၂၀၂၂ ခုနှစ်အတွင်း မြန်မာမှာ စင်္ကာပူ အများဆုံး ရင်းနှီးမြှုပ်နှံနေ

2022.10.12
၂၀၂၂ ခုနှစ်အတွင်း မြန်မာမှာ စင်္ကာပူ အများဆုံး ရင်းနှီးမြှုပ်နှံနေ မြန်မာနိုင်ငံတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံနေသည့် စင်ကာပူနိုင်ငံအခြေစိုက် (SPC) စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် ပထမ ခုနစ်လအတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံကနေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ရရှိခဲ့ပြီး အဲဒီအထဲမှာ စင်္ကာပူ နိုင်ငံက ပထမနဲ့ တရုတ်နိုင်ငံက ဒုတိယ အများဆုံး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီ များညွှန်ကြားမှု ဦးစီးဌာန (DICA) ကို ကိုးကားပြီး သုတေသနအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ISP-Myanmar က အောက်တိုဘာ ၁ ရက်နေ့က တွစ်တာ လူမှုကွန်ရက်ကတစ်ဆင့် ဖော်ပြပါ တယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်လကုန်အထိ ပထမ ခုနစ်လအတွင်း စင်္ကာပူ တစ်နိုင်ငံ တည်းကနေ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံကျော်နဲ့ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၅၇ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့တာပါ။

ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်မဖော်လို့ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အဆင့်မြင့်ကိုယ်စားလှယ်တွေကို ထိပ်သီးအစည်းအဝေးတွေ မတက်ရောက်နိုင်အောင် အာဆီယံအဖွဲ့က တားမြစ်ထားချိန်မှာ အာဆီယံအဖွဲ့ဝင် စင်္ကာပူနိုင်ငံက အခုလို အများဆုံး ရင်းနှီးမြှုပ်နှံနေတဲ့အပေါ်  အများစုက မေးခွန်းထုတ်နေပါတယ်။

"ဘယ်သူလာပြီးတော့ ရင်းနှီးမြှုပ်နှံ၊ မြှုပ်နှံ သူတို့ ထွက်ပေါက်က ဘာမှရှိလာမှာ မဟုတ်တော့ဘူး"

အာဆီယံအနေနဲ့ နိုင်ငံရေးနဲ့ သံတမန်ရေးအရတောင် စစ်ကောင်စီကို ထိထိရောက်ရောက် အရေးမယူနိုင်တဲ့ အတွက် စီးပွားရေးအရ ရင်းနှီမြှုပ်နှံမှုကို ဖိအားပေး တားဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ စင်္ကာပူ အမျိုးသား တက္ကသိုလ်မှာ ပြည်သူ့ရေးရာ မဟာဘွဲ့လွန်သင်တန်း တက်နေတဲ့ ကိုကြည်စင် က သုံးသပ်ပါတယ်။

“စစ်ကောင်စီကို သူတို့ (အာဆီယံ) က နိုင်ငံရေးအရနဲ့ သံတမန်ရေးအရတောင်မှ အခုလို အပြည့်အ၀ ဒဏ်ခတ် အရေးယူမှု မလုပ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံထဲမှာ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ သူတို့က ပိုလို့တောင်မှ နှေးကွေးမယ်၊ နောက်ပြီးတော့ ဖိအားပေးဖို့ စိတ်ဝင်စားမှု မရှိဘူးလို့ပဲ ကျနော်က ယူဆတာပေါ့နော်”

စင်္ကာပူနဲ့ တရုတ် နှစ်နိုင်ငံအနက် စင်္ကာပူက ပုဂ္ဂလိကနဲ့ အစိုးရ ကဏ္ဍမျိုးစုံမှာ ရင်းနှီး မြှုပ်နှံနေပြီး တရုတ်နိုင်ငံက တော့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အကြီးစား စီမံကိန်းကြီးတွေမှာ စစ်ကောင်စီနဲ့ ဖက်စပ်လုပ်ကိုင်နေတယ်လို့ ကိုကြည်စင် က ပြောပါတယ်။

အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံပေါင်း ၅၂ နိုင်ငံ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာ သိမ်းပြီးတဲ့နောက်မှာ ၃၉ နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်တန့်လိုက်ပါတယ်။

စစ်ကောင်စီလက်ထက်မှာ အခုချိန်ထိ စင်္ကာပူ၊ တရုတ်၊ ထိုင်း၊ တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ နယ်သာလန်နဲ့ ဗြိတိန် ပါအဝင် ၁၃ နိုင်ငံက ဆက်လက် ရင်းနှီးမြှုပ်နှံနေ တယ်လို့ ISP-Myanmar က ဖော်ပြပါတယ်။ အဲဒီအထဲမှာ အာဆီယံအဖွဲ့ဝင် စင်္ကာပူက အများဆုံးဖြစ်ပြီး ဥရောပ အင်အားကြီး နိုင်ငံဖြစ်တဲ့ ဗြိတိန်က အနည်းဆုံး ဖြစ်ပါတယ်။

စင်္ကာပူဟာ အစကတည်းက နိုင်ငံရေးထက် စီးပွားရေးအကျိုးအမြတ်ကိုသာ အဓိကထားတဲ့ နိုင်ငံမို့ စစ်ကောင်စီ လက်ထက်မှာလည်း အများဆုံး ဆက်လက်ရင်းနှီးမြှုပ်နှံနေတာ မထူးဆန်းဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တစ်ဦးက ပြောပါ တယ်။

“စင်ကာပူကတော့ အရင်ကတည်းကလည်း မြန်မာပြည်မှာ တော်တော်လေး ရင်းနှီးမြှုပ်နှံမှု များတယ်။ အရှင်း ဆုံးပြောရင် စင်္ကာပူက နိုင်ငံရေး ဒါလောက်မရှိဘူး၊ သူတို့နိုင်ငံရဲ့ ပုံစံကိုကလေ။ ရှင်းရှင်းပြောရင်တော့ ဝယ် ရောင်း ပွဲစားနိုင်ငံလိုပါပဲ။ အဲဒီတော့ သူတို့အတွက် သူတို့နိုင်ငံအတွက် အကျိုးရှိတယ်ဆိုရင်တော့ လုပ်တယ်"

ISP-Myanmar အဖွဲ့ တာဝန်ရှိတချို့ကတော့ စစ်ကောင်စီလက်ထက်မှာ စင်္ကာပူနိုင်ငံက အများဆုံး ရင်းနှီးမြှုပ်နှံနေတာဟာ တခြားနိုင်ငံ ကုမ္ပဏီတွေက စစ်အစိုးရအဆက်ဆက် စီးပွားရေးပိတ်ဆို့မှုတွေကို ကျော်ဖြတ်ချင်တဲ့ အတွက် စင်ကာပူနိုင်ငံမှာ ကုမ္ပဏီမှတ်ပုံတင်ပြီး တဲ့နောက် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနေတာကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

Thilawa.jpg
နိုင်ငံတကာမှ လုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်အဝင်ဝကို တွေ့ရစဉ်။ (Photo: RFA)

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းဟာ ကုမ္ပဏီအတွက် အကျိုးရှိသလို မြန်မာပြည်သူတွေ အတွက်လည်း အကျိုးရှိတာ မျိုးပဲ ဖြစ်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် က ထောက်ပြဝေဖန်ပါတယ်။

“နိုင်ငံခြားကနေ ရင်းနှီးမြှုပ်နှံမှုတွေကို ကျနော်တို့တွေ ကန့်ကွက်တာ မဟုတ်ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကျနော်တို့ အစိုးရက ကြိုဆိုတယ်၊ ဒါပေမဲ့ အဲဒီရင်းနှီး မြှုပ်နှံမှုတွေက မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူပြည်သား တွေအတွက် အကျိုးရှိဖို့ပဲ ဖြစ်စေရမယ်ပေါ့နော်။ နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့။ ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီ အတွက်ရော မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ရော အကျိုးရှိတဲ့ဟာမျိုးပဲ ဖြစ်ရမယ်”

တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော ကတော့ စစ်ကောင်စီ ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းနဲ့ အသက်ရှူချောင်နေရင်တောင် နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေဆဲမို့ လွတ်မြောက်ဖို့ မလွယ်ကူဘူးလို့ ပြောပါတယ်။

“စီးပွားရေးလေးတစ်ခုတည်းနဲ့တော့ သူ (စစ်ကောင်စီ) အသက်ရှူချောင်မှာ မဟုတ် ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအရ ထွက်ပေါက်အများကြီး ပိတ်နေတာ။ အဲတော့ ဘယ်သူလာပြီးတော့ ရင်းနှီးမြှုပ်နှံ မြှုပ်နှံ သူတို့ ထွက်ပေါက်က ဘာမှရှိလာမှာ မဟုတ် တော့ဘူး"

၂၀၂၂ ခုနှစ် ပထမ ခုနစ်လအတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ရရှိခဲ့ တယ်ဆိုပေမယ့် ၂၀၁၉ ကနေ အခုချိန်ထိ လေးနှစ်တာ ကာလတူကို နှိုင်းယှဉ်မယ်ဆိုရင် ၂၀၂၂ ခုနှစ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အနည်းဆုံးဖြစ်တယ်လို့ ISP-Myanmar က ဆိုပါတယ်။

၂၀၁၉ ခုနှစ် ပထမ ခုနစ်လမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ၊ ၂၀၂၀ ပြည့်နှစ်မှာ ၃.၈ ဘီလီယံ၊ ၂၀၂၁ ခုနှစ်မှာ ၃.၄ ဘီလီယံနဲ့ အခု ၂၀၂၂ ခုနှစ် ပထမ ခုနစ်လမှာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံသာ ရရှိခဲ့ကြောင်း စစ်ကောင်စီရဲ့ ရင်းနှီး မြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ကို ကိုးကားပြီး ISP- Myanmar ရဲ့ အောက်တိုဘာ ၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။