သီတင်းသုံးပတ်အတွင်း ရိုဟင်ဂျာ ၄၀၀ နီးပါး အဖမ်းခံရ
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ အောက်တိုဘာလ ၁၇ ရက်ကနေ နိုဝင်ဘာ ၁၁ ရက်နေ့အထိ ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်းမှာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းတွေကနေ နေရပ်စွန့်ခွာထွက်ပြေးဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၃၈၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
သူတို့ဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာသူတွေဖြစ်တယ်လို့ ရိုဟင်ဂျာအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
"ကျနော်သိသလောက် သူတို့ ဘာ့ကြောင့်အဲဒီနေရာကနေ ထွက်ပြေးကြသလဲဆိုတော့ သူတို့ လုံးဝအဆင်မပြေလို့”
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ အမာမြို့နယ်ခွဲ ကတုံးလေးရွာအနီးမှာ အသက်မပြည့်သေးတဲ့ ရိုဟင်ဂျာကလေး ၄၅ ဦး အပါအဝင် ရိုဟင်ဂျာ ၈၀ လောက် လိုက်ပါလာတဲ့ စက်လှေတစ်စီး နစ်မြုပ်ပြီး စက်လှေပေါ်ပါလာသူ ၂၀ ခန့် ပျောက်ဆုံးနေတယ်လို့ ဘိုကလေးမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သင်္ဘောနဲ့ မလေးကိုသွားဖို့ အလုပ်အကိုင်သွားရှာဖို့ လုပ်ကြတာပေါ့။ လာရင်းနဲ့သူက ကတုံးလေးကျွန်းက သောင်မှာတင်တာ၊ သောင်တင်တော့ ရှင်းရှင်းပြောရရင် သင်္ဘောက ဖင်ထိုင်သွားပြီး ဝမ်းဗိုက်ပေါက်ပြီးတော့ ကွဲသွားတာပေါ့။ ကွဲသွားတော့ ရေထဲမျော သွားတယ်။ နှစ်ဆယ်လောက်ကတော့ ရေထဲကို မျောသွားတယ်။ ခြောက်ဆယ်ကိုတော့ ကယ်နိုင်တယ်လို့ သိရတယ်”
အခုနှစ်အတွင်း ရိုဟင်ဂျာတွေ ဧရာဝတီတိုင်းမှာ ဖမ်းဆီးခံရမှုဟာ အရင်နှစ်တွေကထက် ပိုများလာပေမယ့် စက်လှေပျက်ပြီး လူ ၂၀ ခန့် ပျောက်ဆုံးနေတာမျိုးကတော့ ဒီတစ်ကြိမ်ဟာ အများဆုံးပဲလို့လည်း သူက ဆက်ပြောပါတယ်။ ပျောက်ဆုံးနေသူတွေ အသက်သေဆုံးသွားပြီလား၊ အသက်ရှင် လွတ်မြောက်သလားဆိုတာကို အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။
အသက်ရှင်ကျန်ရစ်ခဲ့သူ ရိုဟင်ဂျာ ၆၀ ကိုတော့ ဘိုကလေးမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး သူတို့အတွက် စားသောက်စရာတွေ ပို့ခွင့်ရနေတယ်လို့ ဖမ်းဆီးခံရိုဟင်ဂျာတွေကို ကူညီပေးနေသူ ဘိုကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ကို ထမင်းထုပ်တွေပေါ့၊ ကိုယ်စားတဲ့အထဲက ကိုယ်ဘာဟင်းနဲ့စားလဲ အဲဒီဟင်းနဲ့ပဲပို့။ ဘဲဥချက်ရင် ဘဲဥ၊ ငါးချက်ရင် ငါး၊ ထမင်းထုပ်လေးတွေ တစ်အိမ်က ဘယ်လောက်တက်နိုင်လဲ ဆယ်ထုပ်တတ်နိုင်ရင် ဆယ်ထုပ်၊ ငါးထုပ်ဆိုရင် ငါးထုပ် ကျနော်တို့ ကောက်လိုက်တယ်။ ကောက်ပြီးတော့ အယောက် ခြောက်ဆယ်စာကို တစ်နေရာမှာ စုပြီးတော့ သွားပြီးတော့ ပို့ပေးတာပေါ့။ သုံးဘီးလေး ငှားပြီးတော့ပေါ့၊ အဲလိုမျိုးပဲ လုပ်နေပါတယ်။ အခုအမှုကတော့ ခရီးသွားတဲ့အချိန်မှာ အထောက်အထားမဲ့ ခရီးသွားလာတယ်ဆိုတာပေါ့။ အဓိကတော့ လဝက ပေါ့၊ တရားလိုက လဝကပေါ့ ”
သူတို့ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကနေ ထွက်ခွာလာသူတွေဖြစ်ပြီး မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ကြိုးစားကြတာလို့ သူက ဆက်ပြော ပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၁၁၇ ဦး ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၀ ရပ်ကွက်က နေအိမ်တစ်လုံးမှာ ဖမ်းဆီးခံလိုက်ရပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် အောက်ထုံးကျေးရွာအနီး တိုးမြစ်အတွင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် ရိုဟင်ဂျာ ၅၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကနေ ထိုင်း-မြန်မာနယ်စပ်ကို သွားရောက်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၁၀၁ ဦး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် လှိုင်ဝတံတားအနီးမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာ တစ်ဦးကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာသလို စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေး ထပ်လုပ်လာမှာကို စိုးရိမ်ပြီး အခုလို နေရပ်စွန့်ခွာသူတွေ ပိုများလာတို့ RFA ကို ပြောပါတယ်။
“အခု ရခိုင်ပြည်နယ်မှာက ရက္ခိုင့်တပ်တော် (AA) နဲ့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ တစ်ကျော့ပြန် တိုက်ခိုက်လာတာများတယ်၊ ဆိုတော့ နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ သူတို့က အဲလိုမျိုးဒုက္ခသည်ဘဝနဲ့ ဆက်ပြီးတော့ နှစ်ဆယ်နဲ့ချီပြီး နေဖို့ဆိုတာ သူတို့မှာ မဖြစ်နိုင်ဘူး။ စားဝတ်နေရေး၊ ကျန်းမာရေး လုံးဝအဆင်မပြေတော့ဘူး။ သူတို့က အဲဒီနေရာကနေ ထွက်ပြေးမယ်ဆိုတဲ့ဟာကို စဉ်းစားလာတာ။ ကျနော်သိသလောက် သူတို့ ဘာ့ကြောင့်အဲဒီနေရာကနေ ထွက်ပြေးကြသလဲဆိုတော့ သူတို့ လုံးဝအဆင်မပြေ လို့”
ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေလည်း စားဝတ်နေရေး အဆင်မပြေတာကြောင့် အသက်ရှင်သန်နေထိုင်ရေးအတွက် ပိုကောင်းတဲ့နေရာဒေသတွေကို အသက်စွန့်၊ ဘဝစွန့် ထွက်ခွာဖို့ ကြိုးစားကြတာလို့လည်း သူက ဆက်ပြောပါတယ်။
ဖမ်းဆီးခံ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အသေးစိတ်အခြေအနေသိရဖို့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ရိုဟင်ဂျာတွေ အခုလို ဖမ်းဆီးခံရမှုများလာတာဟာ သူတို့အပေါ် စီးပွားရေးအရ အမြတ်ထုတ်နေတဲ့ လူကုန်ကူးသူတွေကို ထိထိရောက်ရောက် အရေးမယူတာကြောင့် ဖြစ်တယ်လို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူကုန်ကူးမှု အသိပညာပေး လုပ်ဆောင်နေသူ ဦးတင်လှိုင်က ပြောပါတယ်။
“အဓိကတော့ လူကုန်ကူးမှုပွဲစားတွေကို နှိမ်နင်းတာ၊ ဖမ်းဆီးတာမှာ အားနည်းနေတဲ့ အတွက်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီလူကုန်ကူးလုပ်တဲ့ပွဲစားက တဖြည်းဖြည်း အားကောင်းလာတာကို တွေ့ရတယ်။ သူတို့ကို ထိထိရောက်ရောက် အရေးယူဖို့လိုတယ်။ သူတို့ကို ကျနော်တို့ဒေသမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တွေသော်လည်းကောင်း၊ မြေပြင်မှာတာဝန် ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေသော်လည်းကောင်း၊ အပေါ်က အမိန့်တစ်ခုခုနဲ့ပေါ့ လူကုန်ကူးမှု ပွဲစားတွေကို လိုက်လံဖမ်းဆီးပြီး အရေးယူလိုက်ရင် ဒီဟာတွေ နည်းသွားမယ်လို့ ထင်တယ်”
ရခိုင်ပြည်နယ်ကနေ မလေးရှားကိုသွားနိုင်ဖို့ဆိုရင် ရိုဟင်ဂျာတစ်ဦးကို ကျပ် ၇၅ သိန်းကနေကျပ် သိန်း ၁၀၀ အထိ ပွဲစားတွေကို ပေးရတယ်လို့ သူက ဆက်ပြောပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာလည်း နေရပ်စွန့်ခွာချင်သူတွေကို ရှာဖွေဖျားယောင်းတဲ့ လူပွဲစားတွေရှိနေပြီး၊ ရိုဟင်ဂျာတစ်ဦး ရှာပေးနိုင်ရင် ပွဲစားခ ကျပ်ငွေ ငါးသိန်းရတယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

နိုင်ငံမဲ့ပြီး အားကိုးရာမဲ့နေတဲ့ ရိုဟင်ဂျာတွေအပေါ် လူမှောင်ခိုဂိုဏ်းတွေက အမြတ်ထုတ်နေ တာကြောင့် လူကုန်ကူးသူတွေကိုသာ အရေးယူရမှာဖြစ်ပြီး ဓားစာခံဖြစ်နေတဲ့ ရိုဟင်ဂျာ တွေကို အရေးယူအပြစ်ပေးတာမျိုး မလုပ်သင့်ဘူးလို့ မြန်မာလူ့အခွင့်အရေးကွန်ရက် (Burma Human Rights Network) က အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ထောက်ပြပြောဆိုပါတယ်။
“နည်းလမ်း နှစ်လမ်းရှိတယ်။ တစ်လမ်းကကျတော့ စက်လှေတွေနဲ့ ထွက်ကြတယ်။ နောက်တစ်နည်းကတော့ ကုန်းတွင်းကနေထွက်တယ်။ ကုန်းလမ်းကသွားရင်တော့ မြန်မာပြည်ဘက်ကိုဖြတ်ပြီး ထိုင်းနယ်စပ်ကနေ မလေးနယ်စပ်ထဲ ပြန်ဝင်ကြတယ်။ ဒါတွေအားလုံးက လူမှောင်ခိုဂိုဏ်းရှိတယ်။ ဒီလူမှောင်ခိုဂိုဏ်းထဲမှာ လူတန်းစားပေါင်းစုံ ပါဝင်တယ်။ အဖွဲ့စည်းတော်တော်များ များပါဝင်တယ်။ လူမှောင်ခိုတွေကို မိလို့ရှိရင် သူတို့ကိုကျတော့ လူမှောင်ခိုမှုနဲ့ တရားစွဲတယ်။ ဒီလူတွေက တရားခံဖြစ်တယ်ဆိုရင် သူတို့ လူမှောင်ခိုလုပ်လာတဲ့သူ (ရိုဟင်ဂျာ) တွေသည် ဓားစာခံတွေဖြစ်တယ်။ ဒါတရားခံတွေ မဟုတ်ဘူး။ သူတို့ (ရိုဟင်ဂျာ) တွေကို တရားစွဲတယ်ဆိုကတည်းက မတရားဘူး။ ရိုဟင်ဂျာမို့လို့လုပ်တာ”
ရိုဟင်ဂျာတွေကို လူကုန်ကူးသူတွေက စက်လှေပေါ်ရောက်မှ ကျန်နေခဲ့တဲ့ မိသာစုတွေဆီ ငွေကြေးတောင်းခံတာတွေရှိသလို သူတို့တောင်းတဲ့ငွေ မပေးရင် စက်လှေကို ပင်လယ်ထဲ မှာ ပစ်ထားခဲ့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးဖို့ကြိုစားတဲ့ ရိုဟင်ဂျာ ၉၉၂ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၂၂၃ ဦး ကတော့ လဝကဥပဒေတွေနဲ့ ထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ်အထိ ကျခံနေရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၇ နှစ်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေး ကြောင့် စစ်တွေမြို့နယ်က သက္ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း၊ အုန်းတောကြီး အစရှိတဲ့ ဒုက္ခသည်စခန်း ၁၄ ခုမှာ ရိုဟင်ဂျာ တစ်သိန်းကျော် ခိုလှုံနေရပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ရှစ်သိန်းကျော်လည်း အခုချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။