ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့် လှုပ်ရှားမှုတွေ နိုင်ငံတစ်ဝန်းပြုလုပ်

RFA Burmese
2023.08.08
ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့် လှုပ်ရှားမှုတွေ နိုင်ငံတစ်ဝန်းပြုလုပ် ၃၅ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ရန်ကုန်မြို့တွင် ထီးအနီရောင် လှုပ်ရှားမှုပြုလုပ်ခဲ့စဉ်။
ရန်ကုန်လူထုသပိတ်

ဩဂုတ်လ ၈ ရက် ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံ (၃၅) နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြပွဲတွေကို စစ်ကောင်စီရဲ့ လုံခြုံရေးအထပ်ထပ် တင်းကျပ်ထားတဲ့ကြားက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်း အပါအဝင် နိုင်ငံတစ်ဝန်းမှာ ကျင်းပခဲ့ကြပါတယ်။

လူအသွားအလာများတဲ့ နေရာတွေမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ စာတမ်းချိတ်ဆွဲတာ၊ ထီးသပိတ်အပြင် အသစ်ထုတ်ဝေထားတဲ့ ငွေကျပ်နှစ်သောင်းတန်ပုံစံတွေကို မီးရှို့ဖျက်ဆီးတာ အပါအဝင် ပုံစံမျိုးစုံနဲ့ ဆန္ဒပြခဲ့တာပါ။

ရန်ကုန်မြို့မှာ ရန်ကုန်လူထုလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြီး ပြည်လမ်း၊ အင်းလျားကန်ဘောင်အနီးမှာ ရှစ်လေးလုံးအထိမ်းအမှတ် ထီးသပိတ်လုပ်ခဲ့တယ်လို့ သပိတ်ကော်မတီမှာ ပါဝင်တဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့လည်း အန္တရာယ်ကင်းရမယ်။ ပြည်သူလူထုလည်း ပါဝင်ဖို့ဆိုပြီးတော့ ပြည်သူလူထုအတွက် အန္တရာယ်ကင်းမယ့်နည်းလမ်းကို ရွေးလိုက်တော့ ထီးသပိတ်ကပဲ အဆင်ပြေမယ့် နည်းလမ်းဆိုပြီး တွေးပြီး လုပ်ဖြစ်တာပါ။ အဓိကကတော့ ကြွေးကြော်သံတွေပေါ့လေ၊ မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး၊ လူထုနဲ့အတူ တို့အတူရုန်း အဲဒီလိုစာသားတွေ၊ နောက်တစ်ခုက ၈ ရက်၊ ၈ လ၊ ၈၈ နဲ့ ပတ်သက်တဲ့စာသားတွေ ရေးသားခဲ့တာပါ"

ရန်ကုန်မှာ အရင်နေ့တွေကထက် လုံခြုံရေးအခြေအနေ တင်းကျပ်ထားပြီး သပိတ်ဖော်ဆောင်သူတွေကို ဖမ်းဆီးဖို့ လူစည်ကားရာနေရာ၊ ကားမှတ်တိုင်နဲ့ ဈေးလိုနေရာတွေမှာ အရပ်ဝတ်တွေ စောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီရဲ့ ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးကတော့ စစ်ကောင်စီရဲ့ လုံခြုံရေးအထပ်ထပ်ချထားတဲ့ အခြေအနေကို ကျော်လွန်ပြီး သပိတ်ဖော်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

"ဒီလို ရှစ်လေးလုံး နေ့ကြီးရက်ကြီးမျိုးဆိုရင် သူတို့က ပိုပြီးကင်းလှည့်တာမျိုးတွေ လုပ်ဖြစ်တယ်။ လုပ်ကြတယ်ဗျ၊ မနေ့ညကလည်း ရေတပ်ကနေပြီးတော့ သင်္ဘောနဲ့ပတ်နေတာ တွေ့ရတယ်။ ကျွန်တော်တို့ လှုပ်ရှားတဲ့နေရာက လောင်းလုံးမြို့အောက်ဘက် အလည်ဗဟိုကျတာပေါ့။ ရန်သူရှိနေတဲ့ နေရာတွေက လောင်းလုံမြို့ပေါ်နဲ့ မြို့ကျွန်းဆွယ် ဘက်မှာ ရှိတာ။ ဒါပေမဲ့ ကျွန်တော်တို့လည်းပဲ သူတို့လှုပ်ရှားမှုပုံစံကို အကဲခတ်ကြည့်ပြီး လှုပ်ရှားခဲ့ရတာပေါ့"

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က တောင်သူလယ်သမားတချို့ ကောက်စိုက်၊ ပျိုးနုတ်ရင်း ဆန္ဒပြခဲ့စဉ်။ (ဓာတ်ပုံ - ကိုလူချော)
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က တောင်သူလယ်သမားတချို့ ကောက်စိုက်၊ ပျိုးနုတ်ရင်း ဆန္ဒပြခဲ့စဉ်။ (ဓာတ်ပုံ - ကိုလူချော)

မန္တလေးမြို့မှာတော့ ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်စာတမ်းပါ မိုးပျံပူဖောင်းကို ဩဂုတ်လ ၈ ရက် ဒီနေ့ လွှတ်တင်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးသပိတ်အင်အားစု တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"မန္တလေးသပိတ်အင်အားစုအနေနဲ့ ရှစ်လေးလုံး (၃၅) နှစ်ပြည့်နဲ့ မန္တလေး သပိတ်အင်အားစု နှစ်နှစ်ပြည့် တော်လှန် အဓိဋ္ဌာန်ထုတ်ပြန်ချက်နဲ့ သမိုင်းဗီဒီယိုပေါ့နော်။ ရှစ်လေးလုံး (၃၅) နှစ်ပြည့်အထိမ်းအမှတ် မိုးပျံပူဖောင်းလှုပ်ရှားမှုတွေကို ပြုလုပ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ လူထုအရေးတော်ပုံ (၃၅) နှစ်ပြည့်ခဲ့ပြီ ဆိုတာကို ပြည်သူလူထု အမှတ်ရနေစေဖို့၊ ၈၈ အရေးတော်ပုံမှ ၂၀၂၁ နွေဦးတော်လှန်ရေးဆီသို့ ကူးပြောင်းသွားသည့်တိုင် စစ်အာဏာရှင် စနစ်အောက် မလွတ်မြောက်သေးဘူးဆိုတာကို သိရှိစေဖို့ပေါ့နော်"

ရှစ်လေးလုံး (၃၅) နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပြည်ပရောက် မြန်မာနိုင်ငံသားတွေလည်း နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်းအစိုးရလက်ထက်မှာ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် ငွေစက္ကူတချို့ကို တရားမဝင်ဖျက်သိမ်းကြောင်း ကြေညာခဲ့ရာကနေ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးမှုအထိ ကျောင်းသားလူထုအကြား စစ်အာဏာရှင် ဆန့်ကျင်ရေးတွေ ကူးစက်ခဲ့ရာက ရှစ်လေးလုံးလူထုအုံကြွမှု စတင်ခဲ့တာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံစုစည်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ သမိုင်းဝင်လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

"ရည်ရွယ်ချက်ကတော့ လူထုအရေးတော်ပုံ (၃၅) နှစ်ပြည့်ခဲ့ပြီ ဆိုတာကို ပြည်သူလူထု အမှတ်ရနေစေဖို့"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကလည်း ရှစ်လေးလုံး တော်လှန်ရေးစိတ်ဓာတ်ကို နွေဦးတော်လှန်ရေးမှာ ပြန်ယူဖို့လိုတယ်လို့ ဒီကနေ့ ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

တကသ ကျောင်းသားဟောင်းများအင်အားစု အဖွဲ့ဝင် ကိုနန်းလင်းကတော့ ခေတ်အဆက်ဆက် လူထုအုံကြွမှုတွေကို ဖိနှိပ်ပြီး တိုင်းပြည်ကို နောက်ကျအောင် လုပ်ခဲ့သမျှ နွေဦးတော်လှန်ရေးမှာ အဆုံးသတ်မယ်လို့ ပြောပါတယ်။

"ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက် ပေါ်ပေါက်လာသမျှ တော်လှန်ရေး၊ ပေါ်ပေါက်လာသမျှ လူထုလှုပ်ရှားမှု၊ အရေးတော်ပုံမှန်သမျှကို လက်နက်အားကိုး ဖိနှိပ်ဖို့ အမြဲကြိုးစားတယ်။ မတရားတဲ့ ဥပဒေတွေ၊ ပုဒ်မတွေ ထုတ်ပြန်ပြီးတော့ လူထုလှုပ်ရှားမှုကို ဖြိုခွဲဖို့ကြိုးစားတယ်။ ကျွန်တော်တို့ကတော့ နွေဦးတော်လှန်ရေးမှာ ပိုင်းဖြတ်လိုက်တဲ့ စိတ်ကတော့ စစ်တပ်ဟာ ခေတ်အဆက်ဆက်မှာ ဒီပုံဒီနည်းတွေ သုံးပြီးတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို ဖိနှိပ် ချိုးနှိမ်ခဲ့တယ်။ တိုင်းပြည်ကို အောက်ကျနောက်ကျဖြစ်အောင် လုပ်ခဲ့ကြတယ်။ ဒီတစ်ခေါက် ဒီတစ်ကြိမ်မှာတော့ စစ်တပ်ရဲ့ တိုင်းပြည်အပေါ်၊ ပြည်သူအပေါ် ကျုးလွန်ခဲ့သမျှ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုပြန်ရှာဖွေမယ်။ စစ်တပ်ကိုအရေးယူမယ် ”

အာဏာသိမ်း စစ်ကောင်စီကတော့ သူ့ကိုဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို အကြမ်းဖက် ဖမ်းဆီးမှု၊ သတ်ဖြတ်နှိပ်စက်မှုနဲ့ ထောင်သွင်းအကျဉ်းချမှုတွေကို အခု နွေဦးတော်လှန်ရေးအထိ ရက်ရက်စက်စက် ဖိနှိပ်လုပ်ဆောင်နေတာပါ။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ရှစ်လေးလုံးလှုပ်ရှားမှုမှာ ပါဝင်မှုနဲ့ သတင်းတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေရင် အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးခံရမယ်လို့ ဩဂုတ်လ ၇ ရက်နေ့ကတည်း ရေးသားနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူပေါင်း ၂၄,၂၂၈ ဦး ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။