ဟားခါးဒေသ ဖွံ့ဖြိုးတိုးတက်ရေး သမ္မတ ကတိပေး

သမ္မတ ဦးသိန်းစိန် နဲ့ အစိုးရအရာရှိတွေဟာ ဒီကနေ့ နံနက်ပိုင်း ၁၀ နာရီကနေ ၁ နာရီအထိ ဟားခါးမြို့ ပြည်နယ်အစိုးရရုံးမှာ ချင်းပြည်နယ်အစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြိုဖ များ နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာဖြစ်ကြောင်း ချင်းပြည်နယ်ရဲ့လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက RFA ကို ပြောပါတယ်။
“ဂန့်ဂေါလမ်း ၄ မိုင်ခွဲလောက်ထိသွားပါတယ်၊ နွားနောက်ခြံတွေ သွားကြည့်တယ်၊ သွားကြည့်တော့ လမ်းတွေက ခင်းထားတဲ့ကတ္တရာတွေက သက်တမ်းကုန်နေတယ်၊ အဲဒါတွေ သေချာပြန်ခင်းပေးပါဆိုပြီးပြောပါတယ်၊ ဂန့်ဂေါနဲ့ဟားခါးကြားကို အကုန်လုံးမလုပ်နိုင်ဦးတော့ လုပ်နိုင်သမျှတော့ ကောင်းအောင်လုပ်ပေးပါဆိုပြီးလမ်းညွန်ပါ တယ်၊ ဟားခါးမြို့တော် ရေရရှိရေးကိုလည်း အသေးစိတ်ထွက်ချက်မှုနဲ့တကွ တင်ပြပေးပါဆိုပြီး ပြောပါတယ်၊ နောက် ပြီးတော့ လျှပ်စစ်မီး မဟာဓာတ်အားလိုင်းရရှိရေးကိုလည်း အမြန်ဆုံး ကြီးကြပ်ဆောင်ရွက်ပါမယ်လို့ ပြောပါတယ်၊ လမ်းရယ်၊ မီးရယ်၊ ရေရယ် ဒီဟာကိုတော့ အဓိက ပြောပါတယ်၊ နောက်မွေးမြူရေးပိုင်းအနေနဲ့တော့ မွေးမြူရေးတိုးချဲ့ နိုင်ဖို့ပေါ့လေ လမ်းညွန်မှာကြားပါတယ်’’
ဒါ့အပြင် ယခင်က ရှိခဲ့ဖူးတဲ့ ဖလမ်းမြို့ စိုက်ပျိူးရေးအထက်ကျောင်းကို စိုက်ပျိူးရေးသိပ္ပံကျောင်းအဖြစ် ပြန်လည်ဖွင့် လှစ်ဖို့ကိုလည်း နိုင်ငံတော်သမ္မတက ပြောဆိုကြောင်း ဝန်ကြီးဦးဗန်ထောင်းက RFA ကို ပြောပါတယ်။
အခုလို နိုင်ငံတော်သမ္မတကိုယ်တိုင် ချင်းပြည်နယ်ကိုရောက်ရှိလာတဲ့အပေါ် ချင်းပြည်သူလူထုအနေနဲ့ အလွန်ဝမ်းမြောက် ဝမ်းသာဖြစ်ရကြောင်း၊ ချင်းပြည်နယ်ရဲ့အခက်အခဲတွေကိုလည်း နိုင်ငံတော်သမ္မတအနေနဲ့ ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးရွှေထီးအိုးက RFA ကို ပြောပါတယ်။