြစ်သွားမယ်ပေါ့၊ အဲဒါကိုဆွေးနွေးကြတယ်၊ နောက်တစ်ခုက တစ်ခုတည်းသော တပ်မတော် ထားရှိရေးက မူအားဖြင့်တော့လက်ခံတယ်။ အဲ့ဒါကို ဘယ်လိုဖွဲ့စည်းမလဲဆိုတာက အဓိကပြဿနာဖြစ်တယ်လို့ တွေ့တယ်ပေါ့နော်၊ ဖက်ဒရယ်နဲ့ ကိုက်ညီတဲ့ ပြည်ထောင်စုတပ်မတော်နဲ့ ကိုက်ညီတဲ့ မူဝါဒတွေ ချမှတ်ရမယ်၊ တိုင်းရင်းသားတွေ အချိုးကျတိုင်းရင်းသားတွေ ပါဝင်တဲ့ စစ်တပ်တွေ ဖြစ်ဖို့အတွက် ပြည်နယ်အဆင့်ဆင့်ကို ဖွဲ့စည်းမယ်၊ သမ္မတအောက်မှာ ထားရှိရမယ်ဆိုတဲ့ အမြင်သဘောထားတွေလည်း အများကြီးပေးကြတယ်၊ အဲဒီအကြံပြုချက်တွေကို ကျမတို့ KIA/ KIO တွေကို အသိပေးသွားမယ်ပေါ့နော်"

ဒါ့အပြင် ကချင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း IDP တချို့ကို စိစစ်ပြီး အိမ်ပြန်လို့ရတဲ့ဒေသတွေက ပြည်သူတွေ သူတို့ နေအိမ်ပြန်နိုင်ဖို့အတွက် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး လုံးဝ ပြန်လို့မရတဲ့ သူတွေကို ဆက်ပြီး ကူညီပေးနိုင်ဖို့ နိုင်ငံတကာနဲ့ အစိုးရကို ဆက်လက် တိုက်တွန်းသွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဒေါ်မရန်ဆန်ထွယ်က ပြောပါတယ်။

"အဓိကကတော့ ပြန်လို့ရတဲ့ IDPs ဒေသတွေကို စိစစ်သွားမယ်၊ ပြန်လို့ အဆင်ပြေတယ် လုံခြုံမှုရှိတယ် ထပ်ပြီး မပြေးရတော့ဘူးဆိုရင်တော့ ပြန်မယ်ပေါ့၊ တစ်ချိန်တည်းမှာပဲ လုံးလုံးပြန်လို့မရသေးတဲ့ အခြေအနေတွေ အများကြီးရှိတယ်၊ အဲလူတွေကိုလည်း နိုင်ငံတကာက ဝိုင်းပြီး ကူညီပေးကြဖို့ကိုလည်း ကျမတို့ တိုက်တွန်းသွားမယ်၊ ဒါ့အပြင် အစိုးရကိုလည်း ဒီဒုက္ခသည်တွေကို ဆက်ပြီးကူညီပေးသွားကြဖို့ကိုလည်း အကြံတွေပေးကြတာပါ"

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး KIA အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

အစိုးရနဲ့ KIA အဖွဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ရှေ့လုပ်ငန်းစဉ်တွေနဲ့ မူဝါဒ ပေါ်လစီတွေကို ချမှတ်တဲ့အခါ KIA တစ်ဖွဲ့တည်း ချမှတ်တာမျိုးမဟုတ်ဘဲ ပြည်သူလူထုအသံနဲ့ ဆွေးနွေးဆုံးဖြတ်ထားတာတွေ ပါဝင်နိုင်ဖို့အတွက် အခုလို ဆွေးနွေးပွဲ ပြုလုပ်ရတာ ဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။