ရိုဟင်ဂျာအကျိုး အာဆာ လုပ်ဆောင်နိုင်ခြင်းမရှိဟု ပါမောက္ခ အဘူဇာ ဝေဖန်
2018.08.29
လက်ရှိဖြစ်ပျက်နေတဲ့ ရိုဟင်ဂျာ ပဋိပက္ခနဲ့ ပတ်သက်ပြီး ARSA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်သူကမှ လေ့လာသုံးသပ်ခြင်း မရှိဘူးလို့ ဝါရှင်တန်ဒီစီ အမျိုးသားစစ်ကောလိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ Zachary Abuza ဇာကရီ အဘူဇာက မနေ့က ဝေဖန်လိုက်ပါတယ်။
ဘီနာသတင်းဌာနက ဖေါ်ပြတဲ့ အဲဒီဆောင်းပါးမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့ ပဋိပက္ခတွေကို စတင်ဖန်တီး ခဲ့ပြီးနောက်ပိုင်းကစပြီး အာဆာအဖွဲ့ဟာ သူတို့အဖွဲ့က ရိုဟင်ဂျာတွေကို ကာကွယ်ဖို့အတွက် ကြိုးစားနေကြောင်း၊ ရိုဟင်ဂျာတွေ မြန်မာအစိုးရထံက ရပိုင်ခွင့်တွေရရှိအောင် အကာကွယ်ပေးဖို့အတွက် နိုင်ငံတကာဥပဒေတွေအရ သူတို့အဖွဲ့မှာ တရားဝင် အခွင့်အရေးရှိကြောင်းနဲ့ သူတို့အဖွဲ့ဟာ အကြမ်းဖက်ဝါဒနဲ့ ပတ်သက်ခြင်းမရှိဘူးလို့ ထပ်တလဲလဲ ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ တကယ်တော့ အဲဒီ အာဆာအဖွဲ့ဟာ သူတို့ကြောင့် ရိုဟင်ဂျာတွေ ဒုက္ခဆင်းရဲဘယ်လောက် ခံစားခဲ့ရပြီဆိုတာကို စဉ်းစားမိပုံမရကြောင်း ပါမောက္ခ အဘူဇာက ရေးသားထား ပါတယ်။
ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ စခန်းတွေကနေ လက်နက်တွေ သိမ်းပိုက်ရရှိဖို့အတွက် သွားတိုက်ခဲ့တဲ့ အာဆာအဖွဲ့ဟာ တကယ်တော့ နှစ်ပေါင်း ၇ဝ လောက် အတွေ့အကြုံရှိနေတဲ့ မြန်မာစစ်တပ်ကို ရန်သွားစ တာဖြစ်ကြောင်း၊ မြန်မာ့ တပ်မတော်ဟာ သောင်းကျန်းသူခြေမှုန်းရေးလုပ်ဆောင်ရာမှာ ဒေသခံပြည်သူတွေရဲ့ ချစ်ခင်မှုကို ရရှိအောင်ထည့်သွင်းတွက်ချက်တာ လူထုကို ဗဟိုပြု စဉ်းစားလုပ်ကိုင်ခဲ့တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ကြောင်း၊ ဒီပဋိပက္ခမှာ နစ်နာခဲ့သူအများစုက သာမန် လယ်သမားတွေဖြစ်ပြီး အမှန်တကယ်မှာတော့ အဲဒီ ရိုဟင်ဂျာမွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးသွားရတဲ့ကာလကစပြီး အာဆာအဖွဲ့ဟာ ဒီလူတွေရဲ့ အကျိုးစီးပွားကာကွယ်ဖို့ ဘာတခုမှ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိကြောင်းနဲ့ မြန်မာတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေ တလနားမယ်လို့ ကြေညာပြီးနောက်ပိုင်း ပြန်လည်တိုက်ခိုက်နိုင်စွမ်းလည်း လုံးဝမရှိကြောင်း ဆောင်းပါးရှင် က ရေးပါတယ်။
ဒါ့အပြင် အာဆာအဖွဲ့ဝင်တွေဟာ ဒုက္ခသည်စခန်းတွေကို ဝင်ရောက်ပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်တာကို ဆန့်ကျင်ခြိမ်းခြောက်နေကြောင်း၊ အာဆာတွေရဲ့ အစွန်းရောက်မှုဟာ ရိုဟင်ဂျာတွေအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်နေကြောင်းနဲ့ မြန်မာ့တပ်မတော်ဟာ အကြမ်းဖက်မှုခြေမှုန်းရေးဆိုတဲ့ စကားနဲ့ အကြောင်းပြခြေ မှုန်းလေ့ရှိကြောင်း စသဖြင့် ပါမောက္ခ ဇာကရီ အဘူဇာ က Benar News မှာ ဝေဖန်ထားပါတယ်။