ဆည်ကျိုးပေါက်မှုကြောင့် အိမ် ၇၅ လုံး ရေလွှမ်း
2017.11.28

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ လက်ယက်စမ်းလေးကျေးရွာအနီးက ဇာမဏီဆည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ကျိုးပေါက်ခဲ့တာကြောင့် အိမ်ခြေ ၇၅ လုံးလောက်မှာ ရေတွေဝင်ရောက် ခဲ့ပြီး ကျေးရွာသားတွေ ရေလွတ်ရာနေရာကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
မနက် ၆ နာရီလောက်ကစပြီး ဇာမဏီဆည်က မြေသားတွေပျော့ပြီး ဆည်စပွင့်ခဲ့ကြောင့် အနိမ့်ပိုင်းက နေအိမ်တွေ မှာ ကြမ်းပြင်လောက်အထိကို ရေတွေဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သန်လျင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း က ပြောပါတယ်။
"ဒီနေ့ မနက် ၆ နာရီဝန်းကျင်လောက်ကစပြီး ဖြစ်တာပေါ့နော်၊ ဆည်က မြေပျော့ပြီးတော့ ၃/၄ ပေလောက် စပြီးတော့ ကျွံပြီးတော့ နောက်ရေအားနဲ့ဆိုတော့ တဖြည်းဖြည်းနဲ့ တိုက်စားပြီးတော့ ထပ်ပွင့်တာပေါ့၊ ဘုရားကုန်းကျေးရွာအုပ်စုထဲက လက်ယက်စမ်းလေးကျေးရွာ အားလုံးပေါင်း ရွာ အစပ်ရော၊ အဲဒီနား ပတ်ဝန်းကျင်ကရောဆိုလို့ရှိရင် အားလုံးနိမ့်တဲ့နေရာတွေမှာ ၇၅ အိမ်လောက်တော့ ကြမ်းပြင်ကျော်တဲ့အထိ ရေတက်တယ်ပေါ့။"
လက်ရှိအချိန်မှာတော့ ဆည်ရေပေါက်ကျမှုကို ထိန်းထားနိုင်ပြီး ဆည်မြောင်းဦးစီးဌာနက ဆည်ဘောင်ကို ကြံ့ခိုင်မှုရှိအောင် စက်ယန္တရားတွေနဲ့ ဆောင်ရွက်နေပါတယ်။
ဆည်နံရံကို ပြုပြင်ပြီးရင် ကျေးရွာထဲမှာဝင်နေတဲ့ ရေတွေကို အနိမ့်ပိုင်းမှာရှိတဲ့ မြောင်းတွေထဲကို ဖောက်ချသွား မှာဖြစ်ပြီး ဒီနေ့မှာပဲ နေအိမ်တွေမှာ ပြန်နေနိုင်အောင် စီစဉ်ပေးဖို့ ဆည်မြောင်းဦးစီးဌာနက စီစဉ်နေတယ်လို့ သိရပါတယ်။
နေအိမ်တွေကို ရေတွေဝင်ရောက်နေတာကြောင့် လက်ယက်စမ်းလေး ကျေးရွာသူ/ကျေးရွာသားတွေဟာ နီးစပ်ရာ ဆွေမျိုးအိမ်တွေ၊ ကျေးရွာဓမ္မာရုံ စတဲ့နေရာတွေမှာ ယာယီသွားရောက်နေထိုင်နေကြရပါတယ်။
ပြောင်းရွှေ့နေထိုင်ကြရသူတွေရဲ့ စားသောက်ရေးအတွက် ဆရာတော်တွေ၊ ပရဟိတအဖွဲ့တွေ၊ အလှူရှင်တွေနဲ့ ဌာနဆိုင်ရာတွေက ကူညီပေးနေတယ်လို့ သိရပါတယ်။