ရွာငံမြို့နယ် နွားဘန်းကြီးရွာ ဒေသခံနှစ်ဦး ဖမ်းဆီးခံရ
2022.07.25
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးရွာအုပ်စု မြောက်ပိုင်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ အမျိုးသားနှစ်ဦးကို ဇူလိုင်လ ၂၅ ရက် ဒီနေ့မနက်အစောပိုင်း ၄ နာရီလောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတယ်လို့ ရွာငံ မြို့ခံတွေက ပြောပါတယ်။
အဖမ်းခံရသူတွေက အသက် ၄၀ ဝန်းကျင်တွေဖြစ်တဲ့ ဦးသိန်းဇော်ဝင်းနဲ့ ဦးဖိုးငယ်တို့ဖြစ်ပြီး ဘာကြောင့် ဖမ်းသွားလဲတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာငံမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က လာပြီဆို မသင်္ကာရင် ကားပေါ်ဆွဲခေါ်သွားပြီး စခန်းရောက်မှရှင်းဆိုပြီး ခေါ် ခေါ်သွားတာ။ ဘာမှလည်း ပြောလို့မရဘူးဗျ။ ပြီးရင် စစ်ကြောရေးပို့လိုက်တာ”
နွားဘန်းကြီးရွာအုပ်စုထဲမှာ မြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်နဲ့ ပွေးနဖားရပ်ကွက်ဆိုပြီး ရပ်ကွက်သုံးခု ရှိသလို လက်ရှိအချိန်အထိ အဖမ်းခံထားရသူ စုစုပေါင်း ၂၁ ဦး ရှိသွားပြီလို့ ဆိုပါတယ်။
ဇူလိုင်လ ၂၄ ရက် မနေ့ညပိုင်းကလည်း နွားဘန်းကြီးရွာက ဦးမိုးဝေရဲ့နေအိမ်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက် မီးရှို့သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အိမ်ပိုင်ရှင်တွေက ရှောင်နေရတာပေါ့။ ဒီမှာ အဲလိုပဲ သူတို့မသင်္ကာတဲ့ အိမ်တွေဆို ည ညလာရှာမယ်။ လူမတွေ့ရင် မီးရှို့ခဲ့တာပဲ။ ရွာသားတွေကတော့ ကြောက်လို့ ဘာမှ မပြောရဲကြဘူး”
ဧပြီလကနေ ဇူလိုင်လအထိ လေးလအတွင်း မီးရှို့ခံခဲ့ရတဲ့ နေအိမ်ကိုးလုံးရှိပြီလို့လည်း ဒေသခံက ပြောပါတယ်။
ဒေသခံတွေ အဖမ်းခံရတာနဲ့ နေအိမ်တွေ မီးရှို့ခံရတာဟာ စစ်ကောင်စီ သတင်းပေး ဒလန်တွေကြောင့် ဖြစ်တယ်ဆိုပြီး အဲဒီသတင်းပေး ဒလန်တွေ အသတ်ခံရတာလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ပွေးနဖားရပ်ကွက်က စစ်ကောင်စီသတင်းပေး ဦးတင်မိုးဆိုသူ အသတ်ခံခဲ့ရသလို ဒလန်လို့စွပ်စွဲခံရပြီး အသတ်ခံရသူကလည်း ကိုးဦးရှိနေပြီလို့ ဆိုပါတယ်။
ရွာငံမြို့နယ်ထဲမှာ ဒေသခံတွေ အဖမ်းခံရတာနဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအထိ လက်ခံဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။
လက်ရှိ ရွာငံမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုတဲ့ ရွာအချို့ကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။