၂၀၂၃ ဟာ သေဆုံးထိခိုက် အများဆုံးနှစ် ဖြစ်လာနိုင်
2023.04.10

၂၀၂၃ ဖေဖော်ဝါရီ လဆန်းကစလို့ စစ်ကောင်စီတပ်က နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်တွေကို အရှိန်မြှင့်လိုက်ချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဘက်က လည်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ နှစ်လအတွင်း နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သား ၉၀ ဦး သေဆုံးပြီး၊ ၂၂၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
"သူတို့အနေနဲ့လုပ်စရာက ဘာလဲဆိုတော့ ကြောက်စိတ်နဲ့ အုပ်ချုပ်ဖို့အတွက်ကို အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ ပိုမိုပြီးလုပ်လာကြတယ်”
၂၀၂၂ ဒီဇင်ဘာနဲ့ ၂၀၂၃ ဇန်နဝါရီနှစ်လမှာ သေဆုံးသူ ၆၂ ဦးနဲ့ ဒဏ်ရာရသူ ၂၀၇ ဦးသာ ရှိခဲ့တာပါ။
ဖေဖော်ဝါရီနဲ့ မတ် နှစ်လအတွင်း သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ ကိုယ့်ရွာကိုယ့်ဒေသမှာပဲ ခရီးသွား၊ ကျောင်းတက်၊ တောင်ယာလုပ် ဒါမှမဟုတ် အိမ်ထဲမှာပဲ နေထိုင်ရင်း သေဆုံး၊ ထိခိုက်ခဲ့ကြတာပါ။
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အလယ်တောရွာက ကိုသိန်းဇော်တို့မိသားစုဟာ မီးလောင် သွားတဲ့ သူတို့ရဲ့အိမ်နေရာမှာ တဲထိုးနေထိုင်ရင်း စစ်ကျန်လက်နက်ကြီးတစ်လုံး ပေါက်ကွဲ တာကြောင့် မိသားစုဝင်နှစ်ဦး သေဆုံးပြီး၊ နောက်ထပ် နှစ်ဦး ဒဏ်ရာရ ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အလယ်တောနဲ့ အင်ကြင်းကုန်းကြားမှာ တိုက်ပွဲဖြစ်တာဗျ။ တိုက်ပွဲဖြစ်တဲ့အခါကျတော့ မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ ၄၀ မမ ကျည်ကို ဖအေဖြစ်သူက အိမ်ကိုယူသွားတာ။ အဲ့ရွာက အလယ်တောရွာ။ အိမ်ခြေ ၄၀၀ ကျော် ၅၀၀ လောက် မီးလောင်ထားတာ။ အဲ့ည (မတ်လ ၃၀ ရက်) ညကတော့ အသက် ကိုးနှစ်အရွယ် သမီးဖြစ်သူ မနန်းရတီဦးက ယူပြီး ဆော့လိုက်တာ။ အဲ့တော့ မနန်းရတီဦးရယ်၊ မမိငယ်ရယ်က တစ်ခါတည်း ပွဲချင်း ပြီး သေသွားတယ်။ နှင်းရတီနဲ့ ကိုသိန်းဇော် ဆိုတဲ့ သူက ဆေးရုံအရေးပေါ်သွားလိုက် ရတယ်”
လက်ရှိမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိတဲ့အနက် ၁၀ ခုမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ မိုင်းထောင် ဖောက်ခွဲမှုတွေကလည်း တစ်ရှိန်ထိုး မြင့်တက်လာပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်က အရပ်သားပါမရှောင် ပစ်မှတ်ထားတိုက်ခိုက် ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ဝေဖန်ပါတယ်။
“တိုင်းရင်းသားပြည်သူလူထုရဲ့ ခုခံတော်လှန်မှုစစ်ပွဲက အရှိန်အဟုန်မြင့်လာပြီးတော့ တိုက်ပွဲတွေက ပိုမို ပြင်းထန်လာတာ တွေ့နေရပါမယ်။ သူတို့ စစ်တပ်ရဲ့ စိတ်ဓာတ်ကျ လည်း ကျဆင်းနေပြီ၊ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်လည်း မရှိတော့ဘူး။ ဆိုတဲ့အခါမှာ သူတို့အနေနဲ့လုပ်စရာက ဘာလဲဆိုတော့ ကြောက်စိတ်နဲ့ အုပ်ချုပ်ဖို့ အတွက်ကို အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ ပိုမိုပြီး လုပ်လာကြတယ်”
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ရော စာနဲ့ပါ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ လက်နက်ကိုင် ဆန့်ကျင်နေတဲ့ PDF တွေကို နှိမ်နင်းတဲ့အခါ အရပ်သား သေဆုံးထိခိုက်မှုတွေကို ရှောင်လွှဲလို့မရဘူးလို့ ပြောပါတယ်။
“အရပ်သားရှိတဲ့နေရာမှာ သွားပြီးတိုက်ပွဲစရင်တော့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ကျနော်တို့ လေ့လာထားတဲ့ လေ့လာချက်အရ PDF တော်တော်များများက အထူးသဖြင့် စစ်ကိုင်းနဲ့ ချင်းတို့ဘက်မှာဆိုရင် အရပ်သားရှိတဲ့ ဘက်မှာပဲ သူတို့က နယ်မြေခြေကုပ် ယူတာ။ သူတို့က လွတ်မြောက်နယ်မြေ ကြေညာချင်တာ၊ နောက် ဘယ် နယ်မြေကို ငါတို့ထိန်းချုပ်ထားပြီလို့ လုပ်ချင်တာ။ အဲဒါတွေကြောင့် သူတို့က အရပ်သားနေတဲ့ ဒေသကို အဓိက ခြေကုပ်ယူတယ်၊ ဘေးနားက စစ်ကြောင်းတွေ ဖြတ်သွားဖြတ်လာ လုပ်တဲ့အခါ သူတို့က စစ်ကြောင်းကို သွားပစ်တယ်၊ ပစ်တော့ စစ်မြေပြင်သဘောတရား အရ ကိုယ့်ကိုလာပစ်ရင်တော့ ပြန်ပစ်ရမှာပဲ။ အရပ်သားနေရာကနေ နေရာယူတာ ပစ်တာလုပ်တဲ့အခါ မလွှဲမရှောင်သာ ပြန်ပစ်တဲ့အခါ အရပ်သား ထိခိုက်သေဆုံးမှုက များလာမှာပဲ။ ဒါက ရှောင်လွှဲလို့မရဘူး”
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်အနေနဲ့ နယ်မြေရှင်းလင်းမှုကိုအရှိန်မြှင့်တင်လိုက်ပြီး နယ်မြေထိန်းချုပ်နိုင်ရေး ကို အဓိကထား ဆောင်ရွက်လာတယ်လို့ ဦးသိန်းထွန်းဦး က ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌက မြို့နယ်ပေါင်း ၃၃၀ အနက် ၁၉၈ မြို့နယ်ပဲ တည်ငြိမ်မှုရှိတယ်လို့ အာဏာသိမ်းမှု နှစ်နှစ် ပြည့်ချိန်မှာ ဝန်ခံပြောဆိုခဲ့ပါတယ်။ မြို့နယ် ၆၇ မြို့နယ်မှာ လုံခြုံရေးအလေးထား ဆောင်ရွက်ဖို့ လိုအပ်နေပြီး နောက်ထပ် ၆၅ မြို့နယ်ကိုတော့ လုံခြုံရေး ထိထိရောက်ရောက်ဆောင်ရွက်ရမယ်လို့ ပြောထားပါတယ်။
အဲ့ဒီလိုပြောဆိုပြီးနောက် စစ်ကိုင်းတိုင်းက ၁၄ မြို့နယ်၊ ချင်းပြည်နယ်က ခုနစ်မြို့နယ်၊ မကွေးတိုင်းက ငါးမြို့နယ်၊ ပဲခူးတိုင်းက ငါးမြို့နယ်၊ ကယားပြည်နယ်က လေးမြို့နယ်၊ တနင်္သာရီတိုင်းက နှစ်မြို့နယ်၊ ကရင်ပြည်နယ်က နှစ် မြို့နယ်နဲ့ မွန်ပြည်နယ်က တစ်မြို့နယ် စုစုပေါင်း မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် ၂၀၂၃ ခုနှစ်ဟာ အရပ်သား သေဆုံးထိခိုက်မှု အများဆုံး နှစ်တစ်နှစ် ဖြစ်လာနိုင်တယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ ကိုကျော်စောဟန် က ခန့်မှန်းပါတယ်။
“ဒီလုံခြုံရေးသုံးသပ်ချက် ထွက်လာပြီးတဲ့နောက်ပိုင်းမှာ Martial law (စစ်အုပ်ချုပ်ရေး) ထုတ်ပြန်ကြေညာမှုတွေ လုပ်လာပြီးတော့ စစ်ဆင်ရေးတွေ တိုးမြှင့်လာတဲ့ပုံစံကို ကြည့် မယ်ဆိုရင် ဒီနှစ် ၂၀၂၃ ခုနှစ်က အရပ်သားထိခိုက်မှု အများဆုံး နှစ်တစ်နှစ်တောင် ဖြစ်သွားနိုင်တယ်။ အဲ့တော့ တစ်ဖက်မှာလည်း အရပ်သားကာကွယ်မှုက အတော်လေး အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်လာတယ်။ အရပ်သားကာကွယ် ပေးရေးကိစ္စတွေ ပြည်တွင်း ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းတွေ ဘယ်ကမှ ထိထိရောက်ရောက် ဆောင်ရွက်နေခြင်း မရှိတာ တွေ့ရတော့ ၂၀၂၃ ခုနှစ် က ပဋိပက္ခတွေကြားမှာ အရပ်သားထိခိုက်သေဆုံးမှု တော်တော်လေးများမယ့်အနေအထားကို တွေ့ရတယ်။ အရပ်သားတွေဟာ တော်တော် အန္တရာယ်များတဲ့အခြေအနေမှာရောက်နေတာကို တွေ့ရတယ်”
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံးရဲ့ မတ်လ ၃ ရက် အစီရင်ခံစာအရ စစ်ကောင်စီ တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ နှစ်နှစ် အတွင်း နိုင်ငံတစ်ဝန်းမှာ လေကြောင်း တိုက်ခိုက်မှု ၄၂၆ ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု ၁၁၃၂ ကြိမ် လုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၂၅ ကြိမ်ပဲ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ၃၀၁ ကြိမ်ထိ နှစ်ဆကျော်မြင့်တက်လာတယ်လို့ ကုလအစီရင်ခံစာက ဆိုပါတယ်။
လက်ရှိ တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု တွေဟာ အခု ၂၀၂၃ မှာ ပြီးခဲ့တဲ့ ၂၀၂၂ ထက် ပိုများလာနိုင်တယ်လို့ လုံခြုံရေးနဲ့ စစ်ရေး အကဲခတ်တွေက ခန့်မှန်းထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရုံးရဲ့ မတ်လ ၃ ရက် အစီရင်ခံစာမှာတော့ စစ်တပ် အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ လူ သုံးထောင်နီးပါး သေဆုံးခဲ့ပြီး မြန်မာပြည်သူတွေဟာ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို အကာအကွယ်မဲ့စွာနဲ့ နေ့စဉ် နီးပါး ရင်ဆိုင်ခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။