ရခိုင်အရေးမှာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိကြောင်း ဦးဇော်ဌေး ပြော
2018.10.29

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စွပ်စွဲပြောကြားနေသလို မဟုတ်ဘဲ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဒီနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ ညနေပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက လုံခြုံရေးကောင်စီမှာ FFM အဖွဲ့က တင်ပြတာကို မြန်မာဖက်က ကန့်ကွက်ခဲ့တဲ့အကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာက စွပ်စွဲနေသလို တာဝန်ယူမှုတာဝန်ခံမှု ကင်းမဲ့နေတာ မဟုတ်ဘဲ အပြည့်အဝ တာဝန်ယူကြောင်း၊ နောက်ပြီး ဘင်္ဂလားဒေ့ရှ်မှာ မြန်မာကိုယ်စားလှယ် အဖွဲ့ရောက်ရှိနေပြီး မနက်ဖြန်မှာ ဒုက္ခသည်စခန်းတွေကို သွားဖို့ရှိသလို ပြန်လည်ခေါ်ယူရေးကိစ္စ ဆွေးနွေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည် ၈ ထောင်ကို မကြာခင် နေရပ်ပြန်ပို့မယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့က ပြောဆိုထားတာရှိပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံပူးတွဲလုပ်ငန်းကော်မတီဟာ ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို အောက်တိုဘာ ၃၁ ရက်နေ့မှာ သွားရောက်လေ့လာကြမယ်လို့လည်း သိရပါတယ်။