ဆဲဗင်းဇူလိုင်ကိုမမေ့ဖို့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေဆန္ဒပြ
2023.07.07

ကျောင်းသားအရေးတော်ပုံ (ဆဲဗင်းဇူလိုင်) ၆၁ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၇ ရက်ဒီနေ့မှာ မြို့နယ်၊ ကျေးရွာ ဆယ်နေရာထက်မနည်း သပိတ်အင်အားစု၊ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပြည်သူတွေ စုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
လုံခြုံရေးအင်အား တိုးချထားတဲ့ကြားက ရန်ကုန်မြို့အပါအဝင် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်းထဲက မြို့နယ်နဲ့ရွာ ဆယ်နေရာထက်မနည်းမှာ ဆန္ဒပြလှုပ်ရှားမှု လုပ်ခဲ့ကြတာလို့ သပိတ်အင်အားစုတွေက RFA ကို ပြောပါတယ်။
၁၉၆၂ ခုနှစ်၊ မတ်လမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဇူလိုင်လမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးခဲ့တာကြောင့် ကျောင်းသား တစ်ရာကျော် သေဆုံးခဲ့ရတာပါ။
ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု Anti-Junta Alliance Yangon - AJAY အဖွဲ့ဝင် လူငယ်လေးဦးက နောက်ကျောမှာ စာရေးပြီး ရွှေတိဂုံစေတီတော်အနီးမှာ ဆန္ဒပြခဲ့ပါတယ်။
ဒီဖြစ်ရပ်မျိုးကို ဘယ်တော့မှ မမေ့ဘူး၊ ကမ္ဘာမကျေဘူးဆိုတာကို ပြသချင်လို့ ဒီလှုပ်ရှားမှုကို လုပ်တာလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုအဖွဲ့ဝင် ရဲဘော်တစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ သမဂ္ဂအဆောက်အအုံကို အာဏာရှင်တွေက အငြိုးတကြီး ပစ်မှတ် ထားပြီးတော့ ဖြိုချခဲ့ပါတယ်။ ဒါပေမဲ့ ဒီအာဏာရှင်တွေအပါအဝင် အာဏာရှင်စနစ်ကိုပါ အမြစ်ပြတ် တွန်းလှန်မယ့် ကျွန်တော်တို့ ကျောင်းသားမျိုးဆက်တွေ၊ လူငယ် မျိုးဆက်တွေ၊ တော်လှန်မျိုးဆက်တွေကိုတော့ ဒီကောင်တွေ ဘယ်သောအခါမှ ဖိနှိပ်ဖြိုခွဲလို့ မရခဲ့ပါဘူး။ ကျွန်တော်တို့အခုချိန်ထိ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ တည်ရှိနေတာပဲ ဒီကောင်တွေ လုံးဝဖြိုခွင်းလို့ မရဘူးဆိုတဲ့ အဓိကသက်သေပဲ ဖြစ်ပါတယ်။"
လက်ရှိလည်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံမှာ အဘက်ဘက်က ယိုယွင်း ပျက်စီးလာတာ အများကြီး တွေ့ရသလို မတရားသတ်တာ၊ ပြစ်မှုတစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးနှိပ်စက်တာတွေကို သိသာထင်ရှားစွာ မြင်နေရပေမယ့် လူထုရဲ့ တော်လှန်စိတ်ကိုတော့ ရိုက်ချိုးလို့ မရသေးဘူးလို့ ဆိုပါတယ်။
ဇူလိုင် ၆ ရက်နေ့ကလည်း Mayangone Democratic Front (MDF) နဲ့ Kyimyindaing Networks (KMD18) တို့ ပူးပေါင်းပြီး ဆဲဗင်းဇူလိုင်အကြို ဆန္ဒပြခဲ့ကြပြီး တော်လှန်ရေး အင်အားစုတွေကိုလည်း ဆဲဗင်းဇူလိုင်စိတ်ဓာတ် ကိုင်ဆွဲပြီး ဆက်လက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။
စစ်တပ်ရဲ့လုပ်ရပ်ကို မမေ့ကြဖို့နဲ့ သမိုင်းထဲကနေ သင်ခန်းစာယူပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ လုပ်ဆောင်သွားမယ်ဆိုတာ သတိပေးတဲ့အနေနဲ့ လုပ်ဖြစ်တာလို့ Mayangone Democratic Front (MDF) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက RFA ကို ပြောပါတယ်။
“ဆဲဗင်းဇူလိုင် အရေးအခင်းဟာ မြန်မာပြည်စစ်အာဏာရှင်တွေရဲ့ ကနဦး ရက်စက် ကြမ်းကြုတ်မှု မှတ်တိုင်တစ်ခု ဖြစ်နေပါတယ်။ မကျေသေးတဲ့သမိုင်းကြွေးတွေနဲ့ စစ်အာဏာရှင်တွေကို မျိုးဆက်သစ်တွေက မမေ့သေးဘူး ဆိုတာရယ်၊ လက်ရှိမှာ စစ်အာဏာရှင်တွေကိုလည်း စစ်သုံးစစ် အမြစ်ပြတ်သည်အထိ တိုက်ဖျက်သွားမယ် ဆိုတာကို သိစေချင်လို့ လုပ်တာပါ။ တောရော၊ မြို့က ပြည်သူတွေဟာ သွေးအေးသွားမှာ မဟုတ်ဘူးဆိုတာကို ဒီ စစ်အာဏာရူးတွေကို သိစေချင်လို့ပါ။”
ဒီနေ့ နေ့လယ်အထိတော့ ဆဲဗင်းဇူလိုင် အထိမ်းအမှတ်ကျင်းပလို့ ဖမ်းဆီးခံရတဲ့သတင်း မရှိသေးဘူးလို့ သပိတ်အင်အားစုတွေက ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ် တချို့မှာတော့ ဆဲဗင်းဇူလိုင်အထိမ်းအမှတ် ကျင်းပသူတွေကိုသိရင် သတင်းပေးကြဖို့ နှိုးဆော်တာမျိုးတွေရှိပါတယ်။
"ဆဲဗင်းဇူလိုင် အရေးအခင်းဟာ မြန်မာပြည်စစ်အာဏာရှင်တွေရဲ့ ကနဦး ရက်စက် ကြမ်းကြုတ်မှု မှတ်တိုင်တစ်ခု ဖြစ်နေပါတယ်။"
တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာလည်း ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် အင်အားနှစ်ရာကျော်ပါ ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ (၈၃၇) ရက်မြောက် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြလို့ စစ်တပ်ဘက်က သတ်ဖြတ်တာနဲ့ ရွာမီးရှို့တာ ပိုလုပ်လာနိုင်ပေမယ့် လိုချင်တဲ့ ပန်းတိုင်မရောက်မချင်း ဆက်လုပ်နေမယ်လို့ ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီဝင် ကိုသက်ဦးက ပြောပါတယ်။
“ပြည်သူအပေါ်ကို သတ်ဖြတ်တာတွေ၊ မုဒိမ်းကျင့်တာတွေ၊ ကျေးရွာတွေကို မီးရှို့တာတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဒီထက်ပိုပြီး ခပ်စိပ်စိပ်လုပ်လာမယ်ဗျ။ ဒါကတော့ သေချာပေါက်ပဲ။ ဒီလိုဖက်ဆစ်စိတ်ဓာတ်ရှိတဲ့ စစ်တပ်က ဘယ်လောက်ပဲ နှိပ်စက်နှိပ်စက် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကတော့ လိုချင်တဲ့ပန်းတိုင် မရောက်မချင်း၊ ဒီမိုကရေစီပြည်ထောင်စု မတည်ထောင်နိုင်မချင်းတော့ ကျွန်တော်တို့က ဆက်လက်ပြီးတော့ နိုင်ရာကနေပြီးတော့ ဆက်ပြီးလျှောက်လှမ်းနေဦးမှာပါ။”
အလားတူ တနင်္သာရီတိုင်း ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူမြို့နယ်မှာလည်း လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ဆဲဗင်းဇူလိုင်အထိမ်းအမှတ် လုပ်ခဲ့တယ်လို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဆဲဗင်းဇူလိုင်ဟာ စစ်တပ်အုပ်ချုပ်မှု ဘယ်လောက်ထိ ရက်စက်ကြမ်းကြုတ်တယ်ဆိုတာကို ပြခဲ့တာလို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့က ထုံစံအတိုင်းပဲ စစ်တပ်ကို ပန်းနဲ့သွားပေါက်ကြတာပေါ့ဗျာ။ ဟိုကတော့ G -3 နဲ့ ပြန်ပြီး တုံ့ပြန်လိုက်တဲ့အခါ ကျောင်းသားတွေကတော့ အဲဒီ သမိုင်းအတွေ့အကြုံအရ ဒီစစ်တပ်ကို ကျွန်တော်တို့က စစ်ရေးအရ တုံ့ပြန် တိုက်ခိုက်မှုကလွဲရင် တခြား ဘာမှမဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ရဲ့ နှစ် ၆၀ သမိုင်းအတွေ့အကြုံကနေ ကျွန်တော် ပြောပြခဲ့တာပါ။ အဲဒီအတွေ့အကြုံကို ၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အရေးအခင်းကနေပြီးတော့ ကျွန်တော်တို့ပြည်သူတွေကို ပညာပေးလိုက်တာ ဖြစ်ပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။”
၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းလိုက်တဲ့ ဗိုလ်ချုပ်နေဝင်း စစ်အစိုးရကို တက္ကသိုလ် ကျောင်းသားတွေ ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် ကျောင်းသားထုကိုဖိနှိပ်တဲ့ ကျောင်းဆောင် စည်းကမ်းတွေကိုပါ စစ်အစိုးရက ချမှတ်ခဲ့ပါတယ်။
ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ဇူလိုင် ၇ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးခဲ့သလို ဇူလိုင် ၈ ရက်မနက်ပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးလိုက်တာကြောင့် ကျောင်းသားတစ်ရာကျော် သေဆုံးခဲ့တယ်လို့ ၁၉၆၂ မျိုးဆက်ကျောင်းသားတွေက ပြောကြပါတယ်။