အာဏာသိမ်း နှစ်နှစ်အတွင်း အမျိုးသမီး ၃၆၃ ဦး သေဆုံးခဲ့
2023.02.02

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းအရ အာဏာသိမ်း နှစ်နှစ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်သတ် ခံရတာ၊ တိုက်ပွဲကြား ပိတ်မိတာ၊ စစ်ကြောင်းတွေက ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်ပြီး သတ်ဖြတ်တာ၊ စနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း တစ်နိုင်ငံလုံးမှာ အမျိုးသမီး ၃၆၃ ဦး သေဆုံးခဲ့ပါပြီ။
အဲဒီအထဲမှာ လသားအရွယ်ကနေ အသက် ၆၀ ကျော်အထိပါဝင်ပြီး အများစုဟာ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ အပစ်ခံရတာ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက် ခံရတာနဲ့ စစ်ကြောင်းတွေက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ် ခံရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ပုံစံမျိုးစုံနဲ့ကျုးလွန်မှုကြောင့် အမျိုးသမီးတွေ သေဆုံး ခဲ့ရတာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်တို့ ကောက်ယူထားတဲ့ အချက်အလက်တွေအရ အမျိုးမျိုးရှိတယ်။ တချို့ အဓမ္မ ကျင့်ခံရပြီးတော့ စော်ကားခံရပြီး သေဆုံးတဲ့ အခြေအနေတွေရှိတယ်။ လက်နက်ကြီး ထိမှန်ပြီး သေဆုံးတာရှိတယ်။ နောက် သပိတ်ကာလမှာ ပစ်သတ်ခံရတာ ဥပမာ-မြသွဲ့သွဲ့ခိုင်လိုပေါ့နော် ဒီလို သေဆုံးသူတွေလည်းပါတယ်။ နောက်ပြီး အကျဉ်းထောင် ထဲမှာ သေဆုံးတဲ့သူတွေရောပါတယ်။ အဓိကကတော့ ဖမ်းဆီးပြီးတော့မှ အသတ်ခံရတာ၊ လက်နက်ကြီးကျလို့ သေဆုံးသွားတဲ့ကိစ္စတွေ အကုန်ပါတယ်"
ဒီစာရင်းထဲမှာ ကျုးလွန်သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေက တိုက်ရိုက်တိုင်ကြားတာ အပြင် သိရှိသူများကနေ သတင်းပေးပို့တာတွေ ပါဝင်ပေမယ့် တကယ်က အခုစာရင်းထက် ပိုနိုင်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းနဲ့မကွေးတိုင်းမှာ စစ်ကြောင်းတွေ ရွာတွေကို ဝင်ရောက် စီးနင်းပြီး ကျန်းမာရေး မကောင်းလို့ မပြေးနိုင်သူတွေနဲ့ အမျိုးသမီးတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ဖမ်းဆီး သတ်ဖြတ်တာတွေ နေ့စဉ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
"ဘာလက်နက်မှမရှိတဲ့ မိန်းမသားတွေကို ဖမ်းတယ်ဆီးတယ်။"
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က ပုလဲမြို့နယ် တောင်ရွာသစ်ကို အင်အား ၈၀ နီးပါးပါ စစ်ကြောင်း ဝင်ရောက် စီးနင်းခဲ့ပြီး အသက် ၅၀ အရွယ် ဒေါ်ညိုကျင်၊ အသက် ၄၀ အရွယ် ဒေါ်အေးအေးဝင်းနဲ့ ၁၃ နှစ်အရွယ် မမိုးရီတို့ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးဖို့အချိန်မရလို့ နေအိမ်နောက်ဖေး အိမ်သာထဲမှာပုန်းနေချိန် သုံးဦးစလုံးကို ပစ်သတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ရွာသစ် ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒေါ်အေးဝင်း၊ မမိုးရီ (မမိုးရီဆိုတာ ဒေါ်အေးဝင်းသမီးပါ)၊ ဒေါ်ညိုကျင်ဆိုတဲ့ အမျိုးသမီး သုံးယောက်က ပြေးရင်းလွှားရင်းနဲ့ သူတို့အိမ်မှာ ရှေ့နားမှာလည်း ပိတ်မိတယ်။ ပိတ်မိတော့ အိမ်သာထဲ ဝင်ပုန်းနေတာပေါ့။ ပုန်းရင်း ပြုရင်းနဲ့ စစ်ကြောင်းတစ်ခုမှာ ပါလာတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်က တွေ့ပြီးတော့ လုံးဝအဲမှာကို ဦးခေါင်းတွေကို ပစ်သတ်သွားတာပေါ့နော်။ သူတို့သုံးယောက် အလောင်းကို အိမ်သာနားမှာ တွေ့ပါတယ်"
အိမ်ခြေ ၃၀၀ နီးပါးနဲ့ လူဦးရေ ၁၀၀၀ ကျော် နေထိုင်တဲ့ တောင်ရွာသစ်ရွာကိုပါ မီးရှို့ သွားတာကြောင့် နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်ကလည်း ဖယ်ခုံအခြေစိုက် အမြောက်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မိုးဗြဲမြို့၊ ကောင်းဆောင်ရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၃၃ နှစ် အရွယ် စစ်ဘေးဒုက္ခသည် မအဲလီဇဘတ် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခဲ့လို့ အခုလို သေဆုံး ခဲ့တဲ့အပေါ် ဝမ်းနည်းမိတယ်လို့ မအဲလီဇဘတ်ရဲ့ ဦးလေးဖြစ်သူ ဦးယော (အမည်လွှဲ) က RFA ကို ပြောပါတယ်။
"ဘုန်းကြီးကျောင်း အပေါ်ဘက် အဲတစ်ဝိုက်ထဲမှာပဲ စစ်ဘေးရှောင်စခန်း တဲလေးတွေ ဆောက်ထားတယ်။ ၁၀ လုံး ၁၅ လုံးလောက် ရှိမယ်ထင်တယ်။ တဲပေါ် တည့်တည့် ကျသွားတာပေါ့၊ ပွဲချင်းပြီး ဆုံးသွားတယ်။ ဝမ်းနည်းတာပေါ့ လူတစ်ယောက်လုံး ဘယ်လိုပြောမလဲ ဖျားတယ်၊ နာတယ်လည်းမဟုတ်၊ ကင်ဆာဖြစ်လို့တောင် အိမ်ကိုရောင်းပြီး ကုထားတာကို အခုလိုဆုံးသွားတော့ ဝမ်းနည်းတာထက် ပိုတာပေါ့"
စစ်ကောင်စီတပ်တွေဟာ မြေပြင်စစ်ကြောင်းထိုးတာအပြင် ဒုက္ခသည်စခန်းတွေကိုပါ လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးရင်း ဒေသခံ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျုးလွန်လာတယ်လို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်ကနေ ဇန်နဝါရီ ၂ ရက်နေ့အထိ ခင်ဦးမြို့ အလယ်ရှိုရွာကို စစ်ကောင်စီတပ်သားတွေ ခြောက်ရက်ကြာ ဝင်ရောက်စီးနင်းပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်ဝင်းဌေး၊ အသက် ၄၈ နှစ်အရွယ် ဒေါ်ချောပိုနဲ့ အမျိုးသားခုနစ်ဦး စုစုပေါင်းကိုးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါ်ဝင်းဌေးနဲ့ ဒေါ်ချောပိုကို လက်ပြန်ကြိုးတုပ်ပြီး ရွာအလယ်မှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေါ်ဝင်းဌေးရဲ့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
"အဲဒီနေ့က မဝင်းဌေးနဲ့ မချောတို့က ပြေးလမ်း မှားသွားခဲ့တာပေါ့။ စစ်ကြောင်းနဲ့ တည့်တည့်တိုးပြီး ဖမ်းခံလိုက်ရတာ။ စစ်ကြောင်းကလည်း ရုတ်တရက်ဝင်လာတော့ အကုန်လုံးက အိုးနင်းခွက်နင်း ပြေးကြရတာ။ ဖမ်းမိသွားတာတော့ မြင်လိုက်တယ်။ ဘာလက်နက်မှမရှိတဲ့ မိန်းမသားတွေကို ဖမ်းတယ်ဆီးတယ်။ သူတို့မေးမြန်းပြီးရင် ပြန်လွှတ်မပေးဘဲ ရက်ရက်စက်စက် သတ်ဖြတ်လိုက်တဲ့ စစ်တပ်ကို ရွံမုန်းတာပဲ"
အလယ်ရှိုရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကြောင်းဟာ တပ်မ (၃၃) လက်အောက်ခံ အမှတ် (၈) ရွှေဘို လေ့ကျင့်ရေးတပ်က ဖြစ်တယ်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ တရားစီရင်နိုင်ဖို့ နိုင်ငံတကာကိုရော လူထုကိုပါ တိုက်တွန်းတယ်လို့ မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (WLB) တွဲဖက် အထွေထွေ အတွင်းရေးမှူး - ၁ မနန်းမို့မို့က RFA ကို ပြောပါတယ်။
"ကျုးလွန်တဲ့ အကြမ်းဖက်စစ်တပ်က ပြစ်ဒဏ်ကနေ ကင်းလွတ်နေတယ်ပေါ့။ ကျုးလွန်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရရှိဖို့ ကျုးလွန်တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေရှိဖို့အတွက်က နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွေမှာ တရားစီရင်နိုင်ဖို့အတွက် လူထုတစ်ရပ်လုံးကိုရော နိုင်ငံတကာကိုရော ကျမအနေနဲ့ တိုက်တွန်းလိုပါတယ်"
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ သူ့တပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေကို သတ်ဖြတ်တာ မရှိသလို၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာလည်း မရှိဘူးလို့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စနိုလင်းဟေဇာနဲ့ တွေ့ဆုံချိန် ငြင်းဆို ထားဖူးပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ အကြမ်းဖက်မှုနဲ့ မီးရှို့ဖျက်ဆီးတာတွေကို ပုံမှန် အခြေအနေတစ်ခုလို ကျုးလွန်နေတယ်လို့ ကျုးလွန် ခံရသူတွေ ကိုယ်တိုင်က RFA ကို ပြောပါတယ်။
AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့စာရင်းအရ စစ်အာဏာသိမ်းပြီး နောက်ပိုင်း တစ်နိုင်ငံလုံးမှာ ပြည်သူ ၂,၉၄၇ ဦး သေဆုံးခဲ့ပြီး၊ ၁၃,၇၈၇ ဦး ဖမ်းဆီးခံထားရသလို အဲဒီအထဲမှာ ၁၄၃ ဦး သေဒဏ်ချခံထားရပါတယ်။