စစ်ကောင်စီ စီစဉ်နေတဲ့ ၂၀၂၅ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတွေပြော
2024.06.17

လာမဲ့ အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံး လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုံးအကြိမ် ထုတ်ပြောခဲ့ပါတယ်။
ဇွန်လ ၁၅ ရက်နေ့က မန္တလေးတိုင်းလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့မိမြို့ဖတို့နဲ့ မိတ္ထီလာမြို့မှာ တွေ့ဆုံချိန် အခုလိုထည့်ပြောခဲ့တာပါ။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာမဟုတ်သလို ဖြစ်လာမှာလည်းမဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကလည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုမရတဲ့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပပြီး တရားဝင်ဖို့ကြိုးစားနေတာလို့ ပြောပါတယ်။
"ပြည်တွင်းပြည်ပ ဘယ်သူမှ ထောက်ခံမှုမရလို့ သူ့ရဲ့ နိုင်ငံရေးတရားဝင်မှုကို ရရှိဖို့အတွက် ရွေးကောက်ပွဲတစ်ခုကို အယောင်ပြပြီးတော့ တရားဝင်မှုကို ရှာကြံနေတာ တွေ့ရပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လက်နက်ပြပြီး ထိန်းချုပ်ထားတဲ့ ဒေသအချို့ကိုတော့ လုပ်နိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေရဲ့ ဆန္ဒအမှန်ကိုထင်ဟပ်စေမဲ့ ရွေးကောက်ပွဲမဟုတ်ဘဲ ထိန်းကျောင်းမှုတွေနဲ့ ဖန်တီးမဲ့ မတရားလုပ်ကြံပွဲပဲ ဖြစ်လာမှာပါ"
တည်ဆဲဥပဒေကိုချိုးဖောက်ပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ တရားဝင်အစိုးရမဟုတ်သလို ရွေးကောက်ပွဲ ကော်မရှင်ဟာလည်း တရားမဝင်တာကြောင့် သူတို့ကျင်းပမဲ့ ရွေးကောက်ပွဲအပေါ်လည်း NLD အနေနဲ့ အသိအမှတ်မပြုဘူးလို့ ဆိုပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ပြောခွင့်ရသူ ဦးလှသိန်းကတော့ သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ အဆင်သင့်ပဲလို့ RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ပါတီကတော့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ။ ပါတီအတွင်း စည်းရုံးရေး၊ ပါတီပြင်ပ စည်းရုံးရေး အလွှာအသီးသီး စည်းရုံးရေး။ ဒါတွေကတော့ ကျွန်တော်တို့ပါတီရဲ့ လုပ်ငန်းလမ်းစဉ်အတိုင်း ဆောင်ရွက်နေပါတယ်။ ဒါကလည်း ဘာကြောင့်ဆို ပါတီတစ်ခုရဲ့ ရည်မှန်းချက်က နောက်ဆုံး ရွေးကောက်ပွဲဝင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် မဲဆွယ်တာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ လမ်းစဉ်လေးတွေချပြ သူတို့ကြိုက်ရင်လည်း ဝင်လာမှာပေါ့။ တချို့က အကြိတ်အနယ်လေးတွေ ဆွေးနွေးတာပေါ့။ အဲဒါတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့က အမြဲတမ်း အဆင့်သင့်ဖြစ်နေအောင် အမြဲတမ်းကြိုးစားပြီး လှုပ်ရှားနေပါတယ်"
USDP ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၉ ပါတီဟာ စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးကနေ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။
အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ တစ်ဦးကတော့ စစ်ကောင်စီရွေးကောက်ပွဲဟာ ဝါဒဖြန့်ရုံ သက်သက်ပဲလို့ သုံးသပ်ပါတယ်။
"ရွေးကောက်ပွဲရလဒ်တွေကို ပစ်ပယ်ပြီးတော့ အာဏာသိမ်းပြီး အခုမှ ရွေးကောက်ပွဲလုပ်မယ်ဆိုတာက ဘယ်လိုမှ ယုံကြည်လို့မရဘူး။ ပြောရမယ်ဆိုရင် ဝါဒဖြန့်ချိရေးအတွက်ပဲ။ အဲဒါပဲ ဘာမှ ယုံကြည်စရာမရှိဘူး။ ဘယ်နိုင်ငံကမှလည်း အသိအမှတ်ပြုမှာမဟုတ်ဘူး"
စစ်ကောင်စီအနေနဲ့ ပဋိပက္ခပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ကောင်းမွန်သေချာတဲ့ လူဦးရေစာရင်းတွေ ကောက်ယူနိုင်မှာမဟုတ်သလို အဲဒီစာရင်းတွေဟာလည်း မှန်ကန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
"ရွေးကောက်ပွဲကြီးက တကယ် တရားသောနည်းနဲ့ ယှဉ်ပြိုင်မဲ့ ရွေးကောက်ပွဲလည်း မဟုတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လုံးလုံးစိတ်ပါပြီး မဲလာပေးတဲ့ လူဦးရေက မရှိလောက်ဘူး"
ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးကလည်း ပြည်သူတွေကိုဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် လူထုတစ်ရပ်လုံးက စိတ်ဝင်စားမှာမဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။
"တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တဲ့အတွက် ပြည်သူတွေရဲ့ ရင်ထဲကခံစားချက်ကတော့ လက်ခံနိုင်မှာ မဟုတ်ဘူး။ လုံးဝလက်ခံမှာ မဟုတ်ဘူး။ သို့သော် ဒီရွေးကောက်ပွဲကြီးက တကယ် တရားသောနည်းနဲ့ ယှဉ်ပြိုင်မဲ့ ရွေးကောက်ပွဲလည်း မဟုတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လုံးလုံးစိတ်ပါပြီး မဲလာပေးတဲ့ လူဦးရေက မရှိလောက်ဘူး"
ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ အာဏာဆက်လက်တည်မြဲနိုင်ဖို့ ရွေးကောက်ပွဲမှာ ပြည်သူတွေဆန္ဒမဲလာပေးရေး နည်းလမ်းပေါင်းစုံသုံးပြီး ဖိအားပေးလာနိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်သလို လူဦးရေစာရင်းလည်း ကောက်ယူနိုင်ဖို့ မသေချာဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
"စစ်ကောင်စီအစိုးရဟာ ဒီနေ့ သူရဲ့မြို့ပေါင်း ၅၈ မြို့နဲ့ ဗမာပြည်မှာရှိတဲ့ နယ်မြေရဲ့ ၇၀ ရာခိုင်နှုန်းကို လက်လွတ်ဆုံးရှုံးထားတဲ့ အနေအထားဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အဲဒီဒေသတွေမှာ သူရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြိုကွဲနေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်က အခြေနေနဲ့ နှိုင်းယဉ်ရင် ရွေးကောက်ပွဲ ကျင်းပနိုင်စရာ အကြောင်းမရှိတဲ့အပြင် လူဦးရေ သန်းခေါင်စာရင်းတောင် ကောက်ယူနိုင်တဲ့ အခြေအနေမရှိပါဘူး"
မဲစာရင်းမမှန်ကန်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးပမ်းနေပေမဲ့ စစ်ရေးပဋိပက္ခမငြိမ်သက်မှုတွေကြောင့် အခုထိဖြစ်မလာသေးတာပါ။
ဒါပေမဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းပြည်တည်ငြိမ်သွားရင် တစ်နိုင်ငံလုံး ရွေးကောက်ပွဲ မကျင်းပနိုင်ရင်တောင် အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ကျင်းပသွားမယ်လို့ မတ်လ ၂၆ ရက်နေ့က ရုရှားအစိုးရပိုင် TASS သတင်းဌာနကို ဖြေဆိုထားပါတယ်။
မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးကို လိုလားကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ စစ်ကောင်စီ စီစဉ်နေတဲ့ ရွေးကောက်ပွဲအပေါ် လက်မခံသလို အသိအမှတ်လည်းမပြုကြောင်း အသီးသီးပြောဆိုထားကြပါတယ်။