စစ်ကောင်စီ ရွေးချယ်ပေးလိုက်တဲ့ လက်နက်ကိုင်လမ်းစဉ်

စောဖိုးခွား (ဝါရှင်တန်)
2021.05.26

အသက် ၂၆ နှစ်အရွယ် ကချင်တိုင်ရင်းသား ကိုအယ်လ်ဖီလ်ပါ၊ အာဏာမသိမ်းခင်က ရန်ကုန်မြို့ပေါ်မှာ ကိုယ်ပိုင်ဆံပင်ညှပ်ဆိုင်လေးဖွင့်ပြီး ဆံပင်ညှပ်နေခဲ့သူဖြစ်ပါတယ်။

"ကျတော်တို့ နိုင်ကိုနိုင်မှာ မကြာတော့ဘူး၊ ဆက်အားတင်းထားပါ။ လက်မလျော့လိုက်ပါနဲ့၊ မကြောက်ပါနဲ့၊ အဖမ်းမခံပါနဲ့၊ တချိန်ကြရင် ကျနော်တို့က မျိုးချစ်သူရဲကောင်းတွေဖြစ်လာမယ်၊ ဒီစစ်ကောင်စီကို တစ်ရက်တောင် အုပ်ချုပ်ခွင့်မပေးပါနဲ့၊ ကျနော်တို့မျိုးဆက်မှာ ဒီစစ်အာဏာရှင်နစ်ဟာ နောက် ဆုံးဖြစ်စေရမယ်"

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ရန်ကုန်မြို့ပေါ်မှာ လမ်းမပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ပြည်သူတွေထဲ ကိုအယ်လ်ဖီလ်လည်း တစ်ယောက်ပါပါတယ်။

"ကျနော်တို့ မျိုးဆက်မှာ ဒီစစ်အာဏာရှင်နစ်ဟာ နောက်ဆုံးဖြစ်စေရမယ်"

ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီဘက်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုတွေကို မခံမရပ်နိုင်တာကြောင့် တခြား လူငယ် ရာပေါင်းများစွာနည်းတူ ဆံပင်ညှပ် ကတ်ကြေးကိုင်နေတဲ့ ကိုအယ်လ်ဖီလ်တစ်ယောက် သေနတ်စွဲကိုင် တော်လှန်ရေးစတင်ဖို့ တိုင်းရင်းသားဒေသတစ်ခုကို ထွက်လာခဲ့ပါတယ်။

"လမ်းလျှောက်သပိတ်တွေ ကျနော်တို့လုပ်တယ်၊ နောက်ပိုင်းမှာ ဖမ်းဆီးပစ်ခတ်တာ၊ လိုက်ဖမ်းတာတွေ များလာတော့ ဒီနည်းနဲ့ မဖြစ်တော့ဘူးဆိုပြီး တော်လှန်ဖို့ ဆန့်ကျင်ဖို့ စိတ်က ပြင်းထန်ခဲ့တာပါ"

"ကတ်ကြေးကိုင်တဲ့ အလုပ်က ယဉ်ကျေးသိပ်မွေ့ စိတ်ရှည် လက်ရှည်နဲ့ စိတ်ကျေနပ်မှုရှိအောင် ဖန်တီး ရတဲ့ အနုပညာအလုပ်၊ ဒါပေမဲ့ ဒီသေနတ်ကိုင်ရတာကတော့ စိတ်ရော ကိုယ်ရော ကြမ်းတမ်းတဲ့ အလုပ်ပါ။ မကိုင်မဖြစ်မို့ ကျနောတို့ကိုင်ရတာဖြစ်ပါတယ်။"

စစ်ဘက်ပိုင်းဆိုင်ရာ လုံခြုံရေးအရ သူရောက်နေတဲ့ တိုင်းရင်းသားဒေသဟာ ဘယ်နေရာလဲဆိုတာ မဖော်ပြဖို့ ကိုအယ်လ်ဖီလ်က မေတ္တာ ရပ်ခံထားပါတယ်။

အခု အဲဒီဒေသကိုရောက်နေတာ နှစ်လနီးပါးရှိပြီဖြစ်သလို တိုက်ရေးခိုက်ရေး စစ်ပညာတွေလည်း တက်သင့် သလောက် တက်နေပြီလို့ သူကဆိုပါတယ်။

alfie.jpg
ကချင်တိုင်ရင်းသား ကိုအယ်လ်ဖီလ်

"ကျနော်တို့ ဒီနေရာမှာ လူမျိုးပေါင်းစုံ၊ စရိုက်ပေါင်းစုံနဲ့ စုံရတယ်၊ ဒါပေမဲ့ ကျနော်တို့ အားလုံး ရည်ရွယ် ချက် အိပ်မက်တူတယ်၊ ဒီမှာက မနက်အစောကြီး ၄ နာရီမှာ ထရတယ်၊ ပြေးရတယ်၊ နေ့လယ်ပိုင်းဆို စစ်ရေးလေ့ကျင့်တယ်၊ ညပိုင်းမှာတော့ စာသင်ပေးတယ်"

မြို့ပေါ်မှာနေတုန်းက လူငယ်သဘာဝပျော်ပျော်ရွှင်ရွှင် ဆံပင်ညှပ်ရင်း အားလပ်ချိန်မှာ TikTok လေးဆော့ရင်းက အခုတော့ လူငယ်အိပ်မက်တွေ အားလုံးပျောက်ကွယ်သွားရပြီလို့ဆိုပါတယ်။ ဒီလို လက်နက်ကိုင်ဖို့ ဘယ်တုန်းကမှ အိပ်မက်တောင် မမက်ခဲ့ဖူးဘူးလို ကိုအယ်လ်ဖီလ်က ပြောပါတယ်။

"လူငယ်တစ်ယောက်အိပ်မက်က လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံမှာနေချင်တယ်၊ ကိုယ်ဝါသနာပါတာလေး လုပ်ပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ်ချင်တာပေါ့ ၊ ဒါပေမဲ့ အခုတော့ လူငယ်တစ်ယောက်ရဲ့ ရှိသမျှ ရည်ရွယ်ချက်တွေ ၁၀၀ ရာခိုင်နှုန်းလုံး ပျောက်ကွယ်သွားတယ်၊ ဆက်လုပ်ဖို့ အခွင့်အရေး မရှိတော့ဘူး။

"တိုက်ပေါ်မှာနေတာနဲ့ တဲစုတ်လေးမှာနေရသလိုကွာပါတယ်၊ အနေအထိုင်အစားအသောက် ခက်ခဲတယ်၊ မြို့ပေါ်မှာနေသလို ဘာအခွင့်အရေးမှ မရတော့ဘူး"

ဒီသင်တန်းကပြီးရင် စစ်ကောင်စီကို လက်နက်ကိုင်ပြန်ခုခံတိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းသွားမယ်လို့ဆိုပါတယ်။

စစ်အာဏာရှင်ကို ပြန်လည်ခုခံတိုက်ခိုက်ဖို့ တိုင်းရင်းသားဒေသတွေကို သွားရောက်စစ်ပညာသင်ကြတာ ကိုအယ်လ်ဖီလ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ RFA က တိုင်းရင်းသား လက်နက်ကိုင်တချို့ကို ဒီကိစ္စမေးမြန်းဖို့ ကြိုးစားပေမယ့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ ဖြေဆိုခြင်းမရှိပါဘူး။

စစ်ပညာသွားသင်တဲ့သူတွေထဲမှာ အနုပညာရှင်တွေလည်း ပါပါတယ်။ မော်ဒယ်သရုပ်ဆောင် ထားထက်ထက် က "လိုချင်ရင် တိုက်ယူ ဆိုတဲ့စကားအတိုင်း ပြန်တိုက်ယူရမယ့်အချိန် ရောက်လာခဲ့ပြီဖြစ်တယ် "ဆိုပြီး သေနတ်ထမ်းထားတဲ့ ဓာတ်ပုံတစ်ပုံကို သူ့ရဲ့ Facebook မှာ တင်ခဲ့ပါတယ်။

htarhtarhtet.jpg

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း အခုဆိုရင် လူငယ်တွေကို ဖမ်းဆီးပြီး တိုင်းရင်းသားဒေသ လက်နက်ကိုင်အဖွဲ့တွေနဲ့ သွားပူးပေါင်းဖို့ ပြင်ဆင်နေတဲ့သူတွေလို့ နာမည်တပ် အရေးယူနေပါတယ်။ ဖမ်းမိတဲ့ အဲဒီလူငယ်တွေရဲ့ ရုပ်ပုံတွေကို တပ်မတော်ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်စာမျက်နှာက ထုတ်ပြန်ကြေညာပါတယ်။ အဲဒီလို ဖမ်းခံရတဲ့သူ ဘယ်လောက်ရှိပြီလဲဆိုတာတော့ RFA က စာရင်းကောက်ထားတာမရှိပါဘူး။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းပုံတွေကို မေလ ၂၃ ရက်နေ့က ကြေညာပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ် သွားမယ်လို့ ဆိုပါတယ်။

ဒီလက်နက်ကိုင်လမ်းစဉ်ကို လူငယ်တွေရွေးချယ်အောင် အာဏာသိမ်းစစ်ကောင်စီက တွန်းပို့ခဲ့တာလို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကပြောပါတယ်။

"ပုံမှန်အားဖြင့် ဒီမိုကရေစီလှုပ်ရှားမှုတွေဟာ အကြမ်းမဖက်ဘဲနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပြီးတော့ အာဏာကို ဖီဆန်မယ်၊ အာဏာကို အာခံမယ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်ခဲ့ကြတဲ့ လူငယ်တွေက နောက်ဆုံး သူတို့ကို အကြမ်းဖက်လာတော့ ငါတို့ဟာ ဒီအကြမ်းဖက်မှုကို လက်နက်ကိုင်ပြီးတော်လှန်ရမယ်ဆိုတဲ့ သဘောမျိုးနားလည်လာတယ်"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း လက်ရှိမှာ PDF အဖွဲ့တွေ အားကောင်းလာနေပြီမို့ ခြောက်လအတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

"တော်လှန်ရေးနည်းနဲ့ စစ်ကောင်စီကိုဖြုတ်ချပြီး စစ်အာဏာရှင်ကို အပြီးသတ်မြေမြုပ်သင်္ဂြိုဟ်ပစ်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ လူငယ်တွေ ဒီနေ့ သင်တန်းသွားတက်နေတာဖြစ်ပါတယ်။ ထူးခြားတာက လက်နက် အင်အားမယှဉ်နိုင်သေးတဲ့ အနေအထားပါ၊ လက်နက်အင်အား ဒီထက်ကောင်းသွားရင်တော့ ပြည်သူ ပြောက်ကြားစစ်ဟာ တပြည်လုံးလွမ်းခြုံနိုင်မယ့် အနေအထား စစ်ကောင်စီခြောက်ခြားလောက်မယ့် အနေအထားအထိ နောက်ခြောက်လလောက်အတွင်း ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်တယ်"

တိုင်းရင်းသားဒေသတွေမှာ စစ်သင်တန်းသင်ကြားနေတဲ့ လူငယ်တွေကတော့ အပြစ်မဲ့ အရပ်သား ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေး တစ်နည်းနဲ့ပဲ ပြန်လည်ခုခံနိုင်မယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။