၂၀၂၂ ဒီဇင်ဘာလမှာ ထောင်ဒဏ်ချခံရမှု အများဆုံးနဲ့ အဆုံးသတ်ခဲ့
2023.01.03

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေဟာ ၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလကို နှစ်ရှည်ထောင်ဒဏ် ချမှတ်မှုတွေနဲ့ ရင်ဆိုင်ဖြတ်သန်း ခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ တစ်လတည်းမှာပဲ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ အပါအဝင် အလွှာစုံက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ၂၅၇ ဦး ထောင်မိန့်တွေ ချမှတ်ခံခဲ့ရတာပါ။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ထောင်မိန့်ချခံရသူ ၁၀၉ ဦးနဲ့ နိုဝင်ဘာလမှာ ၅၀ ဦးသာ ရှိခဲ့တာကြောင့် နှစ်တစ်နှစ်ရဲ့အဆုံးသတ် ဒီဇင်ဘာမှာ အမိန့်ချခံရမှုဟာ အောက်တိုဘာလထက် နှစ်ဆကျော်နဲ့ နိုဝင်ဘာထက် ငါးဆကျော် ပိုများလာတာ တွေ့ရပါတယ်။
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလမှာ စစ်လက်စအမှုတွေကို ပြီးပြတ်အောင် စစ်ဆေးရတာဟာ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်သလို မနက်ဖြန် ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်မယ့် စိန်ရတုလွတ်လပ်ရေးနေ့ လွတ်ငြိမ်းသက်သာခွင့်ထဲ ပါလာအောင် လုပ်ဆောင်တာလို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက အပြုသဘော ရှုမြင်ပါတယ်။
“တော်တော်များများပေါ့ ၇၀ ရာခိုင်နှုန်းလောက်ကတော့ တကယ်ကို သူစစ်ဆေးလာခဲ့တဲ့ တရားလိုဘက် တရားခံဘက် စစ်လာတာက နောက်ဆုံး အပြီးသတ် အမိန့်ချရမယ့်ကာလကို ရောက်လာလို့ ချတာတွေက များတယ်။ နောက်တစ်ချက် ကတော့ လာမယ့် ၂၀၂၃ ဇန်နဝါရီ ၄ ရက်က လွတ်လပ်ရေး စိန်ရတုဖြစ်တဲ့ အခါကျတော့ အဲဒီမှာ အထိမ်းအမှတ်အနေနဲ့ လွတ်ငြိမ်းသက်သာခွင့်ပေးဖို့ အစီအစဉ်ရှိတယ်လို့ ကျနော်တို့က မှန်းဆထားတဲ့အတွက် အဲဒီတော့ တချို့အမှုလေးတွေလည်း မြန်မြန် ဆန်ဆန်စစ်ပြီးတော့ တရားရုံးတွေက အမိန့်ချပေးတယ်။ အကယ်၍ ဒီဇင်ဘာ အတွင်းထဲမှာ အမိန့်ချလိုက်လို့ လွတ်ငြိမ်းချမ်းသာပေးရင် မီရင်လည်း အကျိုးခံစားခွင့် ရှိအောင်ဆိုပြီး ချပေးတာလည်း ကျနော်တို့ တွေ့ရပါတယ်”
စစ်ကောင်စီ တရားရုံးဟာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို စွပ်စွဲထားတဲ့ နောက်ဆုံးလက်ကျန်အမှု ငါးမှုကို ဒီဇင်ဘာ ၃၀ ရက်နေ့က အပြီးသတ်အမိန့်ချခဲ့ပါတယ်။
ဒီဇင်ဘာလထဲမှာပဲ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်၊ NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်၊ နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦး စတဲ့ ထင်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် ကတော့ ထားဝယ် အကျဉ်းထောင်ထဲမှာ တိုက်ပိတ်ခံထားရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီရေး လှုပ်ရှားမှု သပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“သူက ကျန်းမာရေးတော့ ကောင်းတယ်။ ဒါပေမဲ့ သူ့ကိုတော့ တိုက်ပိတ်ထားတယ်။ တိုက်ပိတ်ထားတယ်ဆိုတဲ့ဟာမှာ ထားဝယ်ထောင်မှာကျတော့ အင်းစိန်ထောင်တို့ ဘာတို့လိုမှာမျိုး တိုက်ပိတ်လို့ရတဲ့အခန်းတွေ သီးသန့်မရှိဘူး။ အမှောင်ခန်းတွေပေါ့ တိုက်ပိတ်လို့ရမယ့် အခန်းတွေ သီးသန့်မရှိဘူးလို့ သိရတယ်။ တိုက်ပိတ်လို့ပြောပေမယ့် သီးသန့် အခန်းတစ်ခန်းထဲမှာ ထားထားတာဖြစ်မယ်လို့ ကျနော်ထင်တယ်။ စဖမ်းကတည်းက ခဏခဏ အထားခံရတာ တစ်ယောက်တည်း။ ကျနော်ထင်တာတော့ တခြားသူတွေနဲ့ ဆက်သွယ်လို့ မရအောင်လို့ပဲ ကျနော်ထင်တယ်”
ကဗျာဆရာ၊ သတင်းသမား၊ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးသမားနဲ့ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား လူငယ်တွေလည်း ၂၀၂၂ ခုနှစ် မကုန်ဆုံးခင် ဒီဇင်ဘာထဲမှာပဲ ထောင်မိန့်တွေ အသီးသီး ချမှတ်ခံခဲ့ရပါတယ်။
ကျောင်းသားလူငယ်တွေထဲမှာ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး မနန်းတွယ်တာဦး၊ ဘဏ္ဍာရေးတာဝန်ခံ ကိုကောင်းထက်ဦး၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်က ကိုကောင်းဆက်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ကျောင်းသူ မဝင်းထက်မာ တို့ ပါဝင်ပါတယ်။
"ပြည်သူရဲ့ထောက်ခံမှု ရှိနေတယ်။ ကျနော်တို့ ကျောင်းသားတွေဘက်မှာ ပြည်သူက ရှိနေခဲ့တယ်။"
အခုလို နှစ်ရှည်လများ ထောင်ဒဏ်တွေ ချမှတ်နေတာဟာ စစ်ကောင်စီက အာဏာ တည်မြဲရေးအတွက် ကျောင်းသားထုကို ဖြိုခွဲဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ ရန်ကုန်ခရိုင် ဗသကများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုမြတ်မင်းခန့် က ဝေဖန်ပါတယ်။
“ကျောင်းသားထုမှာ သူတို့နဲ့ ဘာကွာလည်းဆိုရင် ကျောင်းသားထုသည် နှစ်ရှည်လများ ပြည်သူဘက်က ရပ်တည်ခဲ့တယ်။ ပြည်သူရဲ့ထောက်ခံမှု ရှိနေတယ်။ ကျနော်တို့ ကျောင်းသားတွေဘက်မှာ ပြည်သူက ရှိနေခဲ့တယ်။ သူတို့မှာမရှိတဲ့ တစ်ခုတည်းသော အရာကလည်း အဲဒါပဲ။ ပြည်သူထောက်ခံမှုဆိုတဲ့ဟာက သူတို့မှာ တစ်သက်လုံး မရှိခဲ့တဲ့ ဟာမျိုးပဲ။ ဆိုတော့ နှစ်ရှည်လများထောင်ချတယ်ဆိုတဲ့ ကိစ္စတွေသည် သူတို့ရဲ့ အာဏာစက်တည်မြဲရေး ကျောင်းသားထုကိုဖြိုခွဲဖို့ ကြိုးစားတဲ့ လုပ်ရပ်တစ်ခုပဲ”
ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၄ လမ်းက တိုက်ခန်းတစ်ခန်းကို စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းခဲ့ချိန်မှာ ဖမ်းမိခဲ့တဲ့ လူငယ်ခြောက်ဦးနဲ့ သူတို့နဲ့ ဆက်စပ်သူတစ်ဦး စုစုပေါင်း ခုနစ်ဦးကိုတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်တွင်း တရားရုံးကနေ ထောင် ၁၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ တောင်သူလယ်သမားရေးရာဌာန တာဝန်ခံ မနုနုအောင်၊ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနက မခက်ခက်အောင်နဲ့ သားဖြစ်သူ ကိုမြတ်သူ တို့ကိုတော့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ မွန်ပြည်နယ် ကျိုက်မရော ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပုဒ်မနဲ့ တရားစွဲခံရသူမှန်သမျှ တစ်ဦးတစ်ယောက်မှ လွတ်မြောက်တာမရှိဘဲ ထောင်မိန့်တွေ ချမှတ်ခံရတာဟာ စစ်ကောင်စီရဲ့ တရားစီရင်ရေး စနစ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဥပဒေပညာရှင်တစ်ဦး က ဝေဖန်ပါတယ်။
“ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (-က) အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ လက်နက်ဥပဒေတို့ ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းဥပဒေတို့ မတရားအသင်း ဥပဒေတို့ စသည်အားဖြင့် ဒါတွေနဲ့ စွဲဆိုလိုက်တဲ့ အမှုမျိုးတွေဆိုခဲ့ရင် စွဲချက် အဆင့်မှာလည်း တရားရှင်လွှတ်တာမျိုး မတွေ့ခဲ့ရသလို တရားသေလွှတ်တယ်လို့ခေါ်တဲ့ နောက်ဆုံးအပြီးသတ် လျှောက်လဲချက်ပြီးတဲ့ အခါမှာလည်းပဲ အပြစ်မရှိဘူး အပြစ်ကင်းတယ်ဆိုပြီး လွတ်မြောက်သွားတာ မတွေ့ရဘူး။ ဒါကတော့ ထူးခြားချက် တစ်ခုဖြစ်ပြီးတော့ တရားစီရင်ရေး မဏ္ဍိုင်ဟာ တကယ်ရော မှန်ကန်မျှတရဲ့လား ဆိုပြီးတော့ သံသယဝင်စရာ အချက်တစ်ခုတော့ ရှိနေပါတယ်”
မကြာသေးခင်က အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးကတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာက အဖြေမဟုတ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ပြောပါတယ်။
“ကျနော်တို့နိုင်ငံက နိမ့်တစ်လှည့် မြင့်တစ်လှည့် အခြေအနေတွေနဲ့ တော်တော်လေးကို အကြပ်အတည်းထဲကို ရောက်နေတာလေ။ ဒီအကြပ်အတည်းထဲကနေ အားလုံးကို လွတ်မြောက်ဖို့ လိုချင်တာပေါ့နော်။ အဲဒီမှာတော့ အခြေခံ အကျဆုံးအချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ တစ်ယောက်မှ ထောင်ထဲမှာရှိတာမျိုး မဖြစ်သင့်ဘူးလို့ ကျနော်မြင်ပါတယ်။ အဲဒီလို ထောင်ဒဏ်အမိန့်တွေ အများကြီးချရုံနဲ့လည်း ပြဿနာတွေက ပြီးသွားမှာ မဟုတ်ဘူးဗျာ။ အခုဆိုလို့ရှိရင် ၇၅ နှစ်မြောက် စိန်ရတု လွပ်လပ်ရေးနေ့ကလည်း နီးကပ်လာပြီလေ။ နိုင်ငံရဲ့အနာဂတ်ကို လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို လွှတ်ပေးခြင်းအားဖြင့် နိုင်ငံရဲ့အနာဂတ် လှပဖို့အတွက် ပြန်လည်စဉ်းစား စေချင်ပါတယ်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက် မနေ့ကထိ စာရင်းအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၁၃,၃၀၀ ဦး အဖမ်းခံထားရဆဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာ သေဒဏ်ချခံရသူ အယောက် ၁၀၀ အပါအဝင် စုစုပေါင်း ၁၉၄၀ ဦး ထောင်မိန့်တွေ ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။